ဥပဒေပြုရေးဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲများအပေါ်လေ့လာခြင်း(ယူကရိန်းနိုင်ငံ)

ဥပဒေပြုရေးဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲများအပေါ်လေ့လာခြင်း(ယူကရိန်းနိုင်ငံ)

ယမန်နေ့မှအဆက်

လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်းများနှင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိသူများ

ယူကရိန်းနိုင်ငံ၏ ဥပဒေအရအောက်ဖော်ပြပါ ပုဂ္ဂိုလ်များသည် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင် ခွင့်ရှိသည် -

(က)     ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အသက် (၂၁)နှစ်ပြည့်ပြီး  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ၊

(ခ)       ယူကရိန်းနိုင်ငံသားဖြစ်သူ၊

(ဂ)       ယူကရိန်းနိုင်ငံတွင် အနည်းဆုံး(၅)နှစ်အခြေချနေထိုင်သူ၊

(ဃ)     ရာဇဝတ်မှုကျူးလွန်ထားခြင်းမရှိသူ။

အောက်ဖော်ပြပါပုဂ္ဂိုလ်များသည် ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရမည် မဟုတ်ပါ-

(က)     အစိုးရဌာန ဗဟိုအဖွဲ့အစည်းများ၏ ဥက္ကဋ္ဌဖြစ်သူ၊

(ခ)       အစိုးရအဖွဲ့ဝင်ဖြစ်သူ၊

(ဂ)       အစိုးရမဟုတ်သောအဖွဲ့အစည်းတစ်ခုအတွက် ရွေးကောက်ခံအရာရှိဖြစ်သူ၊

(ဃ)     နိုင်ငံခြားတိုင်းပြည် (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုခု၏အဖွဲ့ဝင်ဖြစ်သူ၊

(င)       အစိုးရရှေ့နေဖြစ်သူ။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း

ယူကရိန်းနိုင်ငံတွင် နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲကျင်းပမည့်နေ့မတိုင်မီ ရက်ပေါင်း ၃၆၅ ရက်(တစ်နှစ်) ထက်နောက် မကျစေဘဲ ပါတီမှတ်ပုံတင်ထားရမည်ဖြစ်သည်။ နိုင်ငံရေးပါတီများ သည် ရွေးကောက်ပွဲတွင် အမည်စာရင်း တင်သွင်းမည့် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရန်အတွက် ပါတီကိုယ်စားလှယ်ဦးရေ ၂၀၀ ထက်မနည်းတက်ရောက်ပါဝင်သော ညီလာခံ တစ်ခုကို ရွေးကောက်ပွဲမတိုင်မီ ရက်ပေါင်း ၉၀ ထက်နောက်မကျဘဲ ကျင်းပရမည်ဖြစ်သည်။  အဆိုပါညီလာခံကျင်းပမည့်  အချိန်၊ နေ့ရက်နှင့် နေရာတို့အား ဗဟိုရွေးကောက်ပွဲကော်မရှင်သို့ ညီလာခံမကျင်းပမီ ၅ ရက်ထက် နောက်မကျဘဲ ဆောလျင်စွာ တင်ပြရမည်ဖြစ်သည်။ နိုင်ငံရေးပါတီများအနေဖြင့် Single Nationwide Constituency တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းအမည်စာရင်းတင်သွင်းရာတွင် ကိုယ်စားလှယ်လောင်းဦးရေ အနည်းဆုံး ၁၈ ဦးနှင့် အများဆုံး ၄၅၀ ဦး တင်သွင်းနိုင်သည်။

လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်း

ယူကရိန်းနိုင်ငံတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်းကို ရွေးကောက်ပွဲမကျင်းပမီ အနည်းဆုံး ၈၅ ရက်ထက်နောက်မကျဘဲ ဗဟိုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားတင်ပြရသည်။ သို့သော် ပါတီမှအမည်စာရင်း တင်သွင်း ထားသော  လွှတ်တော်ကိုယ်စားလှယ်လောင်းကို ဗဟိုရွေးကောက်ပွဲကော်မရှင် (CEC) မှမှတ်ပုံတင်ရန် ငြင်းပယ်ခဲ့ပါက ၇၅ ရက်ထက် နောက်မကျစေဘဲတင်ပြရမည်ဖြစ်သည်။ ကိုယ်စားလှယ်လောင်းများသည် ၎င်းတို့၏ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်း ခြင်းအား ပြန်လည်ရုပ်သိမ်းနိုင်သော်လည်း ရွေးကောက်ပွဲကျင်းပမည့်နေ့မတိုင်မီ  ၂၃  ရက် ထက်နောက် မကျစေဘဲ ရုပ်သိမ်းနိုင် သည်။   ၂၀၁၉ ခုနှစ် လွှတ်တော်ရွေးကောက်ပွဲတွင် အမည်စာရင်း တင်သွင်းခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် လောင်းဦးရေ ၅၈၄၅ ဦးရှိခဲ့သည့်အနက် ကိုယ်စားလှယ်လောင်း ၃၁၇၁ ဦးသည် Single-member Constituencies တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ၂၆၇၄ ဦးသည် Single Nationwide Constituency တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။ လွှတ်တော်ရွေးကောက်ပွဲ၌ အချိုးကျ ကိုယ်စားပြုစနစ် PR တွင် ရွေးချယ်ခံမည့် နိုင်ငံရေးပါတီများသည် အာမခံကြေးအဖြစ် ယူကရိန်းနိုင်ငံ၏ အနည်းဆုံး လုပ်ခလစာ ပမာဏ၏အဆ ၁၀၀၀ ဖြစ်သော ယူကရိန်းငွေကြေး ၄၁၇၃၀၀၀ ဟီရီဗင်းညား (USD 150,000) ကို ပေးသွင်းရမည်။  မဲများသူ အနိုင်ရစနစ် FPTP ဖြင့် ပြုလုပ်မည့် မဲဆန္ဒနယ်မြေများအတွက် ကိုယ်စားလှယ်လောင်းများသည် ယူကရိန်းနိုင်ငံ၏ အနည်းဆုံး လုပ်ခလစာပမာဏ၏ အဆ ၁၀ ဖြစ်သော ယူကရိန်းငွေကြေး ၄၁၇၃၀ ဟီရီဗင်းညား (USD 1,500))ကို ပေးသွင်းရမည်။ ပါတီ သို့မဟုတ် ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲတွင်အနိုင်ရရှိပါက တင်သွင်းထားသော အာမခံကြေးငွေ ပြန်လည်ရရှိ မည်ဖြစ်သည်။

မဲဆွယ်စည်းရုံးခြင်း

ယူကရိန်းနိုင်ငံတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးသည့်ကာလကို ဗဟိုရွေးကောက်ပွဲကော်မရှင်မှ   လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းကြေညာသည့်နေ့မှစ၍ Silent Day မတိုင်မီနေ့ထိ သတ်မှတ်သည်။ လွှတ်တော် ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရာတွင် ပြည်သူများနှင့်တွေ့ဆုံဟောပြောခြင်း၊ မဲဆန္ဒရှင်များနှင့်တွေ့ဆုံခြင်း၊ သရုပ်ပြဆောင်ရွက်ခြင်း၊ လမ်းလျှောက်ခြင်း၊ ပြည်သူများနှင့်ဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို အသုံးပြုသည်။ ထို့ပြင် သရုပ်ဖော်ပုံများ၊ ဗီဒီယိုများ၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့မှတစ်ဆင့်လည်း မဲဆွယ်စည်းရုံးကြသည်။

မဲပေးပိုင်ခွင့်ရှိသူများနှင့်မဲပေးပိုင်ခွင့်မရှိသူများ

ယူကရိန်းနိုင်ငံတွင် အောက်ဖော်ပြပါပုဂ္ဂိုလ်များသည် ရွေးကောက်ပွဲ၌ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်-

(က)     အသက်(၁၈)နှစ်ပြည့်ပြီးသူ၊

(ခ)       ယူကရိန်းနိုင်ငံသားဖြစ်သူ၊

(ဂ)       နိုင်ငံတော်၏ခွင့်ပြုချက်ဖြင့်နိုင်ငံပြင်ပရောက်ရှိနေသူ။

ယူကရိန်းနိုင်ငံတွင် စိတ်ပေါ့သွပ်နေသူဟု ဥပဒေအရ တရားဝင်ဆုံးဖြတ်ကြေညာခြင်းခံထားရသောသူသည် ရွေးကောက်ပွဲ၌ ဆန္ဒမဲပေး ပိုင်ခွင့်မရှိပါ။

