တာမွေမြို့နယ်၌ Facility Quarantine Center ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်နေ

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် နတ်မောက်လမ်းရှိ အမှတ်(၁) အခြေခံ ပညာအထက် တန်းကျောင်း၌ Facility Quarantine Center ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း    တာမွေမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်မျိုးလင်း၏ ပြောဆိုချက်အရ သိရသည်။ အဆိုပါ Facility Quarantine Center ၌ COVID-19 ရောဂါအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများအား ထိန်းသိမ်းလက်ခံ စောင့်ရှောက်ပေးမည်ဖြစ်ပြီး ကနဦးအနေဖြင့် လူဦးရေ ၈၀ ထားရှိနိုင်ရန်ရည်ရွယ်ထားကာ စက်တင်ဘာ ၁၉ ရက်တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

“စက်တင်ဘာ ၁၉ ရက်မှာ ဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်နေပါတယ်။  အခု ကျောင်းမှာ လျှပ်စစ်မီး ရရှိဖို့ မီးကြိုးဆင်တာတွေနဲ့ ရေချိုးခန်း ဖွဲ့စည်းတာတွေလုပ်နေတယ်။ စာသင်ခန်းတွေက ကျယ်တော့ တစ်ခန်းမှာ လူငါးဦး ထားမှာပါ။ အပေါ်ထပ်မှာထားမှာဖြစ်တဲ့အတွက် ဖယောင်း ပုဆိုးခင်းတာတွေ လုပ်နေတယ်။ စောင်၊ ခေါင်းအုံး၊ ရေခွက်ကအစ ဖြည့်ဆည်းပေးနိုင်အောင် စီစဉ်နေပါတယ်။ အစားအသောက်နဲ့ပတ်သက်ပြီး အလှူရှင်တွေကို ဖိတ်ခေါ် ထားပါတယ်”ဟု  ဦးအောင်မျိုးလင်းကပြောသည်။

ယင်း Center ၌ ကျန်းမာရေးစစ်ဆေးမှုများနှင့် ကျန်းမာရေး စောင့်ရှောက်မှုများအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ၊ တာမွေမြို့နယ်ရှိ စေတနာ့ဝန်ထမ်းများက အလှည့်ကျ တာဝန်ယူစောင့်ရှောက်ပေးမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ လူဦးရေ ၁၂၀ စာအတွက် ဆောင်ရွက်ပေး နိုင်ရန် တောင်းဆိုထားသော်လည်း ကနဦးအနေဖြင့် လူဦးရေ ၈၀ စတင်လက်ခံဆောင်ရွက် မည်ဖြစ်ကာ နောက်ပိုင်းတွင်ဆက်လက်ဆောင်ရွက် နိုင်ရန်ကြိုးပမ်းမည်ဖြစ်ကြောင်း၊ တာမွေ မြို့နယ်၌ စက်တင်ဘာ  ၁၇  ရက်အထိ COVID-19 ရောဂါ  အတည်ပြုလူနာ  ၁၂၂  ဦး အထိ ရှိနေပြီး သေဆုံးသူတစ်ဦး ရှိကြောင်း သိရသည်။               

နေနေ