ဥပဒေပြုရေးဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲများအပေါ်လေ့လာခြင်း(ယူကရိန်းနိုင်ငံ)

ဥပဒေပြုရေးဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲများအပေါ်လေ့လာခြင်း(ယူကရိန်းနိုင်ငံ)

နိဒါန်း

ယူကရိန်းနိုင်ငံသည် အရှေ့ဥရောပတွင်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဥရောပတိုက်တွင် ဒုတိယ အကြီးဆုံးနိုင်ငံဖြစ်သည်။  နိုင်ငံ၏ အကျယ်အဝန်းမှာ ဧရိယာ ၆၀၃၆၂၈ စတုရန်းကီလိုမီတာ (၂၃၃၀၆၂ စတုရန်းမိုင်)ဖြစ်သည်။ ယူကရိန်းနိုင်ငံ၏ မြောက်ဘက်တွင် ဘီလာရုဇ်နိုင်ငံ၊ အရှေ့ဘက်နှင့်အရှေ့မြောက်ဘက်တွင် ရုရှားနိုင်ငံ၊ တောင်ဘက်တွင် ရိုမေးနီးယားနိုင်ငံနှင့်  မော်လ်ဒိုဗာနိုင်ငံ၊ အနောက်ဘက်တွင် ပိုလန်နိုင်ငံ၊ ဆလိုဗက်ကီးယား၊ ဟန်ဂေရီနိုင်ငံတို့နှင့်နယ်နိမိတ်ချင်းထိစပ်လျက်ရှိပြီး အရှေ့တောင်ဘက်တွင် ပင်လယ်နက် (Black Sea) နှင့် အာဇော့ဗ်  (Azov Sea) ပင်လယ်တို့ ဝန်းရံလျက်ရှိပါသည်။

ယူကရိန်းနိုင်ငံသည် အရှေ့လတ္တီကျူ့ ၂၂. ၄၁.နှင့် မြောက်လတ္တီကျူ့ ၄၄. ၅၃. ကြားတွင် တည်ရှိပါသည်။ လူဦးရေ ၄၃ သန်းခန့် နေထိုင်ကြပြီး ဥရောပတိုက်တွင် အဋ္ဌမမြောက် လူဦးရေအများဆုံးနိုင်ငံဖြစ်သည်။ ယူကရိန်းနိုင်ငံတွင် ယူကရိန်းလူမျိုးများနှင့် ရုရှား လူမျိုးများနေထိုင်ကြပြီး ခရစ်ယာန်ဘာသာအများဆုံးကိုးကွယ်ကြသည်။ ယူကရိန်းနိုင်ငံ၏ မြို့တော် သည် ကီးယက် (Kiev) မြို့ဖြစ်ပြီး နိပရို(Dnipro) မြစ်ကမ်းပေါ်တွင်တည်ရှိသည်။

ဥပဒေပြုရေးအာဏာ(Legislation)

ယူကရိန်းနိုင်ငံတွင် ဥပဒေပြုရေးအာဏာအနေဖြင့် အမျိုးသားလွှတ်တော် (The Verkhovna Rada) တစ်ရပ်သာရှိပြီး လွှတ်တော် သက်တမ်းမှာငါးနှစ်ဖြစ်သည်။ အမျိုးသားလွှတ်တော် (The Verkhovna Rada) ကို လွှတ်တော်ဥက္ကဋ္ဌ (Chairman) နှင့် ဒုတိယဥက္ကဋ္ဌ နှစ်ဦးတို့အပြင် အမျိုးသားလွှတ်တော် အမတ် ၄၅၀ ဦးဖြင့် ဖွဲ့စည်းထားသည်။

အမျိုးသားလွှတ်တော်(The Verkhovna Rada) သည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း၊ သမ္မတ၏ထောက်ခံချက်ဖြင့် ဝန်ကြီးချုပ် ခန့်အပ်ခြင်း၊ ရွေးကောက်ပွဲများကျင်းပခြင်း၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပေးခြင်း၊ ဥပဒေများချမှတ်ခြင်းများအပြင် နိုင်ငံတကာ သဘောတူညီချက်များနှင့် ဘတ်ဂျက်ဆိုင်ရာကိစ္စများကိုလည်း ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။

အုပ်ချုပ်ရေးအာဏာ(Executive Power)

