ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ကိုဗစ်ကာကွယ်ဆေး ထိုးနှံရေး

ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ကိုဗစ်ကာကွယ်ဆေး ထိုးနှံရေး

    ကိုယ်ဝန်ဆောင်နေစဉ် ကာလအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပါက ရောဂါကို ပြင်းထန်စွာ ခံစားရနိုင်ခြေ သို့မဟုတ် လမစေ့ခင် ကလေးမီးဖွားနိုင်ခြေကိုကြုံတွေ့ရနိုင်ကြောင်း World Health Organization Myanmar က ထုတ်ပြန်ထားသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင် ကာလအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ပြီး ကာကွယ်ဆေး ထိုးနှံခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပေသည်။ နို့တိုက်မိခင်များတွင်လည်း ကိုဗစ်ကာကွယ်ဆေး ထိုးနှံသင့်ပြီး ကာကွယ်ဆေးထိုးနှံခွင့်ရရှိပါက တုံ့ဆိုင်းမနေသင့်ဘဲ ချက်ချင်းသွားရောက် ထိုးနှံသင့်ပါသည်။ ကာကွယ်ဆေး ထိုးနှံပြီးနောက် ရရှိလာမည့် ရောဂါကာကွယ်နိုင်သော ပဋိပစ္စည်းများ(antibodies)သည် ကလေးနို့တိုက် နေရသည့်မိခင်ကို ကာကွယ်ပေးနိုင်သကဲ့သို့ မိခင်နို့ရည်မှတစ်ဆင့် ကလေးထံသို့လည်း ရောက်သွားနိုင်ပြီး ကလေးကိုလည်း အလိုအလျောက် ကိုဗစ်ကာကွယ်ပေးရာ ရောက်ပါသည်။

ကာကွယ်ဆေး ထိုးပြီးသောအခါ ဆေးထိုးထားသည့် နေရာကို မချေပါနှင့်၊ မပွတ်ပါနှင့်။ အကယ်၍ အလွန်နာကျင်နေပါက ရေခဲကပ်ပေးနိုင်ပါသည်။ ဆေးထိုးပြီး နောက်ပိုင်းရက်များတွင် အညိုအမည်းစွဲနေပါကလည်း ရေခဲကပ်နိုင်ပါသည်။ ဆေးထိုးထားတဲ့လက်အား ပြင်းပြင်းထန်ထန် လှုပ်ရှားခြင်းကိုရှောင်၍ ပုံမှန်နေ့များအတိုင်း လုပ်ကိုင်ဆောင်ရွက်နိုင်ပါသည်။ ဆေးထိုးပြီးနောက် ရေချိုးနိုင်ပါသည်၊ ကိုဗစ်ကာကွယ်ဆေးက ရေချိုး၍ မဖျားနာနိုင်ပါ။ ရေများများသောက်ပါ။ အာဟာရ ပြည့်ဝအောင်စားပြီး    အနားယူပါ။  ဆေးထိုးပြီးနောက် နို့တိုက်မိခင်များက ပါရာစီတမော အကိုက်အခဲပျောက်ဆေး သောက်နိုင်ပါသည်။ သို့သော် ကိုယ်ဝန်ဆောင်များက အကိုက်အခဲပျောက်ဆေး သောက်သင့်/မသင့် သက်ဆိုင်ရာ ဆရာဝန်ဖြင့် ဆွေးနွေးပါ။

