ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၌ တရားမဝင် ခွင့်ပြုချက်မဲ့ ဆူပူဆန္ဒပြမှုအား လုံခြုံရေး တပ်ဖွဲ့ဝင်များက လူစုခွဲ ထိန်းသိမ်းခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၌ တရားမဝင် ခွင့်ပြုချက်မဲ့ ဆူပူဆန္ဒပြမှုအား လုံခြုံရေး တပ်ဖွဲ့ဝင်များက လူစုခွဲ ထိန်းသိမ်းခြင်းများ ဆောင်ရွက်

နေပြည်တော် ဒီဇင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်း(တောင်/အနောက်) ရပ်ကွက်၊ ပန်းပင်ကြီးလမ်း၌ ယနေ့နံနက်ပိုင်းက တရားမဝင် ခွင့်ပြုချက်မဲ့ လူတစ်စုမှ ဆူပူအော်ဟစ်မှုများ ပြုလုပ်နေကြောင်း ဆူပူမှုကို မလိုလားသော ပြည်သူအချို့၏ သတင်းပေးပို့ချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များက အဆိုပါနေရာသို့ သွားရောက်၍ လူစုခွဲဆောင်ရွက်ခဲ့ရသည်။

အဆိုပါခွင့်ပြုချက်မဲ့ ဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လူစုခွဲ ထိန်းသိမ်းခြင်းများကို ဆောင်ရွက်ခဲ့ရာတွင် ကျား ၈ ဦး၊ မ ၃ ဦး၊ စုစုပေါင်း ၁၁ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ကျား ၂ ဦးတွင် မစိုးရိမ်ရ ဒဏ်ရာများ နှင့် မ ၁ ဦးတွင် စိုးရိမ်ရဒဏ်ရာများ ရရှိခဲ့သည်။  ဖမ်းဆီးရရှိသူများအား  တရားဥပဒေနှင့်အညီ အမှုဖွင့် အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်းနှင့်  ထိခိုက်ဒဏ်ရာ ရရှိသူများအား    နီးစပ်ရာ တပ်မတော် ဆေးရုံသို့ပို့ဆောင်၍   ဆေးကုသမှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း   သတင်း ရရှိသည်။