ယူကရိန်းနိုင်ငံတွင်  သမ္မတသည်  နိုင်ငံ၏အကြီးအကဲဖြစ်ပြီး ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ အကြီးအကဲဖြစ်သည်။ သမ္မတသည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖြစ်ပြီး နိုင်ငံတော်ကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီ၏ ဥက္ကဋ္ဌလည်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ် (Prime Minister) ကို အမျိုးသားလွှတ်တော် (The Verkhovna Rada) ၏ ထက်ဝက်ကျော် ထောက်ခံမှုဖြင့် နိုင်ငံတော် သမ္မတမှခန့်အပ်သည်။ အစိုးရအဖွဲ့ဝန်ကြီးများကို ဝန်ကြီးချုပ်၏ ထောက်ခံမှုဖြင့် နိုင်ငံတော် သမ္မတမှ ခန့်အပ်သည်။ ယူကရိန်းနိုင်ငံ၏ အစိုးရဝန်ကြီးများအဖွဲ့သည် နိုင်ငံတော်အုပ်ချုပ်ရေးကဏ္ဍတွင် အမြင့်ဆုံး အဖွဲ့အစည်းဖြစ်သည်။ ဝန်ကြီးချုပ် (Prime Minister) ဦးဆောင်သော အစိုးရ ဝန်ကြီးများအဖွဲ့ (Cabinet of Ministers) တွင် ဒုတိယဝန်ကြီးချုပ် - ၁ (First Vice Prime Minister)၊ ဒုတိယဝန်ကြီးချုပ် (၃) ဦး (Vice Prime Ministers)နှင့် ဌာနဆိုင်ရာဝန်ကြီး (၁၇) ဦး ပါဝင်သည်။ ယူကရိန်းနိုင်ငံတွင် ခရိုင်းမီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (Autonomous Republic of Crimea) (၁) ခု၊ ပြည်နယ် (Oblast) (၂၄) ခု၊ ခရိုင် (District) (၁၃၆) ခုနှင့် Kiev နှင့် Sevastopol မြို့ (၂) မြို့အပါအဝင် မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုများဖြင့် ဖွဲ့စည်း ထားသည်။

တရားစီရင်ရေးအာဏာ(Judicial Branches)

ယူကရိန်းနိုင်ငံ၏ တရားစီရင်ရေးကဏ္ဍတွင် တရားရုံးစနစ်အဆင့်(၅)ဆင့်ရှိသည်။ ၎င်းတို့မှာ ဒေသန္တရတရားရုံး (Local Court)၊ အယူခံတရားရုံး (Court of Appeal)၊ တရားလွှတ်တော်ချုပ်ရုံး (The Supreme Court) ၊ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံး (The Constitutional Court) နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးတရားရုံး (The High Anti-Corruption Court)တို့ဖြစ်သည်။ ဒေသန္တရ တရားရုံးသည် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေခြင်းကဲ့သို့သော ဒေသန္တရအမိန့်များကို ချိုးဖောက်ခြင်းနှင့် အရေးမကြီးသည့် ပြစ်မှုများကို စီရင်သည်။ အချို့ဒေသန္တရတရားရုံးများသည် အိမ်ထောင်ရေးပြဿနာများကိုလည်းဖြေရှင်းပေးသည်။ အယူခံတရားရုံး သည် အရပ်ဘက်ဆိုင်ရာအမှုများနှင့် ရာဇဝတ်မှုများကိုစီရင်သည်။ တရားလွှတ်တော်ချုပ်ရုံးသည် တရားစီရင်ရေးစနစ်တွင် အမြင့်ဆုံး တရားရုံးဖြစ်ပြီး  အယူခံတရားရုံးများမှ မမျှတစွာအမိန့်ချမှတ်ထားခြင်းများနှင့်စပ်လျဉ်း၍အယူခံလျှောက်ထားလာသောအမှုများကို ပြန်လည် စိစစ်ဆောင်ရွက်ခြင်းနှင့် နိုင်ငံတကာရေးရာဥပဒေပြု ဆောင်ရွက်ခြင်းများကိုစီရင်ပေးသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးသည် လွှတ်တော်၊ သမ္မတနှင့် အစိုးရအဖွဲ့များ၏ ဥပဒေပြုရေးဆိုင်ရာဆောင်ရွက်ချက်များကို စိစစ်အကဲဖြတ်သည့်အပြင် ယူကရိန်း ဥပဒေ သို့မဟုတ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ချက်များအား မှတ်ချက်ပြုခြင်းများလည်းဆောင်ရွက်သည်။ ယူကရိန်း နိုင်ငံတွင် အဂတိလိုက်စားခြင်းအမှုကိစ္စများကို  အဂတိလိုက်စားမှုတို က်ဖျက်ရေးတရားရုံးသို့ ဦးတိုက်လျှောက်ထားနိုင်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တရားရုံးများသည် သီးခြားလွတ်လပ်မှုရှိသည်။

ယူကရိန်းနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေ(Constitution of Ukraine)