ဆေးအကြိမ်ပြည့်ထိုးနှံသင့်သော အကြောင်းရင်း

  ကိုဗစ်ရောဂါကာကွယ်ဆေး  ပထမအကြိမ် ထိုးနှံပြီးချိန်တွင် ကိုယ်ဝန်ဆောင် နှင့်ကလေးနို့တိုက် မိခင်များ၌ ခုခံအားစနစ် တုံ့ပြန်မှုပေါ်ထွက်ပုံမှာ မိခင်လောင်းဘဝ မရောက်သေးသူ အမျိုးသမီးများထက် ပိုနှေးကွေးကြောင်း အမေရိကန်ပြည်ထောင်စုမန်ဆာချူးဆက်ပြည်နယ် ဆေးရုံကြီးမှ သုတေသီများက အောက်တိုဘာ ၂၈ ရက်က အတည်ပြုပြောကြားခဲ့ပါသည်။ အဆိုပါ သုတေသနပြုမှု၌ ကိုဗစ်ရောဂါ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံထားပြီးသည့် ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များနှင့် မိခင်လောင်း မဟုတ်သူများကို အုပ်စုသုံးစုခွဲ၍ နှိုင်းယှဉ် လေ့လာခဲ့ကြပါသည်။ လေ့လာချက် ရလဒ်များအရ ကိုဗစ်ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးချိန်တွင် နို့တိုက်မိခင်များနှင့် ကိုယ်ဝန်ဆောင် မိခင်လောင်းများ၏  ဗိုင်းရပ်ဆန့်ကျင်ရေး ပဋိပစ္စည်းများ ပေါ်ထွက်လာမှုသည်   ပုံမှန်အမျိုးသမီးများထက် ပိုနည်းပါးနေကြောင်း သိရသည်။ သို့ရာတွင် ကာကွယ်ဆေး  ဒုတိယအကြိမ်ထိုးနှံပြီးချိန်တွင် မိခင်များနှင့် မိခင်လောင်းများ၏ ဗိုင်းရပ်ဆန့်ကျင်ရေး ပဋိပစ္စည်းပေါ်ထွက်မှုသည် သာမန်အမျိုးသမီးများနှင့်တန်းတူ ပုံမှန်အခြေအနေသို့ ရောက်သွားတတ်ကြောင်း သုတေသီများက အတည်ပြုနိုင်ခဲ့ပါသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိသူများ၊ လက်ရှိကိုယ်ဝန်ဆောင် နေသူများနှင့် နို့တိုက်မိခင်များသည် ကိုဗစ်-၁၉  ကာကွယ်ဆေးကို  အကြိမ်ပြည့် မဖြစ်မနေ ထိုးနှံထားသင့်ပါသည်။

ဆေးထိုးပြီးလည်း မပေါ့ဆသင့်

ဖြစ်နိုင်ခြေနည်းသော်လည်း ဆေးထိုးပြီးသူတချို့တွင် ကိုဗစ်ရောဂါ ကူးစက်ခံရနိုင်ခြေရှိပါသည်။ ကာကွယ်ဆေးများ၏ သဘောသဘာဝအရ မည်သည့်ကာကွယ်ဆေးမျှ ၁ဝဝ ရာခိုင်နှုန်းပြည့် မကာကွယ်နိုင်ပေ။ ဥပမာ Covishield ထိုးဆေး၏ ကာကွယ်နိုင်စွမ်းက ၇ဝ မှ ၉ဝ ရာခိုင်နှုန်းသာ ရှိသည့်အတွက် လူ ၁ဝဝ တွင် ၇ဝ မှ ၉ဝ ခန့်ကိုသာ ကာကွယ်နိုင်မည်ဖြစ်ပါသည်။ Sinopharm ၏ ကာကွယ်နိုင်စွမ်းကလည်း ၇၉ ရာခိုင်နှုန်းသာ ဖြစ်ပါသည်။ သတိထားရမည့်အချက်မှာ ကာကွယ်နိုင်စွမ်းသည် မိမိထိုးနှံထားသော ကာကွယ်ဆေး၏ အာနိသင်နှင့် သက်ဆိုင်သလို မိမိ၏ ကိုယ်ခံအားစနစ်နှင့်လည်း သက်ဆိုင်နေပါသည်။

ထို့ပြင် ကမ္ဘာတစ်ဝန်း ကိုဗစ်မျိုးကွဲသစ်များ ထပ်ခါထပ်ခါ ပေါ်ထွက်နေသည့် အတွက်ကြောင့်လည်း ဆေးကို အကြိမ်ရေ ပြည့်ထိုးနှံပြီးသော်လည်း ရောဂါကူးစက်ခံရနိုင်ခြေရှိပါသည်။ ထို့ကြောင့် ကာကွယ်ဆေးထိုးပြီးနောက် ပေါ့ပေါ့ဆဆ မနေသင့်ဘဲ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီ စဉ်ဆက်မပြတ်ပြုမူ နေထိုင်ရပါမည်။ ကာကွယ်ဆေးများက ရောဂါကိုရာနှုန်းပြည့် မကာကွယ်နိုင်သော်ငြား ဆေးထိုးခြင်း၏ အားသာချက်အဖြစ် အကယ်၍ ကူးစက်ခံရပါက ရောဂါလက္ခဏာ ပြင်းထန်မှုကို ထိထိရောက်ရောက် လျှော့ချပေးနိုင်ပါသည်။

