ကျဆုံးလေပြီးသော သူရဲကောင်း စစ်သည်များအတွက်  အဋ္ဌမအကြိမ်မြောက်  အောက်မေ့ဖွယ် ဂါရဝပြုဆုတောင်းပွဲနှင့် အလေးပြုခြင်း အခမ်းအနား ကျင်းပပြုလုပ်

ကျဆုံးလေပြီးသော သူရဲကောင်း စစ်သည်များအတွက်  အဋ္ဌမအကြိမ်မြောက်  အောက်မေ့ဖွယ် ဂါရဝပြုဆုတောင်းပွဲနှင့် အလေးပြုခြင်း အခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော်  ဒီဇင်ဘာ  ၅

နိုင်ငံတော်လုံခြုံရေး၊    တရားဥပဒေ စိုးမိုးရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးတို့အတွက် တိုင်းပြည်တာဝန် ထမ်းဆောင်ရင်း အသက်ပေး ကျဆုံးသွားခဲ့ သည့် ခေတ်အဆက်ဆက်မှ ကျဆုံးစစ်သည်များအား   အောက်မေ့ဖွယ် ဂါရဝပြုဆုတောင်းပွဲနှင့် အလေးပြုခြင်း အခမ်းအနားအား အဋ္ဌမအကြိမ်မြောက်အဖြစ် ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ  သူရဲကောင်းဗိမာန် (နေပြည်တော်)၌ ကျင်းပပြုလုပ်သည်။

အဆိုပါ   ဂါရဝပြုဆုတောင်းပွဲတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးသန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်  တိုင်းမှူး  ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း  ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း(အငြိမ်းစား)နှင့်    စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ပါတီခေါင်းဆောင်များ၊ ရောင်နီဦးနှင့် မိတ်ဆွေများ ပရဟိတအဖွဲ့၊ ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအဖွဲ့နှင့် တပ်မတော်အား     ချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။

ဦးစွာ အောက်မေ့ဖွယ်ဂါရဝပြု ဆုတောင်းပွဲနှင့် အလေးပြုခြင်း အခမ်းအနားအား တက်ရောက်လာကြသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံတော်သီချင်းအား သီဆိုခြင်း၊ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ခေတ်အဆက်ဆက်က တိုင်းပြည် အတွက်  အသက်ပေးလှူသွားကြသည့် သူရဲကောင်းစစ်သည်များအား အလေးပြုခြင်း၊ သစ္စာအဓိဋ္ဌာန်လေးချက် ရွတ်ဆိုခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ထို့နောက် တိုင်းပြည် အတွက်  အသက်ပေးလှူသွားခဲ့ကြသည့် သူရဲကောင်းစစ်သည်များအား ရည်စူး၍ ဝမ်းနည်းခြင်းအထိမ်းအမှတ် ၂ မိနစ်ငြိမ်သက်ခြင်း၊ သူရဲကောင်းစစ်သည်များ မြင့်မြတ်သောကောင်းမွန်ရာ ဘုံဘဝရောက်ရှိစေရန် မိုးပျံပူဖောင်းများ လွှတ်တင်ခြင်း၊ ထာဝရငြိမ်းချမ်းရေးရရှိစေရန် ရည်မှန်း၍ အထိမ်းအမှတ် ချိုးဖြူငှက်များလွှတ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။ 

၎င်းနောက် တက်ရောက်လာကြသူများက ကျဆုံးစစ်သည်များအတွက်   လွမ်းသူ့ပန်းခွေနှင့် ပန်းခြင်းများဖြင့် ဂါရဝပြုခြင်းကို အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။

ထို့ပြင်   ယနေ့နံနက်ပိုင်းတွင်လည်း ကျဆုံးစစ်သည်များအား ရည်စူး၍ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာအုပ်စု၊ ပေါက်တောကျေးရွာ၊ သဒ္ဒါရုံကျောင်းတိုက်၌ သံဃာတော်များအား  အရုဏ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ လှူဒါန်း၍   ရေစက်သွန်းချ အမျှပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ 