ယူကရိန်းနိုင်ငံသည် ၁၉၉၁ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့တွင် လွတ်လပ်ရေးရရှိခဲ့သည်။ ယူကရိန်းနိုင်ငံသည် ၁၉၉၆ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျင့်သုံးခြင်းဖြင့် Mixed Semi-Parliamentary Semi-Presidential System ကျင့်သုံးသော နိုင်ငံဖြစ်လာခဲ့သည်။ သို့သော် ၂၀၀၄ ခုနှစ်တွင် လွှတ်တော်အမတ်များသည် ပါလီမန်စနစ်(Parliamentary System)ကို ကျင့်သုံးနိုင်ရန် အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ခြင်းအား လွှတ်တော်သို့အဆိုပြုခဲ့သည်။ ၂၀၀၄ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ယူကရိန်းနိုင်ငံ၏  ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြင်ဆင်ချက်များအား တရားဝင်ခွင့်ပြုမိန့်ရရှိရန် ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံး နှင့် နိုင်ငံတွင်း အင်အားကြီးပါတီတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ သို့သော်လည်း ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးသည် ယူကရိန်းနိုင်ငံ၏ သမ္မတစနစ်ထက် ပိုမိုကောင်းမွန်သောနိုင်ငံရေး နည်းစနစ်ကို   နောက် တစ်ကြိမ် ဖွဲ့စည်းရန်နှင့် ၁၉၉၆ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည် အသက်သွင်းရန်ဟူသော ရည်ရွယ်ချက်တို့ဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြင်ဆင်ချက်များ၌ အားနည်းချက်များရှိသည်ဟူ၍ ဖော်ပြကာ ပျက်ပြယ်ကြောင်း အမိန့်ချမှတ်ခဲ့သည်။ ထို့နောက် လွှတ်တော်သည် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ၂၀၀၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြင်ဆင်ချက်များအား အတည်ပြုခဲ့သည်။ 

ရွေးကောက်ပွဲနှင့်ရွေးကောက်ပွဲစနစ်များ

ယူကရိန်းနိုင်ငံတွင် အောက်ဖော်ပြပါရွေးကောက်ပွဲများကို ကျင်းပသည်-

(က)     သမ္မတရွေးကောက်ပွဲ(Presidential Election)။

(ခ)       လွှတ်တော်ရွေးကောက်ပွဲ(Parliamentary Election)။

(ဂ)       ဒေသန္တရရွေးကောက်ပွဲ(Local Election)။

(ဃ)     ပြည်သူ့ဆန္ဒခံယူပွဲ(Referendum)။

ယူကရိန်းနိုင်ငံတွင်  သမ္မတရွေးကောက်ပွဲ၌ နှစ်ကျော့ပြိုင်စနစ်(Two Round System)ဖြင့် မဲဆန္ဒရှင်ပြည်သူများမှ တိုက်ရိုက် ရွေးချယ်တင်မြှောက်သည်။ ယူကရိန်းနိုင်ငံတွင် အမျိုးသားလွှတ်တော် (The Verkhovna Rada)အတွက် အထွေထွေ ရွေးကောက်ပွဲ ကို ရောစပ်အချိုးကျ ကိုယ်စားပြုစနစ် Mixed-member Proportional Representation System (MMP)ဖြင့် ကျင်းပသည်။ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များ၏ ကောင်စီဝင်များနှင့် မြို့တော် ဝန်များရွေးချယ်ရာတွင် စာရင်းပိတ်အချိုးကျ ကိုယ်စားပြုစနစ် (Closed Party List Proportional Representation System) ကိုကျင့်သုံးသည်။ ယူကရိန်းနိုင်ငံတွင် မဲဆန္ဒရှင် ၃ သန်းမှ တောင်းဆို ခဲ့ပါက ပြည်သူ့ ဆန္ဒခံယူပွဲ ကျင်းပသည်။

(က) သမ္မတရွေးကောက်ပွဲ(Presidential Election)

ယူကရိန်းနိုင်ငံသည် သမ္မတကိုငါးနှစ်လျှင်တစ်ကြိမ် Two Round System စနစ်ဖြင့် ရွေးချယ်တင်မြှောက်ပါသည်။ ရွေးကောက်ပွဲ စနစ်သည် ပထမအကြိမ်ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်အနိုင်ရရှိသော ကိုယ်စားလှယ်လောင်းမရှိပါက မဲအများဆုံးရရှိသည့် ကိုယ်စားလှယ်လောင်း (၂) ဦးကို ဒုတိယအကြိမ် ပြန်လည်ယှဉ်ပြိုင်စေသော စနစ်ဖြစ်သည်။ ဒုတိယအကြိမ်တွင် ဆန္ဒမဲ ၅၀ ရာခိုင်နှုန်းနှင့်အထက်ရရှိသော ကိုယ်စားလှယ်လောင်းသည် အနိုင်ရရှိမည်ဖြစ်သည်။ သမ္မတအဖြစ်ရွေးကောက်ခံမည့် ကိုယ်စားလှယ် လောင်းသည် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အသက် (၃၅) နှစ်ပြည့်ပြီးသူ၊ ရွေးကောက်ပွဲကျင်းပသည့်နေ့မတိုင်မီအထိ ယူကရိန်း နိုင်ငံတွင် (၁၀) နှစ်အခြေချနေထိုင်သူဖြစ်ပြီး ယူကရိန်းဘာသာစကား ကျွမ်းကျင်သူဖြစ်ရမည်။ အစိုးရအဖွဲ့ဝင်၊ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုခု၏ အဖွဲ့ဝင်၊ ရုံး၊ ဌာနအဖွဲ့အစည်းတစ်ခုခုမှအခကြေးငွေခံစားနေသူ၊ နိုင်ငံခြားတိုင်းပြည်တစ်ခု၏ကိုယ်စားလှယ်၊ အုပ်ချုပ်ရေးအဖွဲ့ဝင်တို့သည် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိပါ။      ယူကရိန်းနိုင်ငံတွင် သမ္မတရွေးကောက်ပွဲကို သမ္မတ သက်တမ်းငါးနှစ်မြောက်၏ နောက်ဆုံးလ နောက်ဆုံးအပတ်၏ တနင်္ဂနွေနေ့တွင် ပုံမှန်ကျင်းပသည်။ သို့သော် ပုံမှန်သက်တမ်း မဟုတ်သောကာလတွင် သမ္မတ၏ အာဏာကုန်ဆုံးခဲ့ပါက ရွေးကောက်ပွဲကို သမ္မတ၏ လုပ်ငန်းတာဝန်ရပ်စဲသည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း ကျင်းပရသည်။ ယူကရိန်းနိုင်ငံ၏ဥပဒေအရ သမ္မတသည် တစ်ဆက်တစ်စပ်တည်း သက်တမ်းနှစ်ကြိမ်ထက်ပို၍ တာဝန် ထမ်းဆောင်ခွင့်မရှိပါ။

