ရုရှားပါဝင်လာပြီဖြစ်တဲ့အတွက် ပြိုင်ဆိုင်မှု ပြင်းထန်တော့မယ့် အာကာသ ခရီးသွားလုပ်ငန်း

ရုရှားပါဝင်လာပြီဖြစ်တဲ့အတွက် ပြိုင်ဆိုင်မှု ပြင်းထန်တော့မယ့် အာကာသ ခရီးသွားလုပ်ငန်း

ကမ္ဘာပေါ်ရှိသူဌေးကြီးများက ၎င်းတို့၏ ပိုင်ဆိုင်မှုများကို မည်သည့်နည်းလမ်းဖြင့် အသုံးပြုရမည်နှင့် ပတ်သက်၍ မကြာခဏ စဉ်းစားလေ့ရှိဟန်တူသည်။

လောင်းကစားကြိုက်သူအချို့က ၎င်းတို့၏ စိတ်ပျော်ရာအတွက် လောင်းကစားကို ဆော့ကြသည်။ အချို့ကတော့ ပရဟိတ လုပ်ငန်းများကို လုပ်ကြသည်။ အချို့ကတော့ အာကာသထဲအထိ ခရီးသွားချင်ကြသည်။

ထိုသို့သောသူများအတွက် အာကာသ ခရီးသွားလုပ်ငန်းက တစ်ကျော့ပြန် ခေတ်စားလာပြီဖြစ်သည်။ အဆိုပါ ခေတ်စားလာသော အာကာသခရီးသွား လုပ်ငန်းကို လုပ်ကိုင်သူများထဲတွင် ရုရှားနိုင်ငံလည်း ပါဝင်လာသည်။

ရုရှားနိုင်ငံဆိုသည်မှာ ယခင်ကဆိုဗီယက် ပြည်ထောင်စု၏ ပင်မအစိတ်အပိုင်းကြီးဖြစ်ပြီး  အဆိုပါ ဆိုဗီယက်ပြည်ထောင်စု ဆိုသည်မှာလည်း အာကာသနှင့် ပတ်သက်လာလျှင်   ပထမဆုံးသော အရာများကို ပြိုင်ဘက်ကင်း ဆောင်ရွက်ဖူးသည့် နိုင်ငံဖြစ်သည်။

ထိုအထဲတွင် ပထမဆုံးဂြိုဟ်တု လွှတ်တင်မှု၊ အာကာသအတွင်းသို့ အမျိုးသားတစ်ဦးကို ပထမဆုံးလွှတ်တင်နိုင်မှု၊ ထို့နောက် အမျိုးသမီးတစ်ဦးကို ပထမဆုံးလွှတ်တင်နိုင်မှု၊   အာကာသအတွင်း ပထမဆုံး လမ်းလျှောက်မှု စသည်တို့ပါဝင်ကာ ထိုသို့ဆောင်ရွက်နိုင်မှုများနှင့် ပတ်သက်၍ ဂုဏ်ယူမဆုံးဖြစ်ရသည်။

ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် ရုရှားနိုင်ငံက ထိုဂုဏ်ကို ဆက်လက်ထိန်းသိမ်းကာ   အာကာသခရီးသွား လုပ်ငန်းကို လုပ်ကိုင်ဖူးသည်။

သို့သော် အကြောင်းအမျိုးမျိုးကြောင့် အာကာသအစီအစဉ်များ ရပ်ဆိုင်းသွားရသည့် အတွက် ထိုသို့သောခရီးသွား လုပ်ငန်းကို ဆယ်စုနှစ်တစ်ခုကြာ ရပ်ဆိုင်းထားပြီးနောက်  ယခုမှပြန်လည် လုပ်ကိုင်ခြင်းဖြစ်သည်။

ယင်းသို့လုပ်ငန်း ပြန်လည်စတင်ချိန်တွင် ပထမဆုံးဈေးဦးပေါက် ဖောက်သည်မှာ ဂျပန်နိုင်ငံမှ   ဘီလျံနာသူဌေးကြီးတစ်ဦး ဖြစ်သည့်     မာအဲဇာဝါယူဆာကူ ဖြစ်သည်။

မာအဲဇာဝါယူဆာကူသည်   ဒီဇင်ဘာ ၈ ရက်တွင်  ကာဇက်စတန်ရှိ ဘိုင်ကိုနာအာကာသ ယာဉ်လွှတ်တင်ရေး စခန်းမှနေ၍ နိုင်ငံတကာ အာကာသစခန်းသို့   ၎င်း၏လက်ထောက်တစ်ဦးဖြစ်သည့် ဟီရာနိုယိုဇိုနှင့်အတူ သွားမည်ဖြစ်သည်။

ရုရှားနိုင်ငံသည် အာကာသခရီးသွား လုပ်ငန်းကို ရပ်ဆိုင်းထားသည်မှာ ကြာပြီဖြစ်သော်လည်း အောက်တိုဘာလအတွင်းက သရုပ်ဆောင် မင်းသမီးတစ်ဦးနှင့် ဒါရိုက်တာတစ်ဦးတို့ကို နိုင်ငံတကာ အာကာသစခန်းသို့ စေလွှတ်ကာ ရုပ်ရှင်ရိုက်ကူးစေခဲ့သည်။