ကိုဗစ်နှင့် ခုခံအားစနစ်

ပျိုပျိုအိုအိုမည်သူမဆို ကိုဗစ်ရောဂါဖြစ်ပွားခဲ့သူတွေမှာ သဘာဝခုခံအား(Natural Immunity) ရပါသည်။ ကာကွယ်ဆေး ထိုးနှံပြီးသောအခါ  ဆေးအာနိသင်ကြောင့် ခုခံအား(Vaccine Immunity) ရပါသည်။ ဆိုလိုသည်မှာ ကာကွယ်ဆေးထိုးပြီးနောက် ရောဂါ ကူးစက်ခံရသည်ဖြစ်စေ သို့မဟုတ် ရောဂါကူးစက်ခံရပြီးနောက် ကာကွယ်ဆေးထိုးနှံသည်ဖြစ်စေ ၎င်းနှစ်ခုပေါင်းဆုံသည့်အခါ နှစ်မျိုးပေါင်း၍ ပေါင်းစပ်ခုခံအား(Super/ Hybrid Immunity)ထွက်ရှိလာပါသည်။ ထိုပေါင်းစပ်ခုခံအားက သဘာဝ ခုခံအားသီးသန့်နှင့် ကာကွယ်ဆေးခုခံအား သီးသန့်တို့ထက်  အဆပေါင်းများစွာ ပိုမိုအစွမ်းထက်မြက်ကြောင်း ပညာရှင်များက အတည်ပြုထားပါသည်။ ထို့ပြင် ယင်းပေါင်းစပ်ခုခံအားသည် ကိုဗစ်မျိုးဗီဇကွဲတွေကိုပါ ကာကွယ်နိုင်သည်ဟုဆိုသည်။  ထို့ကြောင့်  ကိုဗစ် ကူးစက်ခံရပြီးသူများကလည်း သတ်မှတ်ကာလရောက်သည့်အခါ ကာကွယ်ဆေးကို မဖြစ်မနေ ထိုးနှံသင့်ပါသည်။

ကိုဗစ်လား?  ရာသီတုပ်ကွေးလား?

ယခုအခါ ကိုဗစ်တတိယလှိုင်းဖြစ်ပွားမှု ကျဆင်းလာချိန်တွင် ကိုဗစ်ပိုးနည်းသွားခြင်း နှင့်အတူ ဆောင်းဦးရာသီပြောင်းစ Seasonal flu  က ကာလဖြစ်ချိန်နှင့် တိုက်ဆိုင်နေချိန်ဖြစ်ပါသည်။ ထိုအခါ ပတ်ဝန်းကျင် ဆောင်းရာသီဥတု၌  ယခင်ကတည်းက ရှိပြီးသား  Influenza တုပ်ကွေးဗိုင်းရပ်များ ထကြွလာသည်။ ထို့ကြောင့် ယနေ့ကာလမှာ လူတော်တော်များများ ရာသီတုပ်ကွေး ဖြစ်ပေါ်လာကြသည်။ သို့သော် လူအများစုက ဖျားနာသည့်အခါ ကိုဗစ်လား။  ရာသီတုပ်ကွေးလား။ ဝေခွဲမရ အတွေးမှားတတ်ကြသည်။  ထို့ကြောင့် ကွဲကွဲပြားပြားသိစေရန် ၎င်းရောဂါနှစ်မျိုး၏ ထင်သာမြင်သာ  လက္ခဏာတချို့ကို အောက်ပါအတိုင်း အကြံပြုလိုပါသည်။

-ကိုဗစ်ရောဂါသည် လည်ချောင်း နာခြင်း၊ ချမ်းတုန်ခြင်း၊ မျက်စိနီခြင်း၊  အသက်ရှူကျပ်ခြင်း  စသည်တို့ဖြစ်စေပြီး အဖျား  ၁ဝဝ ဒီဂရီပတ်ဝန်းကျင်ရှိသည်။