(ခ) လွှတ်တော်ရွေးကောက်ပွဲ(Parliamentary Election)

၁၉၉၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်ထိ လွှတ်တော်ရွေးကောက်ပွဲဥပဒေကို လေးကြိမ်ပြင်ဆင်ခဲ့သည်။ ၁၉၉၈ ခုနှစ် အစောပိုင်းကာလ၌ လွှတ်တော် အမတ်များရွေးချယ်ရာတွင် မဲဆန္ဒနယ်မြေအလိုက် အနိုင်ရသူကိုရွေးချယ်ခဲ့ကြသည်။ ယူကရိန်းနိုင်ငံသည် ၂၀၀၂ ခုနှစ်မှစ၍ ရောစပ်အချိုးကျကိုယ်စားပြုစနစ်(MMP)ကို ကျင့်သုံးလျက်ရှိပါသည်။ အမျိုးသားလွှတ်တော်အမတ် ၄၅၀ နေရာ ရွေးချယ်ရာတွင် လွှတ်တော်ကိုယ်စားလှယ် ၂၂၅ ဦးအတွက် စာရင်းပိတ်အချိုးကျကိုယ်စားပြုစနစ် (Closed Party List Proportional Representation System) ဖြင့်ရွေးချယ်ပြီး နိုင်ငံရေးပါတီများအနေဖြင့် အနည်းဆုံးရရှိရမည့် ခိုင်လုံမဲရာခိုင်နှုန်း (Threshold) မှာ ၅ ရာခိုင်နှုန်းဖြစ်ပါသည်။ ကျန်ရှိနေသည့် လွှတ်တော်ကိုယ်စားလှယ် ၂၂၅ ဦးကို မဲများသူအနိုင်ရ (First Past The Post System) စနစ်ဖြင့် မဲဆန္ဒနယ်အလိုက် အနိုင်ရရှိသည့် ကိုယ်စားလှယ်များကိုရွေးချယ်သည်။ ယူကရိန်းနိုင်ငံ၏ အမျိုးသား လွှတ်တော် (The Verkhovna Rada) ရွေးကောက်ပွဲကို  လွှတ်တော်သက်တမ်းငါးနှစ်မြောက်၏ အောက်တိုဘာလ နောက်ဆုံးအပတ် တနင်္ဂနွေနေ့တွင် ပုံမှန်ကျင်းပသည်။  ရွေးကောက်ပွဲကို  လွှတ်တော်သက်တမ်း မကုန်ဆုံးမီ ရက်ပေါင်း ၆၀ အတွင်းကျင်းပသည်။ (၂၂) ကြိမ်မြောက် လွှတ်တော်ရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ်တွင် ကျင်းပမည်ဖြစ်ပါသည်။

 (ဂ) ဒေသန္တရရွေးကောက်ပွဲ(Local Election)

