အလုပ်သမားများ လုပ်ငန်းခွင်အတွင်း COVID-19 ရောဂါပိုးတွေ့ရှိပါက အလုပ်မဆင်းစေဘဲ ကန့်သတ်ထားရှိရန် ထုတ်ပြန်

အလုပ်သမားများကို လုပ်ငန်းခွင်အတွင်း COVID-19 ရောဂါပိုးတွေ့ရှိပါက အလုပ်မဆင်းစေဘဲ ကန့်သတ်ထားရှိရန် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည်။ အဆိုပါ ထုတ်ပြန်ချက်တွင် စက်ရုံအတွင်း၌ COVID-19 ရောဂါ အတည်ပြုလူနာတွေ့ရှိပါက ယင်းလူနာနှင့် ခြောက်ပေပတ်လည်တွင် အလုပ်လုပ်ကိုင်သူများ၊ Section တစ်ခုတည်း လုပ်ကိုင်သူများ၊ အဆောင် တစ်ခုတည်း၌ အတူ နေထိုင်သူများ၊ ဖယ်ရီ တစ်စီးတည်း အတူစီးသူများနှင့်ထမင်း အတူစားသည့် အလုပ်သမားများကို အလုပ်ခွင်သို့ လာရောက်ခြင်းမပြုဘဲ ကန့်သတ်ထားရမည် ဖြစ်သည်။ ထို့ပြင် အလုပ်သမားတိုင်း  မဖြစ် မနေ Mask တပ်ဆင်ရန်၊ ဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင် လက်ဆေးရန်နှင့် ထမင်း စားရာတွင် ဝိုင်းဖွဲ့စားသောက်ခြင်းမပြုစေဘဲ ထမင်းစားခန်း၌ တစ်ဦးနှင့်တစ်ဦး ခြောက်ပေ ခွာ၍ စားစေရမည်ဟု ပါဝင်သည်။ လက်ရှိတွင် စက်ရုံ၊ အလုပ်ရုံနှင့်အလုပ်ဌာနများ၌ COVID-19 ရောဂါကူးစက်ခံရသည့် အလုပ်သမား ၆၀ ကျော်ရှိပြီး Quarantine ဝင်နေရသည့် အလုပ်သမားဦးရေ ၄၀၀ ကျော်ရှိကြောင်း သိရသည်။

ဇွန်သီတာ