မဲဆန္ဒရှင်စာရင်းပြုစုခြင်း

ယူကရိန်းဥပဒေအရ ရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းကို ရပ်ကွက်/ကျေးရွာအုပ်စုအဆင့် ရွေးကောက်ပွဲ ကော်မရှင်များက အိမ်ထောင်စုနှင့် နေရပ်လိပ်စာအတိုင်း ကောက်ယူသည်။ ကောက်ယူပြီးသော အခြေခံမဲဆန္ဒရှင်များစာရင်းကို မဲဆန္ဒရှင်မှတ်ပုံတင်စာရင်းထိန်းသိမ်းရေးအဖွဲ့ (State Voter Register Maintenance Body)မှပြုစုသည်။ မဲဆန္ဒရှင်များသည် Online မှတစ်ဆင့် မဲဆန္ဒရှင်မှတ်ပုံတင်လျှောက်လွှာ (State Voter Register) တင်သွင်း၍လည်းလျှောက် ထားနိုင်သည်။ မဲဆန္ဒရှင်မှတ်ပုံတင် စာရင်းထိန်းသိမ်းရေးအဖွဲ့သည် ရွေးကောက်ပွဲကျင်းပသည့်နေ့မတိုင်မီ ၂၄ ရက်ထက်နောက်မကျစေဘဲ ဗဟိုရွေးကောက်ပွဲ ကော်မရှင်မှ သတ်မှတ်ထားသည့်ပုံစံအတိုင်း ကပ်ထားကြေညာနိုင်ရန်ဆောင်ရွက်ရသည်။ မဲဆန္ဒရှင်မှတ်ပုံတင် စာရင်းထိန်းသိမ်းရေး အဖွဲ့မှဖော်ပြထားသည့် အချက်အလက်များအရ ရွေးကောက်ပွဲနေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူ သို့မဟုတ် အသက်(၁၈)နှစ် ပြည့်မည့် ယူကရိန်းနိုင်ငံသားများကို အခြေခံမဲဆန္ဒရှင်စာရင်းတွင် ထည့်သွင်းထားသည်။ အဆိုပါမဲဆန္ဒရှင်စာရင်းများသည် မဲဆန္ဒရှင်များ၏ သက်ဆိုင်ရာ နေရပ်ဒေသရှိမဲရုံများ၌သာ ပါဝင်နေမည်ဖြစ်သည်။ မဲဆန္ဒရှင်မှတ်ပုံတင်စာရင်း ထိန်းသိမ်းရေးအဖွဲ့ သည် ရွေးကောက်ပွဲမကျင်းပမီ ၃ ရက်အတွင်း နောက်ဆုံးမဲဆန္ဒရှင်စာရင်းများကို  မဲရုံအလိုက်ပြုစုသည်။ စစ်ဆေးပြီးသော နောက်ဆုံးမဲဆန္ဒရှင်စာရင်းကို ခရိုင်အဆင့်ရွေးကောက်ပွဲကော်မရှင် (ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲ ကော်မရှင် အပါ အဝင်)နှင့် မဲရုံများသို့ ဖြန့်ဝေပေးပြီး ကပ်ထားကြေညာစေသည်။

အခြေခံမဲဆန္ဒရှင်စာရင်းတွင် မဲဆန္ဒရှင်၏ မျိုးရိုးအမည်၊  ရှေ့နာမည်စာလုံး၊  နောက်ဆုံးနာမည် စာလုံး၊ မွေးသက္ကရာဇ်နှင့် နေရပ် လိပ်စာတို့ပါရှိသည်။ ယူကရိန်းနိုင်ငံတွင် မဲဆန္ဒရှင်စာရင်းကို အိမ်ထောင်စုနှင့်နေရပ်လိပ်စာအပေါ်အခြေခံ၍ ကောက်ယူထား သဖြင့် အခြေခံမဲဆန္ဒရှင်စာရင်းတွင် နေရပ်လိပ်စာတူညီသောမဲဆန္ဒရှင်များကို ယင်းတို့၏အိမ်လိပ်စာများအတိုင်း အစီအစဉ်တကျဖြစ်စေရန် နောက်ဆက်တွဲဖြင့် ထည့်သွင်းဖော်ပြပေးထားပါသည်။

ကြိုတင်မဲပေးခြင်း

ယူကရိန်းနိုင်ငံတွင် သမ္မတရွေးကောက်ပွဲ၊ လွှတ်တော်ရွေးကောက်ပွဲ၊ ပြည်နယ်၊ ခရိုင်၊ မြို့နှင့် ကျေးရွာကောင်စီအဖွဲ့ဝင်များ   ရွေးကောက်ခြင်းနှင့် မြို့တော်ဝန်ရွေးကောက်ပွဲတို့တွင် ရွေးကောက်ပွဲကျင်းပမည့်နေ့မတိုင်မီ သောကြာနေ့ ည ၈ နာရီထက် နောက်မကျဘဲ Mail မှဖြစ်စေ၊ မဲရုံ၌မဲဆန္ဒရှင် ကိုယ်တိုင်ဖြစ်စေ ကြိုတင်မဲပေးနိုင်သည်။ သို့သော် ပြည်သူ့ဆန္ဒခံယူပွဲတွင် မဲဆန္ဒရှင် များသည် ဆန္ဒခံယူပွဲကျင်းပမည့် နေ့မတိုင်မီ ညနေ ၄ နာရီထိသာ ကြိုတင်မဲပေးနိုင်သည်။ ကြိုတင်မဲပေးမည့် မဲဆန္ဒရှင်များသည် မဲပေးခြင်းလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဖြည့်သွင်းရမည့် ပုံစံများအတိုင်း ဖြည့်သွင်းလျှောက်ထားနိုင်သည်။