ယူကရိန်းနိုင်ငံ၏ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ ဒေသန္တရရွေးကောက်ပွဲတွင် ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ကို ရွေးချယ်သည်။ ထို့ပြင် Kiev နှင့် Sevastopol မြို့ကြီးများအတွက် မြို့တော်ဝန် များနှင့် ယင်းတို့၏ ကောင်စီဝင်များကိုလည်း ရွေးချယ်သည်။ ယင်းအုပ်ချုပ်ရေးမှူးများနှင့် ကောင်စီဝင်များကို ငါးနှစ်လျှင် တစ်ကြိမ် ရွေးချယ်သည်။ ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့ဝင်များကို နိုင်ငံရေးပါတီမှ အမည်စာရင်းတင်သွင်းသူ သို့မဟုတ် တစ်သီးပုဂ္ဂလ အမည်စာရင်း တင်သွင်းသူများထဲမှ ရွေးချယ်သည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကျင်းပခဲ့သည့် ဒေသန္တရရွေးကောက်ပွဲတွင် ပြည်နယ်၊ ခရိုင်၊ မြို့၊ ကျေးရွာများနှင့် မဲဆန္ဒရှင် ၁၀၀၀ နှင့်အထက်ရှိသောကျေးရွာများနှင့် ယင်းတို့၏ ကောင်စီဝင်များကို စာရင်းဖွင့်အချိုးကျကိုယ်စားပြုစနစ် (Open List Proportional Representation) ဖြင့်ရွေးချယ်ခဲ့ပြီး (Open List PR) တွင် အနိမ့်ဆုံး ထောက်ခံမဲသတ်မှတ်ချက်သည် ၅ ရာခိုင်နှုန်းဖြစ်သည်။ မဲဆန္ဒရှင် ၁၀၀၀ အောက်ရှိသော မြို့နှင့်ကျေးရွာများတွင်  လွှဲပြောင်း၍မရသောတစ်မဲတည်းပေးစနစ်(Single Non-transferable Vote System (SNTV)) ဖြင့်ရွေးချယ်ခဲ့သည်။ (SNTV)စနစ်အရ မဲအများဆုံးရရှိသော ကိုယ်စားလှယ်လောင်း များသည်သာ ကောင်စီ၏နေရာအားလုံးကိုရရှိသည်။ Kiev နှင့် Sevastopol မြို့ကြီးများအတွက် မြို့တော်ဝန်များ နှင့်ယင်းတို့၏ ကောင်စီဝင်များကို ငါးနှစ်လျှင်တစ်ကြိမ် Two Round System ဖြင့် ရွေးချယ်သည်။

(ဃ) ပြည်သူ့ဆန္ဒခံယူပွဲ(Referendum)

ယူကရိန်းနိုင်ငံတွင် နယ်မြေများ ပြောင်းလဲပြင်ဆင်ခြင်းနှင့်စပ်လျဉ်း၍ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီးဆောင်ရွက်သည်။ ပြည်သူ့ဆန္ဒခံယူပွဲတွင် အသက် (၁၈) နှစ်ပြည့်ပြီးသည့် ယူကရိန်းနိုင်ငံသားတိုင်း ဆန္ဒမဲပေးခွင့်ရှိပြီး ဆန္ဒခံယူပွဲကျင်းပမည့်နေ့ကို နိုင်ငံတော်သမ္မတ သို့မဟုတ် လွှတ်တော်ကသတ်မှတ်သည်။

ကျင်းပပြီးသောရွေးကောက်ပွဲများ

ယူကရိန်းနိုင်ငံတွင်ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲ၊ လွှတ်တော်ရွေးကောက်ပွဲ၊ ဒေသန္တရရွေးကောက်ပွဲနှင့် ပြည်သူ့ဆန္ဒ ခံယူပွဲစုစုပေါင်း ရွေးကောက်ပွဲအကြိမ်အရေအတွက်မှာ (၄၁)ကြိမ်ရှိပြီဖြစ်သည်။ ၎င်းတို့မှာ- ယူကရိန်းနိုင်ငံ၏ နောက်ဆုံးအကြိမ် လွှတ်တော်ရွေးကောက်ပွဲကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် ကျင်းပခဲ့သည်။ ရွေးကောက်ပွဲတွင် လွှတ်တော်အမတ် ၄၅၀ နေရာအတွက်    မဲဆန္ဒရှင်ပြည်သူများက တိုက်ရိုက်ရွေးချယ်ခဲ့ကြသည်။ လွှတ်တော်အမတ်၂၂၅ နေရာကို အချိုးကျကိုယ်စားပြုစနစ်  PR ဖြင့်ရွေးချယ်ခဲ့ပြီး ကျန်ရှိနေသည့်လွှတ်တော်အမတ် ၂၂၅ နေရာအတွက် မဲများသူအနိုင်ရစနစ် Majority System (FPTP) ဖြင့် ရွေးချယ်ခဲ့သော်လည်း ၁၉၉ နေရာသာ ရွေးကောက်ခဲ့သဖြင့် ၂၆ နေရာလစ်လပ်လျက်ရှိပါသည်။ ရွေးကောက်ပွဲတွင် အမျိုးသမီး လွှတ်တော်အမတ်များလည်း ရွေးချယ်ခံရပြီး ရွေးချယ်ခံရသော အမျိုးသားလွှတ်တော်အမတ် ၄၂၄ နေရာတွင် အမျိုးသမီး လွှတ်တော် အမတ် ၄၇ ဦးပါဝင်ပါသည်။

