ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ YBS ခရီးသည်တင် ယာဉ် ၁ စီးအား အကြမ်းဖက်သူ အမျိုးသား ၄ ဦးက သေနတ်ဖြင့် ပစ်ခတ်၍ မီးရှို့ဖျက်ဆီး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ YBS ခရီးသည်တင် ယာဉ် ၁ စီးအား အကြမ်းဖက်သူ အမျိုးသား ၄ ဦးက သေနတ်ဖြင့် ပစ်ခတ်၍ မီးရှို့ဖျက်ဆီး

နေပြည်တော် ဒီဇင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊   ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌  YBS ခရီးသည်တင်ယာဉ် ၁ စီးအား အကြမ်းဖက်သူ အမျိုးသား ၄ ဦးက သေနတ်ဖြင့် ပစ်ခတ်၍  မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၆ဝ)ရပ်ကွက်၊ ဧရာဝဏ်လမ်း၊ YP စက်သုံးဆီဆိုင်ရှေ့ သဘာဝဓာတ်ငွေ့ဆိုင်၌ ဂက်စ်ဖြည့်ရန် စောင့်ဆိုင်းနေသည့့် YBS ခရီးသည်တင်ယာဉ် ၁ စီးအား  အကြမ်းဖက်သူ အမျိုးသား ၄ ဦး(စိစစ်ဆဲ)က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် လှိုင်သာယာ-ဒဂုံတောင်ပြေးဆွဲသည့့် YBS -99 ယာဉ်လိုင်းမှ   ဦးမောင်မောင်(၄၈)နှစ်  (ဘ) ဦးအောင်သိုက်မောင်းနှင်သော ယာဉ်အမှတ် 9P-1143 ယာဉ်နှင့် အခြား YBS ခရီးသည်တင်ယာဉ်များသည်     ဂက်စ်ဖြည့်ရန် ဧရာဝဏ်လမ်းပေါ်   တန်းစီစောင့်ဆိုင်းနေစဉ် အကြမ်းဖက်သူ အမျိုးသား ၄ ဦး (စိစစ်ဆဲ)က ကားအနီးသို့ ဆိုင်ကယ်ဖြင့်  ရောက်ရှိလာပြီး ယာဉ်မောင်း ဦးမောင်မောင်အား သေနတ်ပြခြိမ်းခြောက်ကာ ယာဉ်တံခါးအား ဖွင့်ခိုင်း၍    ယာဉ်ပေါ်သို့  တက်ရောက်လာပြီး အဆိုပါ အမျိုးသား ၄ ဦးအနက် ၁ ဦးမှ ကားရှေ့ ခရီးသည် အတက် ခြေနင်းခုံအား သေနတ်ဖြင့် (၁) ချက်ပစ်ခတ်၍  ၁  ဦးမှာ ဓာတ်ဆီပါသည့် ရေသန့်ဘူးအား ယာဉ်ပေါ်လိုက်လံ ဖျန်း၍ မီးရှို့ဖျက်ဆီးခဲ့သည်။

ထိုသို့အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုကြောင့် မော်တော်ယာဉ်တွင်   ယာဉ်မောင်းအနီး ဒတ်ဘုတ်အနည်းငယ်၊ ယာဉ်၏အလယ်ရှိ ထိုင်ခုံဘေးဆိုပြား ၁ ပေခန့်၊ ယာဉ်နောက် ထိုင်ခုံအရှည်အနီး ကာရံထားသည့် ဆိုပြား ၁ ပေခန့်နှင့် ခရီးသည်ဆင်းသည့် အပေါက်အနီး ပလတ်စတစ်ထိုင်ခုံ ၆ လက်မခန့် အနည်းငယ် မီးလောင်ပျက်စီးခဲ့ပြီး အခင်းဖြစ်နေရာ အနီးမှ THAI   ARMS   380 ကျည်ခွံ ၁ ခုနှင့်  ရေသန့်ဘူးခွံ ၁ ခုတွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ   ခရီးသည်တင်ယာဉ်အား သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်ကာ မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။