ရွေးကောက်ပွဲနေ့ဆန္ဒမဲပေးခြင်းနှင့်မဲရလဒ်များထုတ်ပြန်ကြေညာခြင်း

ရွေးကောက်ပွဲနေ့တွင် မဲဆန္ဒရှင်များသည် နံနက် ၈ နာရီမှ ည ၈ နာရီထိဆန္ဒမဲပေးနိုင်သည်။ ရွေးကောက်ပွဲတွင် မသန်စွမ်း မဲဆန္ဒရှင်များလည်း ဆန္ဒမဲပေးနိုင်သည်။ အမြင်အာရုံချို့ယွင်းနေသော မဲဆန္ဒရှင်များသည် Tactile Voting Devices ကိုအသုံးပြု၍ ဆန္ဒပြုနိုင်သကဲ့သို့ အခြားသူတစ်ဦးဦးကိုဖြစ်စေ၊ မဲရုံဝန်ထမ်းတစ်ဦးဦးကိုဖြစ်စေ ကိုယ်စားဆန္ဒပြုစေခြင်းဖြင့်လည်း ဆန္ဒမဲပေး နိုင်သည်။ ထိုသို့ ကိုယ်စားဆန္ဒပြုမည့်သူသည် မသန်စွမ်းမဲဆန္ဒရှင်၏ ဆုံးဖြတ်ချက်နှင့် ရွေးချယ်မှုကိုသာ ဆန္ဒပြုပေး ရမည်ဖြစ်သည်။ ထို့ပြင် မဲရုံသို့ကိုယ်တိုင်လာရောက် မဲပေးနိုင်ခြင်းမရှိသည့် မဲဆန္ဒရှင်များသည် အီလက်ထရွန်နစ်မဲပေးခြင်း စနစ်များဖြစ်သော မိုဘိုင်းဖုန်းဖြင့်သော်လည်းကောင်း၊ Mail ဖြင့်သော်လည်းကောင်း ဆန္ဒမဲပေးနိုင်သည့်အပြင် ကြိုတင် ဆန္ဒမဲဖြင့် လည်း ဆန္ဒပြုနိုင် သည်။

သမ္မတရွေးကောက်ပွဲနှင့် လွှတ်တော်ရွေးကောက်ပွဲများ၏ မဲရလဒ်များကို မဲဆန္ဒနယ်မြေအလိုက်ထုတ်ပြန်သည်။ ဆန္ဒမဲလက်မှတ်များ ရေတွက်ပြီးနောက်တွင် ရပ်ကွက်/ကျေးရွာအုပ်စုအဆင့် ရွေးကောက်ပွဲကော်မရှင်များသည် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအလိုက် မဲရလဒ်များထုတ်ပြန်သည်။ ထို့နောက် ခရိုင်အဆင့်ရွေးကောက်ပွဲကော်မရှင်များသည် သက်ဆိုင်ရာခရိုင်အလိုက် မဲရုံများအားလုံးမှ စုစည်းရရှိသောမဲရလဒ်များကို စုပေါင်းပြီးနောက် မဲရလဒ်ထုတ်ပြန်သည်။ ဗဟိုရွေးကောက်ပွဲကော်မရှင်သည် ပြည်တွင်းမဲဆန္ဒ နယ်မြေများ၏ မဲရလဒ်များနှင့် ပြည်ပမဲရလဒ်များကိုစုပေါင်းပြီး နောက်ဆုံးမဲရလဒ် (Final Result)ကို ထုတ်ပြန်ကြေညာသည်။