၂၀၁၉ ခုနှစ် ရွေးကောက်ပွဲဆိုင်ရာအချက်အလက်များအရ လူဦးရေ ၄၃ သန်းကျော်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၉ သန်းကျော်ရှိသည့် အနက် ၁၇ သန်းကျော်မဲပေးခဲ့သည်။ အဆိုပါရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၂၂ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အနိုင်ရ ပါတီမှာ  Servant of the People ပါတီဖြစ်ပြီး FPTP စနစ်ဖြင့် အမတ်နေရာ ၁၃၀ နေရာ၊ PR စနစ်ဖြင့် အမတ်နေရာ ၁၂၄ နေရာ အနိုင်ရရှိကာ စုစုပေါင်းအမတ်နေရာ ၂၅၄ နေရာအနိုင်ရရှိခဲ့ပါသည်။ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် ကျင်းပခဲ့သည့် လွှတ်တော်ရွေးကောက်ပွဲတွင် PR စနစ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်ပါတီ ၂၂ ပါတီထဲမှ SP ပါတီသည် ၁၂၄ နေရာအနိုင်ရရှိခဲ့ပြီး ၄၃.၁၆ ရာခိုင်နှုန်း၊ OPFL ပါတီသည် ၃၇ နေရာအနိုင်ရရှိခဲ့ပြီး ၁၃.၀၅ ရာခိုင်နှုန်း၊ FL ပါတီသည် ၂၄ နေရာအနိုင်ရခဲ့ပြီး ၈.၁၈ ရာခိုင်နှုန်း၊ ES ပါတီသည် ၂၃ နေရာအနိုင်ရခဲ့ပြီး ၈.၁၀ ရာခိုင်နှုန်းနှင့် Voice ပါတီသည် ၁၇ နေရာအနိုင်ရခဲ့ပြီး ၅.၈၂ ရာခိုင်နှုန်းတို့ဖြင့် အသီးသီးအနိုင်ရရှိခဲ့ကြသည်။ FPTP စနစ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့်ပါတီ ၂၂ ပါတီအနက် SP ပါတီသည် ၁၃၀ နေရာ၊ OPFL ပါတီသည် ၆ နေရာ၊ FL ပါတီသည် ၂ နေရာ၊ ES ပါတီသည် ၂ နေရာ၊ Voice ပါတီသည် ၃ နေရာ၊ OB ပါတီသည် ၆ နေရာ၊ Svoboda ပါတီသည် ၁ နေရာ၊ SR ပါတီသည် ၁ နေရာ၊ UC ပါတီသည် ၁ နေရာ၊ BTT ပါတီသည် ၁ နေရာနှင့် Independents ပါတီသည် ၄၆ နေရာတို့ဖြင့် အသီးသီးအနိုင်ရရှိခဲ့ကြသည်။

ဗဟိုရွေးကောက်ပွဲကော်မရှင်(Central Election Commission - CEC)

ယူကရိန်းနိုင်ငံ၏ ဗဟိုရွေးကောက်ပွဲကော်မရှင် (Central Election Commission) သည် ယူကရိန်းနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်ယူကရိန်းဥပဒေများအရ ဖွဲ့စည်းထားသော လွတ်လပ်၍အမှီအခိုကင်းသည့် အမြဲတမ်း အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ ၂၀၁၉ ခုနှစ်အောက်တိုဘာလ ၄ ရက်နေ့တွင် ဗဟိုရွေးကောက်ပွဲကော်မရှင်၏ ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်(၁၇)ဦးကို လွှတ်တော်၏ အတည်ပြုချက်ဖြင့် သမ္မတမှ ဖြည့်စွက်ခန့်အပ်ခဲ့သည်။

ယူကရိန်းဥပဒေပြဋ္ဌာန်းချက်များတွင်   ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှစ်ဦး နှင့်ကော်မရှင်အတွင်းရေးမှူးတို့အပြင် ငါးဦးထက်မနည်းသော အဖွဲ့ဝင်များ၏ ပညာအရည်အချင်းသည် အဆင့်မြင့်တရားရေးအရာရှိ သို့မဟုတ် ဥပဒေ ပညာရှင်များ ဖြစ်ရမည်။ ကော်မရှင်အဖွဲ့ဝင်တစ်ဦးသည် ပြည်သူ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ဖူးသူဖြစ်ရမည်။ ကော်မရှင်အဖွဲ့ဝင် တစ်ဦး သည် အမည်စာရင်းတင်သွင်းသည့်နေ့တွင် အသက် (၂၅) နှစ်ပြည့်ပြီး ယူကရိန်းနိုင်ငံသားဖြစ်ရမည်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဖြစ်ပြီးယူကရိန်းနိုင်ငံတွင် ငါးနှစ်အခြေချနေထိုင်သူဖြစ်ရမည်။ ထို့ပြင် ယူကရိန်းဘာသာစကားကျွမ်းကျင်သူဖြစ်ရမည်။ ဗဟိုရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တစ်ဦးသည် အခြားအဖွဲ့အစည်းတစ်ခုခု၏အဖွဲ့ဝင်မဖြစ်ရန်၊ ယူကရိန်းနိုင်ငံ၏ ပြဋ္ဌာန်းထားသော ဥပဒေများအရ ရာဇဝတ်မှု ကျူးလွန်ထားသည့်မှတ်တမ်းနှင့် နိုင်ငံရေးပါတီဝင်မဟုတ်သူဖြစ်ရန်လည်း  လိုအပ်ပါသည်။ ဗဟို ကော်မရှင် အဖွဲ့ဝင်တစ်ဦး၏ သက်တမ်းသည် ၇ နှစ်သက်တမ်းဖြစ်သည်။