-ရာသီတုပ်ကွေးသည် ခေါင်းကိုက်ခြင်း၊ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ တစ်ကိုယ်လုံး အဆစ်အမျက် ကိုက်ခဲနာကျင်ခြင်း စသည်တို့ဖြစ်စေပြီး ကိုယ် အပူချိန်မှာ ၁ဝ၁၊ ၁ဝ၂ ဒီဂရီ အထိ အဖျားကြီးသည်။ သွေးစစ်ကြည့်ရာ၌ သွေးထဲမှာ    ဗိုင်းရပ်ဝင်သော က္ခဏာမျိုးတွေ့ရသော်လည်း  အဆုတ်ထိခိုက်နှုန်းမရှိပေ။ ကိုယ်ခံအားကောင်းလျှင် ပျမ်းမျှသုံးရက်နှင့်ငါးရက်ကြား ရောဂါပျောက်ကင်း သွားနိုင်ပါသည်။

မည်သို့ပင်ဆိုစေကာမူ ကိုယ်ဝန်ဆောင် မိခင်လောင်များနှင့် နို့တိုက်မိခင်များသည် ဖျားနာခြင်းဝေဒနာ ခံစားရပါက  မိမိသဘောဖြင့် ဆေးသောက်ခြင်း မပြုသင့်ဘဲ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများနှင့် ပြသကာ ကုသမှုခံယူသင့်ပါသည်။

လတ်တလောကာလတွင် အာဖရိက နိုင်ငံများ၏ အခြေအနေများအရ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများသည် မျိုးဗီဇပြောင်းလဲသည့် အိုမီခရွန် (Omicron) ဝင်ရောက်လာမှုနှင့်အတူ လှိုင်းတစ်လှိုင်းအသစ် ဖြစ်ပွားနိုင်မှု၏ အစအသွင်ဖြစ်နေ၍ သတိကြီးစွာ စောင့်ကြည့်ရမည့် အနေအထားဖြစ်ကြောင်းနှင့် အသစ်တွေ့ရှိသော အိုမီခရွန်ပိုး၏ မျိုးဗီဇ (nucleocapsid) မှာလည်း အယ်လ်ဖာ၊ ဂမ်မာနှင့် လမ်ဘဒါမျိုးကွဲ များကဲ့သို့ ပြောင်းလဲမှု (R203K + G204R mutations) များ ဖြစ်နိုင်၍ ရောဂါဝင်ရောက် ကူးစက်ဖြစ်ပွားနိုင်ခြင်း (infectivity) ကို မြင့်တက် လာနိုင်ဖွယ်ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရပါသည်။ ၎င်းဗိုင်းရပ်သည် ဒယ်လ်တာမျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်ထက် စပိုက်ခ်ပရိုတင်း တည်နေရာ၌ မျိုးဗီဇအပြောင်းအလဲ ငါးဆတိတိပိုများနေပြီး  မိမိတို့အိမ်နီးချင်း နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံတွင် ဒီဇင်ဘာ ၂ ရက်နေ့က အိုမီခရွန်ဗိုင်းရပ် ကူးစက်ခံရသူ နှစ်ဦး ထွက်ပေါ်လာကြောင်း သိရပါသည်။

သို့ပါ၍ မိသားစုဘဝနောင်ရေး စိတ်အေးရအောင် ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိသူများ၊ လက်ရှိ ကိုယ်ဝန်ဆောင် မိခင်လောင်းများနှင့် နို့တိုက်မိခင်များသည် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အကြိမ်ရေပြည့် ထိုးနှံကြပါရန်နှင့် ကိုယ်ဝန်မရှိသော (ပုံမှန်)အမျိုးသမီးများကလည်း ကာကွယ်ဆေး ထိုးနှံမည့်နေ့တွင် ဓမ္မတာရာသီဖြစ်ပေါ်နေသော်လည်း နောက်ဆက်တွဲ ဆိုးကျိုးလုံးဝမရှိစေဘဲ  စိတ်ချလက်ချ ကာကွယ်ဆေး ထိုးနှံ၍ရပါကြောင်း အသိပေးလိုက်ရပါသည်။   ။