ထိုခရီးစဉ်သည် ရုရှားနိုင်ငံသားများကိုသာ စေလွှတ်ခြင်းဖြစ်သောကြောင့် ရုရှားအာကာသ အေဂျင်စီအတွက်  သိပ်တော့ ခက်ခဲမည်မဟုတ်ပေ။

သို့သော်   မာအဲဇာဝါယူဆာကူနှင့် လက်ထောက်တို့ကို   အာကာသခရီးသွား လုပ်ငန်းအတွက်     ပထမဆုံးအဖြစ် အာကာသထဲသို့ ပို့ဆောင်ပေးခြင်းသည် ရုရှားအာကာသ အေဂျင်စီအတွက်သာမက ရုရှားနိုင်ငံ၏ ဂုဏ်သိက္ခာနှင့်ပါ   သက်ဆိုင်နေသည်။

အကြောင်းမူကား ယနေ့ခေတ်ပြိုင်ဆိုင်မှု ပြင်းထန်လှသော ခေတ်သစ်အာကာသ ပြိုင်ပွဲတွင် ရုရှားနိုင်ငံက ပြိုင်ဘက် အနောက်နိုင်ငံများနှင့်   တန်းတူဖြစ်ရေးအတွက် ကြိုးပမ်းနေရသောကြောင့် ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က အမေရိကန် နိုင်ငံသားပိုင် SpaceX  ကုမ္ပဏီက ၎င်းတို့၏ကိုယ်ပိုင် အာကာသယာဉ်ဖြင့် အာကာသယာဉ်မှူးများကို အာကာသအတွင်း အောင်မြင်စွာ စေလွှတ်နိုင်ပြီးနောက် နိုင်ငံတကာ အာကာသစခန်းသို့ လူလိုက်ပါသော အာကာသယာဉ်များစေလွှတ်မှုတွင် တစ်ဦးတည်း မူပိုင်ဖြစ်နေသည့် ရုရှားနိုင်ငံ၏ စိုးမိုးမှုကို တစ်ခန်းရပ်စေနိုင်ခဲ့သည်။

သို့သော်လည်း ရုရှားနိုင်ငံက ၎င်းတို့၏ ကံကြမ္မာကို ကိုယ်တိုင်ရအောင် ဖန်တီးယူသည်ဟု ပြောရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယခင်က အမေရိကန် အာကာသအေဂျင်စီဖြစ်သည့် NASA က ဝယ်ယူထားသော ဆိုယုဒုံးပျံများတွင် လစ်လပ်သွားသည့် နေရာများကို အာကာသခရီးသွား လုပ်ငန်းဖြင့် အစားထိုးရန ်စီစဉ်လာခြင်းကြောင့်ဖြစ်သည်။

ယခု မာအဲဇာဝါယူဆာကူ၏ အာကာသ ခရီးစဉ်အတွက်  လူသုံးယောက် လိုက်ပါနိုင်သော ဆိုယုအာကာသယာဉ်ကို အသုံးပြုမည်ဖြစ်ပြီး နိုင်ငံတကာ အာကာသစခန်းသို့ နှစ်ကြိမ်တိုင်တိုင် ရောက်ရှိဖူးသည့် ရုရှားအာကာသ ယာဉ်မှူး အလက်ဇန်းဒါးမီ ဆူအာကင်က မောင်းနှင်သွားမည်ဖြစ်သည်။

မာအဲဇာဝါယူဆာကူနှင့် ၎င်း၏ လက်ထောက်တို့အနေဖြင့် နိုင်ငံတကာ အာကာသစခန်းတွင် ၁၂ ရက်ကြာ နေထိုင်ကာ ၎င်းတို့ ၏ခရီးစဉ်အတွက်   ဗီဒီယိုမှတ်တမ်းတိုရိုက်ကူး၍You Tube တွင် တင်သွားမည် ဖြစ်သည်။

အာကာသခရီးသွား လုပ်ငန်းအတွက် ယှဉ်ပြိုင်မှုအနေဖြင့် SpaceX ကုမ္ပဏီက စက်တင်ဘာလတွင်  အရပ်သားအမှုထမ်း များသာ ပါဝင်သည့်အာကာသယာဉ်ကို ကမ္ဘာပတ်လမ်းအတွင်း    သုံးရက်ကြာ ခရီးစဉ်အဖြစ် စေလွှတ်ခဲ့သည်။

အမ်မဇွန်ကုမ္ပဏီကို  တည်ထောင်သူ ဂျက်ဘီဇော့ပိုင်ဆိုင်သော Blue Origin ကုမ္ပဏီကလည်း အာကာသ ခရီးစဉ်နှစ်ခုကို အောင်မြင်စွာ   ပို့ဆောင်ပေးထားပြီးဖြစ်သည်။ ထိုခရီးစဉ်နှစ်ခုတွင် လိုက်ပါသည့် ခရီးသည်များတွင် အသက် ၉ဝ ရှိနေပြီဖြစ်သည့် ဝီလီယံရှတ်နာနှင့် ဂျက်ဘီဇော့တို့ ကိုယ်တိုင်ပါဝင်သည်။