အဆိုပါ အခမ်းအနားကို ရောင်နီဦးနှင့် မိတ်ဆွေများ ပရဟိတအဖွဲ့က ဦးဆောင်၍ ၂ဝ၁၄ ခုနှစ်မှစတင်ကာ ဒီဇင်ဘာလ၏ ပထမပတ် တနင်္ဂနွေနေ့တိုင်းတွင် နှစ်စဉ် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခင်နှစ်များက ရန်ကုန်မြို့ရှိ သူရဲကောင်းစစ်သည်ဗိမာန် တွင် ကျင်းပပြုလုပ်ခဲ့ရာမှ ယခုနှစ်တွင် သူရဲကောင်းဗိမာန် (နေပြည်တော်)တွင် ပထမဆုံးအကြိမ်အဖြစ်   စတင်ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အခမ်းအနားသို့ တက်ရောက်လာကြသူများ၏ စကားသံများကိုလည်း ယခုလိုပဲကြားသိရပါတယ်-

''သူရဲကောင်းစစ်သည်ဗိမာန်မှာ ဂုဏ်ပြုပွဲ ကျင်းပခဲ့တာဆိုရင် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့က ပထမဆုံးအကြိမ် စတင်ပြီးတော့ သတ္တမအကြိမ်မြောက်( ၇ ကြိမ်မြောက်) ထိကို ရန်ကုန်မြို့မှာရှိတဲ့ သူရဲကောင်း စစ်သည်ဗိမာန်မှာ  အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ နေပြည်တော်မှာရှိတဲ့ သူရဲကောင်းဗိမာန်ကြီး ဖွင့်ပြီးတဲ့အချိန်ကတည်းကစပြီး ဒီမှာကျင်းပဖို့ ဆန္ဒအလွန်ရှိခဲ့ပါတယ်။ ကျွန်တော်တို့ ဒီနေ့ အဋ္ဌမအကြိမ်မြောက်မှာတော့ ဒီသူရဲကောင်းဗိမာန်မှာ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီပွဲကျင်းပပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ တပ်မတော်ဆိုတာ နိုင်ငံတော်၏  အချုပ်အခြာအာဏာကို ကာကွယ်ဖို့အတွက် နိုင်ငံတိုင်းမှာရှိတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့  တပ်မတော်က  အခြားတပ်မတော်တွေနဲ့မတူ တစ်မူထူးခြားတာက တော့ ကျွန်တော်တို့ရဲ့ တပ်မတော်က လွတ်လပ်ရေး မရမီအချိန်ကာလက စပြီး လွတ်လပ်ရေးရတဲ့အထိ တိုက်ပွဲတွေဝင်ပြီးတော့ ခေတ်အဆက်ဆက်က စစ်သည်တွေကျဆုံးခဲ့ရတယ်။ အလားတူ လွတ်လပ်ရေး ရပြီးတဲ့အချိန်မှာလည်း ပြည်တွင်းသောင်းကျန်းသူတွေကို နှိမ်နင်းရင်းနဲ့ ယခုမှာဆိုလည်း ပြည်တွင်းတည်ငြိမ်မှု ရရှိရေးကို ဆောင်ရွက်နေရင်းနဲ့ ခေတ်အဆက်ဆက်က အသက်စွန့် လွတ်ခဲ့တဲ့ ရဲဘော်တွေ၊ စစ်သည်တွေရှိပါတယ်။ ဒါကို တချို့ချို့သော အချိန်ကာလ တွေမှာ တချို့ချို့သော အဖွဲ့အစည်းတွေ၊ တချို့ချို့သော ပါတီတွေဟာ ကျွန်တော်တို့ တပ်မတော်ရဲ့ ပုံရိပ်ကို   ထိခိုက်အောင် လုပ်နေတာတွေရှိပါတယ်။   ဒါကြောင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ခေတ်အဆက်ဆက်က တိုင်းပြည်အတွက် အသက်ပေးခဲ့ရတဲ့ စစ်သည်တွေကို မေ့လို့မရဘူး၊ ကျွန်တော်တို့အမြဲတမ်း ဂုဏ်ပြုနေရမယ်။ ကျွန်တော်တို့အသက်ရှိနေသရွေ့ ဒီပွဲကြီးကို ဆက်လက်ကျင်းပသွားမယ်။ ကျွန်တော်တို့မရှိတော့ရင်လည်း ကျွန်တော်တို့ နောင်လာနောက်သားတွေ ခေတ်အဆက်ဆက်က အမွန်မြတ်ဆုံးသော စွန့်လွှတ်ခြင်းရဲ့ ဂုဏ်ဒြပ်နဲ့ တိုင်းပြည်အတွက် အသက် ပေးလှူသွားတဲ့ သူတွေကို ကျွန်တော်တို့ ဆက်လက်ဂုဏ်ပြုနေမှာဖြစ်ကြောင်း တင်ပြလိုပါတယ်''ဟု အခမ်းအနားကျင်းပရေး ကော်မတီအဖွဲ့ ခေါင်းဆောင် ဦးမောင်မောင်အောင် ကပြောသည်။