မဲပေးသည့်ရာခိုင်နှုန်းများလေ့လာခြင်း

ယူကရိန်းနိုင်ငံတွင်  သမ္မတရွေးကောက်ပွဲ၏ မဲပေးသည့်ရာခိုင်နှုန်းသည် လွှတ်တော် (The Verkhovna Rada) ရွေးကောက်ပွဲထက် ရာခိုင်နှုန်းပိုမိုမြင့်မားကြောင်းတွေ့ရှိရသည်။ ယူကရိန်းနိုင်ငံတွင် ၁၉၉၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ လွှတ်တော်ရွေးကောက်ပွဲ (The Verkhovna Rada) များ၏ ပျမ်းမျှမဲပေးသည့်ရာခိုင်နှုန်းသည် ၆၈.၁၃ ရှိခဲ့သည်။ ၂၀၁၂ ခုနှစ် လွှတ်တော်ရွေးကောက်ပွဲတွင် မဲပေးသည့်ရာခိုင်နှုန်းစုစုပေါင်းသည် ၅၇.၉၉ ဖြစ်ခဲ့ပြီး ခရိုင်မီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မဲပေးသည့်ရာခိုင်နှုန်းမှာ ၄၉.၄၆ သာရရှိခဲ့သည်။ ၂၀၁၄ ခုနှစ် လွှတ်တော်ရွေးကောက်ပွဲတွင် မဲပေးသည့်ရာခိုင်နှုန်း ၅၂.၄၂ ဖြစ်ပြီး သမ္မတရွေးကောက်ပွဲ၏ မဲပေးသည့် ရာခိုင်နှုန်းသည် ၆၀ ဖြစ်သည်။ ၂၀၁၉ ခုနှစ်၌ နောက်ဆုံးအကြိမ်ကျင်းပပြီးစီးခဲ့သည့် လွှတ်တော်(The Verkhovna Rada) ရွေးကောက်ပွဲတွင် မဲပေးသည့်ရာခိုင်နှုန်း ၄၉.၈၄ ရရှိခဲ့သည်။ ယင်းရွေးကောက်ပွဲတွင် ခရိုင်မီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ခြင်းမရှိပါ။   ဤသို့ဖြင့် ယူကရိန်းနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှစ၍ ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသည့်နယ် မြေများ ကြောင့် မဲပေးသည့်ရာခိုင်နှုန်း ကျဆင်းလာသည်ကို တွေ့ရပါသည်။

နိဂုံး

ယူကရိန်းနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် တွင်းထွက်သယံဇာတပေါများသော စက်မှုလုပ်ငန်းထွန်းကားပြီး ဒီမိုကရေစီ စနစ်ခိုင်မာသော နိုင်ငံဖြစ်သည်။ ယူကရိန်းနိုင်ငံသည် အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာနှင့် တရားစီရင်ရေးအာဏာစသည့် ကောင်းမွန်သော စနစ်တို့ဖြင့် ယူကရိန်းနိုင်ငံသားတို့အပေါ် အုပ်ချုပ်လျက်ရှိသည်။ ယူကရိန်းနိုင်ငံ၏ နိုင်ငံရေးသမိုင်းတွင် ၂၀၁၄ ခုနှစ်နောက်ပိုင်း၌ ခရိုင်မီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နယ်မြေပဋိပက္ခများကြောင့် ၎င်းဒေသများ၌ ရွေးကောက်ပွဲ ကျင်းပ နိုင်ခဲ့ခြင်း မရှိသော်လည်း ၁၉၁၈ ခုနှစ်မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပပြီး ဒီမိုကရေစီ စနစ်ကျင့်သုံးလျက်ရှိကြောင်းတွေ့ရပါသည်။ သို့ဖြစ်ပါ၍ ယူကရိန်းနိုင်ငံသည် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပခြင်းဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနေသော နိုင်ငံဖြစ်ပါကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။

ကိုးကားချက်

-https://en.wikipedia.org/wiki/Ukraine

-https://www.ifes.org/sites/default/files/ifes_faqs_elections_in_ukraine_...

-https://en.wikipedia.org/wiki/Elections_in_Ukraine

-https://en.wikipedia.org/wiki/Next_Ukrainian_parliamentary_election# Electoral_System From Wikipedia, the free encyclopedia

-https://cedem.org.ua/en/analytics/electiondeposit-during-the-national-el... experience/

-https://en.wikipedia.org/wiki/Electoral_districts_of_Ukraine

-https://en.wikipedia.org/wiki/2019_Ukrainian_parliamentary_election

-https://www.ifes.org/sites/default/files/ukraine_napd_disability_access-...

-https://en.wikipedia.org/wiki/Central_Election_Commission_(Ukraine)

-https://ukrainetrek.com/about-ukraineoverview/ukrainian-political-system

-https://en.wikipedia.org/wiki/President_of_Ukraine

-https://www.legislationline.org/download/id/3380/file/Ukraine_Regulation...

-https://www.legislationline.org/download/id/4195/file/Ukraine_Parliament...

-https://www.justice.gov/sites/default/files/eoir/legacy/2013/11/08/const...

 ဆံရစ်ဝိုင်း