ထို့နောက်မကြာမီမှာပင် ဘီလျံနာသူဌေးကြီး ရစ်ချတ်ဘရန်ဆန်က ၎င်း၏ Virgin Galactic ကုမ္ပဏီပိုင် အာကာသယာဉ်ဖြင့် ခရီးသွားကာ ထိုအာကာသယာဉ်က ကမ္ဘာမြေပြင်သို့ပြန်မလာမီမှာပင် ဆွဲငင်အားမဲ့ အတွေ့အကြုံကို  မိနစ်အနည်းငယ်ကြာပေးစွမ်းထားနိုင်သည်။

အဆိုပါခရီးစဉ်များသည် သာမန်အရပ်သားများအတွက်   အာကာသခရီးသွား လုပ်ငန်းကို စတင်ဖွင့်လှစ်ခြင်း၏ သမိုင်းဦး စာမျက်နှာများဖြစ်ပြီး  အနာဂတ်တွင် နောက်ထပ်ခရီးစဉ်များကို ပျံသန်းသွားမည်ဟု ထိုကုမ္ပဏီများက ကြေညာထားသည်။

အနာဂတ်ခရီးစဉ်များ၌ ၂ဝ၂၃ ခုနှစ်တွင် SpaceX ကုမ္ပဏီက အပျော်တမ်း အာကာသခရီးသွား ရှစ်ဦးကို လပတ်လမ်းအတွင်းသို့ ပို့ဆောင်မည့် ခရီးစဉ်လည်း အပါအဝင်ဖြစ်သည်။

အဆိုပါခရီးစဉ်အတွက်     ငွေကြေးထောက်ပံ့ပေးသူမှာ    ဂျပန်သူဌေးကြီး မာအဲဇာဝါယူဆာကူဖြစ်ပြီး ၎င်းကိုယ်တိုင်က လည်း ထိုခရီးစဉ်တွင် လိုက်ပါသွားမည်ဖြစ်သည်။

ထို့ပြင် ရုရှားနိုင်ငံကလည်း နောင်တွင် အာကာသ ခရီးသွားသူများကို နိုင်ငံတကာ အာကာသစခန်းသို့ လက်ခံစေလွှတ်ပေးသွားမည် ဖြစ်ကြောင်းနှင့်   ထိုခရီးသွားများအနက် တစ်ဦးကို အာကာသအတွင်း လမ်းလျှောက်နိုင်စေရေး အတွက်လည်း စီစဉ်ထားကြောင်း ထုတ်ပြန်ထားသည်။

တကယ်တော့ အာကာသခရီးသွားခြင်းသည်   သာမန်တောတွင်း ခရီးသွားခြင်း၊ စခန်းချခြင်းကဲ့သို့   စွန့်စားခန်းများနှင့် လားလားမျှမတူပေ။

အာကာသသို့သွားလိုသူ အရပ်သားများသည် ငွေကြေးကုန်ကျမှုကို ထည့်မတွက်ဘဲ တစ်သက်မှာ တစ်ခါသာရရှိနိုင်မည့် အာကာသ၏ အထိအတွေ့၊ ခံစားချက်၊ တစ်ကမ္ဘာလုံးကို လွှမ်းခြုံမြင်နိုင်မှု စသည်တို့ကို ရရှိလိုသူများဖြစ်သည်။     ယင်းအတွက်ကြောင့် အာကာသခရီးသွားခြင်းမှာ ငွေကြေးသန်းပေါင်း များစွာကုန်ကျနိုင်သည်။

ယင်းအတွက် အာကာသအတွင်း အခြေချစခန်းများ   တည်ဆောက်နိုင်သည်အထိ နည်းပညာ အဆင့်မြင့်မားနေသော နိုင်ငံကြီးများက တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိရေးအတွက် အာကာသခရီးသွား လုပ်ငန်းများကို စဉ်းစားစီစဉ်လာခြင်းဖြစ်သည်။

ထိုအချိန်မှာပင် အာကာသ ခရီးသွား လုပ်ငန်းနယ်ပယ်၌ မကြာသေးမီက စိုးမိုးလာသည့် အမေရိကန်တို့နှင့် တန်းတူ ရုရှားနိုင်ငံကလည်း အာကာသခရီးသွား လုပ်ငန်းတွင် ပါဝင်လာပြီဖြစ်သောကြောင့် သူဌေးကြီးများအတွက် ဇိမ်ခံအာကာသ ခရီးသွားလုပ်ငန်းမှာ တစ်ကျော့ပြန်ခေတ်စားပြီး ပြိုင်ဆိုင်မှုလည်း ပြင်းထန်လာတော့မည်ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။