   ''၁၉၉ဝ ပြည့်နှစ်မှာ သားလေးကိုမွေးခဲ့တာပါ၊  (၆)နှစ် တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ ၂ဝ၁၂ ခုနှစ်က တိုင်းပြည်အတွက် သွား(၆)ချောင်းကို  ပေးဆပ်ခဲ့ရပါတယ်။

အဲဒီနှစ်မှာပဲ  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ဂုဏ်ထူးဆောင် လက်မှတ်ကို တစ်ကြိမ်ရရှိခဲ့ပါတယ်။ နောက်ပြီး ၂ဝ၁၅ ခုနှစ်၊ လွတ်လပ်ရေးနေ့မှာလည်း သူရဲကောင်းမှတ်တမ်းဝင် ဘွဲ့တံဆိပ်ကို  ထပ်မံရရှိခဲ့ပါတယ်။ ၂၄-၃-၂ဝ၁၅ ရက်နေ့မှာ တိုင်းပြည်တာဝန်ကိုထမ်းဆောင်ရင်း ကချင်ပြည်နယ်က   ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ သားလေး ကျဆုံးသွားခဲ့ပါတယ်။ သားလေးအတွက်  အရမ်းဂုဏ်ယူပါတယ်။  မိဘဖြစ်စေချင်တဲ့ လမ်းပေါ်မှာ   သူလျှောက်ခဲ့တာပါ။           