ဗဟိုရွေးကောက်ပွဲကော်မရှင် (CEC)သည် ယူကရိန်းဥပဒေမူဘောင်နှင့် လုပ်ထုံးလုပ်နည်းများအရ သမ္မတ ရွေးကောက်တင် မြှောက်ခြင်း၊ လွှတ်တော်ရွေးကောက်ပွဲများကျင်းပခြင်းနှင့် ဆန္ဒခံယူပွဲ ကျင်းပခြင်းတို့အပြင်  အဆင့်ဆင့်ကျင်းပပေးရသော ဒေသန္တရ ရွေးကောက်ပွဲများကိုလည်းစီမံခန့်ခွဲရသည်။

ဗဟိုရွေးကောက်ပွဲကော်မရှင် (CEC) ၏လုပ်ငန်းတာဝန်များမှာ -

(က)     ရွေးကောက်ပွဲများကျင်းပပေးခြင်း၊

(ခ)       ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ဖွဲ့စည်းပေးခြင်းနှင့် နည်းပညာများပံ့ပိုးပေးခြင်း၊

(ဂ)       ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တွင်တာဝန် ထမ်းဆောင်မည့်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့အား လုပ်ငန်း စွမ်းရည်မြှင့် သင်တန်းများပို့ချပေးခြင်း၊

(ဃ)     လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်းအား ဥပဒေနှင့်အညီ ကြီးကြပ်ခြင်း၊

(င)       နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းအားဥပဒေနှင့်အညီကြီးကြပ်ခြင်း၊

(စ)       ရွေးကောက်ပွဲဆိုင်ရာနယ်မြေ သို့မဟုတ် မဲဆန္ဒနယ်မြေများသတ်မှတ်ခြင်း၊

(ဆ)     ရွေးကောက်ပွဲတွင် အသုံးပြုမည့်မဲလက်မှတ်များ ပုံနှိပ်ခြင်းနှင့်ဖြန့်ဝေပေးခြင်း၊

(ဇ)       နိုင်ငံပြင်ပရွေးကောက်ပွဲနယ်မြေများမှ ရောက်ရှိလာသော မဲလက်မှတ်များနှင့်မဲဆန္ဒရှင်များ၏ စာရွက်စာတမ်းများကို  နိုင်ငံခြားရေး ဝန်ကြီးဌာနကိုယ်စား ရပ်ကွက်/ကျေးရွာအုပ်စု အဆင့်ရွေးကောက်ပွဲကော်မရှင်များသို့ ပေးအပ်ခြင်း၊

(ဈ)       ခရိုင်ရွေးကောက်ပွဲကော်မရှင်နှင့်ရပ်ကွက်/ကျေးရွာအုပ်စုအဆင့်  ရွေးကောက်ပွဲကော်မရှင်တို့၏လုပ်ထုံးလုပ်နည်းနှင့်အညီ မဲရလဒ်များရေတွက်ခြင်းနှင့် ရလဒ်များထုတ်ပြန် ကြေညာခြင်းတို့နှင့်စပ်လျဉ်း၍ ကြီးကြပ်ခြင်း၊

(ည)      ရွေးကောက်ပွဲရလဒ်များ ထုတ်ပြန်ကြေညာခြင်း စသည်တို့ဖြစ်ပါသည်။          

ဗဟိုရွေးကောက်ပွဲကော်မရှင်(CEC)၏ လက်အောက်တွင် ခရိုင်အဆင့်ရွေးကောက်ပွဲကော်မရှင် (District Election Commissions-DECs)နှင့် ရပ်ကွက်/ကျေးရွာအုပ်စု အဆင့်ရွေးကောက်ပွဲကော်မရှင်(Precinct Election Commissions-PECs)  တို့ရှိသည့်အပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင် (Territorial Election Commissions- TECs)နှင့်  ပြည်ပရွေးကောက်ပွဲဆိုင်ရာ နယ်မြေ (Foreign Electoral District)တို့လည်းရှိသည်။ ရပ်ကွက်/ကျေးရွာအုပ်စုအဆင့် ရွေးကောက်ပွဲကော်မရှင်ကို မဲဆန္ဒရှင် အနည်း အများအလိုက် သုံးပိုင်းခွဲထားသည်။ ၎င်းတို့မှာ-

