ဦးခေါင်းဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည့် ဘာစီလိုနာအသင်း အဓိကကွင်းလယ် ကစားသမား ဂါဗီ ကာလရှည် အနားယူရဖွယ်ရှိ
ဘာစီလိုနာအသင်း အဓိက ကွင်းလယ်ကစားသမား တစ်ဦးဖြစ်သည့် ဂါဗီသည် ဒီဇင်ဘာ ၄ ရက်က ရီးယဲလ်ဘတ်တစ် အသင်းနှင့် ကစားခဲ့သည့်ပွဲစဉ်တွင် ဦးခေါင်းဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည့်အတွက် ကာလရှည် အနားယူရဖွယ်ရှိကြောင်း သိရသည်။
အသက် ၁၇ နှစ်သာ ရှိသေးသည့် ဂါဗီသည် ယခုဘောလုံးရာသီတွင် ဘာစီလိုနာအသင်းနှင့် စာချုပ်ချုပ်ဆိုပြီး အသင်း၌ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ကာ အဓိကကွင်းလယ် ကစားသမားအဖြစ် ပွဲထွက်ခွင့် ရရှိနေသူဖြစ်သည်။
ဂါဗီသည် ဘတ်တစ်အသင်းနှင့် ကစားသည့်ပွဲစဉ်၌ ပွဲချိန် ၃၆ မိနစ်တွင် ပြိုင်ဘက်ကစားသမားနှင့် ထိခိုက်မိပြီး ဦးခေါင်းဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီးနောက် ဆက်လက်ကစားနိုင်ခြင်း မရှိတော့ဘဲ လူနာတင်ကားနှင့်ပင် ကွင်းအတွင်းမှ ထွက်ခွာခဲ့ရခြင်းဖြစ်သည်။
လက်ရှိတွင် ဂါဗီ၏ ဦးခေါင်းဒဏ်ရာနှင့် ပတ်သက်ပြီး အသေးစိတ်စစ်ဆေးမှု မပြုလုပ်ရသေးသော်လည်း အတိုင်းအတာတစ်ခုအထိ အနားယူရမည်ဖြစ်သည့် အတွက် အဓိက ကစားသမားများဖြစ်သည့် အဂူရို၊ ဖာတီ၊ ပက်ဒရီ၊ ရော်ဘတ်တို၊ ဘရိုက်ဝှိုက် စသည့် ကစားသမားများကို ဒဏ်ရာကြောင့် ဆုံးရှုံးထားရသည့် ဘာစီလိုနာအသင်းအတွက် ဂါဗီ၏ဒဏ်ရာရရှိမှုမှာ ထိုးနှက်ချက် ဖြစ်လာဖွယ် ရှိကြောင်း သိရသည်။