သူကိုယ်တိုင်ကလည်း တိုင်းပြည်အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ချင်ခဲ့တဲ့သူပါ။ အဲဒီလို ဆောင်ရွက်နိုင်အောင်လည်း   အန်တီက ပြုစုပျိုးထောင်ပေးခဲ့ပါတယ်။ သူ့အတွက် အရမ်းလည်း ဂုဏ်ယူပါတယ်။ ဒီအခမ်းအနားလေးကို ဖြစ်မြောက်အောင် လုပ်ပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ အန်တီ့မှာ သားနဲ့ပတ်သက်ပြီး တက်စရာဆိုလို့  ဒီအခမ်းအနားလေးပဲ ရှိတော့တာပါ။ သားလေးနဲ့အတူ အသက် ပေးဆပ်ခဲ့ရတဲ့ သူရဲကောင်းတွေ အားလုံးလည်း ကောင်းရာမွန်ရာကိုရောက်ပါစေလို့ အန်တီဆုတောင်းပေးပါတယ်။ သူတို့လည်း မြင်နေ၊  သိနေမှာပါ။  ကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ မိခင်တွေကိုယ်စား ပြောရမယ်ဆိုရင် အန်တီတို့လို မိခင်တွေ အတွက်ကတော့ ကိုယ့်ရဲ့နှလုံးသားကို ဖဲ့ပေးလိုက်ရသလိုပါပဲ။  ဒါပေမဲ့ အချိန်လေးနဲ့ ကုစားရင်း၊ အခုလိုပဲ ဂုဏ်ယူရင်းနဲ့ပဲ အသက်ကိုဆက်လက်ရှင်သန်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ အန်တီဆိုရင်လည်း ဒီနေ့အထိဖြေလို့ မရသေးပါဘူး။ ဒါပေမဲ့လည်း  သားအတွက်  ဂုဏ်ယူပါတယ်။ ဒီအခမ်းအနားကို (၈)နှစ်လုံးလုံး အန်တီနှစ်တိုင်းတက်ခဲ့ပါတယ်။ ဝန်ထမ်းဖြစ်တော့ အခုဒီအခမ်းအနားကိုလည်း မနည်းမီအောင် လာခဲ့ရတာပါ။  အခုလို ဒီအခမ်းအနားကို ကျင်းပပေးတဲ့ တပ်မတော်ကြီးနဲ့ တပ်မတော်သားတွေ အားလုံးကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်။ သားနဲ့အတူ အသက်ပေးဆပ်သွားတဲ့ သူရဲကောင်းတွေကို ကောင်းရာမွန်ရာ မြင့်မြတ်တဲ့ဘဝကို သူတို့လည်းမြင်နေမှာပါ သိနေမှာပါ အကုန်လုံး ကောင်းရာမွန်ရာရောက်ရှိပါစေလို့ အန်တီလည်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်'' ဟု ဒေါ်မြမြဝင်းက ပြောသည်။

 ''အန်တီတို့က   ဒီပွဲကို စပြီးလုပ်တဲ့ အချိန်ကတည်းက ရန်ကုန်မှာကတည်းက နှစ်စဉ်နှစ်တိုင်း တက်ခဲ့တာ ၆ နှစ်ရှိပါပြီ။

ဒီနှစ်က ရန်ကုန်မှာမလုပ်ဘူး။ နေပြည်တော်မှာ လုပ်မယ်ဆိုတော့    နေပြည်တော်ကို ရောက်အောင်သွားမယ်ဆိုပြီး   အန်တီတို့ တွေလာခဲ့ကြတယ်။ အညတရ သူရဲကောင်း စစ်သည်တွေက ခေတ်ဆက်ဆက်က အမေ့ခံတွေပါ။ နိုင်ငံတော်အတွက် တိုင်းပြည်အတွက် သူတို့ရဲ့ အသက်ကိုစတေးပြီး တိုက်ပွဲဝင် ကာကွယ်ခဲ့ကြတာ။ စစချင်း ဂုဏ်ပြုတဲ့နှစ်က စပြီး ဒီနှစ်ထိ မပျက်မကွက် တက်ရောက်ခဲ့ပါတယ်။ နောက်နှစ်တိုင်း နှစ်တိုင်းလည်း တက်ရောက်ပါမယ်။ အညတရသူရဲကောင်း စစ်သည်များအားလုံး ကျဆုံးခဲ့တဲ့စစ်သည်များ အားလုံး အန်တီတို့ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကိုယ့်မိသားစု၊ ကိုယ့်မောင်လေး၊ ကိုယ့်အစ်ကို၊  ကိုယ့်တူသားလေးတွေကို ချစ်တဲ့အတိုင်း မေတ္တာရှိတဲ့အတိုင်း အန်တီတို့ ရင်ထဲမှာ အမြဲတမ်းရှိပါတယ်။ ရင်ထဲမှာ အမြဲတမ်း လေးစားခဲ့တယ်။     သူတို့ရဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေကိုလည်း ဒီနေရာကနေ အားပေးပါတယ်။ သူတို့ရဲ့နောက်မှာ သူတို့ရဲ့ရှေ့မှာ  အန်တီတို့  တပ်မတော်ချစ်တဲ့သူ အားလုံးရှိပါတယ်''ဟု ဒေါ်ခင်ထိုက်စံ က ပြောသည်။