(က)     မဲဆန္ဒရှင် ၅၀၀ အောက်ပါဝင်သော အသေးစား နယ်မြေရွေးကောက်ပွဲကော်မရှင်၊

(ခ)       မဲဆန္ဒရှင် ၅၀၀ မှ ၁၅၀၀ ထိပါဝင်သော အလတ်စားနယ်မြေရွေးကောက်ပွဲကော်မရှင်၊ 

(ဂ)       မဲဆန္ဒရှင် ၁၅၀၀ မှ ၂၅၀၀ ထိပါဝင်သော အကြီးစားနယ်မြေရွေးကောက်ပွဲကော်မရှင်။

လွှတ်တော်မဲဆန္ဒနယ်မြေများသတ်မှတ်ခြင်း

ယူကရိန်းနိုင်ငံ၏ ရွေးကောက်ပွဲများအတွက် မဲဆန္ဒနယ်မြေ နယ်နိမိတ်နှင့်နံပါတ်စဉ်များကို ဗဟိုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ကျင်းပမည့် နေ့မတိုင်မီ ၁၇၅ ရက်ထက်နောက်မကျစေဘဲ သတ်မှတ်ပေးသည်။ ယူကရိန်းနိုင်ငံတွင် မဲဆန္ဒနယ်မြေ (Constituency)ကို ရွေးကောက်ပွဲဆိုင်ရာနယ်မြေများ (Electoral Districts) ဟုလည်းသုံးနှုန်းကြသည်။ ယူကရိန်းနိုင်ငံတွင် မဲဆန္ဒ နယ်မြေများကို မဲဆန္ဒရှင်ပေါ်မူတည်၍ သတ်မှတ်ပြီး မဲဆန္ဒနယ်မြေတစ်ခုသတ်မှတ်ရာတွင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒရှင်အရေ အတွက် ပျမ်းမျှ ၁၂ ရာခိုင်နှုန်းထက် မကျော်လွန်ရဟု ပြဋ္ဌာန်းထားပါသည်။ ၂၀၁၂ ခုနှစ်၌ မဲဆန္ဒနယ်မြေများသတ်မှတ်ခဲ့စဉ်က မဲဆန္ဒ နယ်မြေတစ်ခုတွင် ပျမ်းမျှမဲဆန္ဒရှင်ဦးရေ ၁၆၁၂၂၅ ဦးရှိခဲ့သည်။ ယူကရိန်းနိုင်ငံ၏ နိုင်ငံပြင်ပမဲဆန္ဒနယ်မြေသည် နိုင်ငံပြင်ပတွင် တည်ရှိသော ရွေးကောက်ပွဲဆိုင်ရာနယ်မြေများကို စုပေါင်းထားခြင်းဖြစ်သည်။ ယင်းနယ်မြေများတွင် ယူကရိန်းငြိမ်းချမ်းမှု ထိန်းသိမ်း ရေး တပ်ဖွဲ့များတည်ရှိရာ နိုင်ငံပြင်ပစစ်အခြေစိုက်စခန်းများ၊ သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများ၌ မဲရုံများဖွင့်လှစ်ထားသော နယ်မြေများ ပါဝင်သည်။

၂၀၁၉ ခုနှစ် လွှတ်တော်ရွေးကောက်ပွဲတွင် PR စနစ်ဖြင့်ကျင်းပမည့် (Single Nationwide Constituency) မဲဆန္ဒနယ်မြေကို နိုင်ငံပြင်ပရှိ မဲဆန္ဒနယ်မြေများအပါအဝင် ယူကရိန်းတစ်နိုင်ငံလုံး ကိုသတ်မှတ်ပြီး ရွေးကောက်ပွဲကျင်းပခဲ့သည်။  FPTP စနစ်ဖြင့် ကျင်းပမည့် (Single-member Constituencies) မဲဆန္ဒနယ်မြေပေါင်း ၂၂၅ နယ်ရှိသည့်အနက် ၁၉၉ နယ်သတ်မှတ် ၍သာ ရွေးကောက်ပွဲ ကျင်းပခဲ့ကြောင်းတွေ့ရသည်။ အကြောင်းမှာ၂၀၁၄ ခုနှစ်မှစ၍ ယူကရိန်းအားဆန့်ကျင်သည့် ရုရှားလက်နက် ကိုင်များကြောင့် Sevastopol မြို့တွင်ရှိသော မဲဆန္ဒနယ်မြေ ၂ နယ်၊ ခရိုင်းမီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မဲဆန္ဒနယ်မြေ ၁၀ နယ်၊ Donetsk ဒေသမှမဲဆန္ဒနယ်မြေ ၉ နယ်နှင့် Luhansk ဒေသမှ မဲဆန္ဒနယ်မြေ ၅ နယ် စုစုပေါင်း မဲဆန္ဒနယ်မြေ ၂၆ နယ်တို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသောကြောင့် ဖြစ်သည်။      

ဆက်လက်ဖော်ပြပါမည်။

ဆံရစ်ဝိုင်း