စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၃) သင်တန်းဆင်းဂုဏ်ပြုဆောင်းပါး

စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၃) သင်တန်းဆင်းဂုဏ်ပြုဆောင်းပါး

အောင်စိတ်အောင်သွေး ပြည့်ရှေ့ရေးနှင့်အောင်စစ်သည်

စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၃)သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနား ကျင်းပပုံများကို ၇-၁၂-၂၀၂၁ ရက်နံနက် ၇ နာရီ ၃၀ မိနစ်မှစတင်၍ MRTV၊ MWD Channel နှင့် MWD Variety Channel တို့မှတိုက်ရိုက် ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း မိဘပြည်သူများအား ကြိုတင် သတင်းကောင်းပါးထားပြီး ဖြစ်ပါသည်။ အမိနိုင်ငံကို ချစ်မြတ်နိုးသူ ပြည်သူတိုင်းက အနာဂတ်နိုင်ငံတော် အတွက်အားကိုး အားထားပြုရမည့် ခေါင်းဆောင်များ ပေါ်ထွက်လာခြင်းကို ဝမ်းသာအားရ ကြိုဆိုကြသည်။

ဗိုလ်လောင်းများ၏ မိဘ၊ ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးများကလည်း ဝမ်းသာကြည်နူးမှုအပြည့်ဖြင့် ထိုသင်တန်းဆင်းပွဲသို့ တက်ရောက်ကြသည်။ သားရွှေအိုးထမ်းလာသည်ကိုမြင်ရသော မိဘများအဖြစ် ဂုဏ်ယူဝင့်ကြွားနိုင်ကြသည်။

သားလိမ္မာများအတွက် မိဘများမည်မျှ ကြည်နူးပီတိဖြစ်နေမည်ကို တွေးကြည့်မိသည်။ နိုင်ငံတော် အတွက်သားကောင်း ရတနာများ ဖြစ်ကြသလို မိဘများအတွက် အဖိုးတန်သားလိမ္မာများဖြစ်သည်။ ယနေ့ ကာလလူငယ် အချို့သည်မိမိတို့၏ ဘဝကိုတန်ဖိုးမဲ့စွာ ဖြတ်သန်းကြပြီး အကြမ်းဖက်အဖျက်သမားများအဖြစ် တန်ဖိုးမဲ့နေချိန်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းဆင်း လူငယ်များ သည် တန်ဖိုးရှိသောလူငယ်များအဖြစ် ကြွားကြွားဝင့်ဝင့် တင့်တင့်တယ်တယ်ရှိနေပြီဖြစ်ပါသည်။ စာရေးသူသည် သင်တန်းဆင်းပွဲ အခမ်းအနားကို မမှိတ်မသုန်ကြည့်နေရင်း မဏိရတနာပုံကျမ်းတွင် ဖော်ပြထားသော ဝန်ဇင်းမင်းရာဇာ၏ စကားများ ကိုပြန်လည် တွေးနေမိသည်။

ထိုကျမ်းတွင်ဘုရင်မင်းခေါင်က “အဘိုးရာဇာ၊ လူတို့တွင်  မိကောင်းဖကောင်း သားသမီးကားဖြစ် လွယ်၏။ သားကောင်း သမီးကောင်း တို့မိဘမူကား အလွန်ပင်ဖြစ်ခဲသည်မဟုတ်တုံလော” ဟုမေးခဲ့သည်။ မင်းရာဇာက “အရှင့်သားဆိုတော်မူတိုင်းဟုတ်လှပေ၏။ အရှင့်သား အကြင်သားသမီးတို့သည် မိဘတို့အား ကျင့်ရာသောဝတ်ငါးပါးနှင့်ပြည့်စုံအောင်ပြုမှ ချမ်းသာရသည်ဖြစ်ရာ၏။ သားသမီး တို့ကျင့်ဝတ်ငါးပါးဟူသည်ကား မိဘကိုလုပ်ကျွေးခြင်းလည်းတစ်ပါး၊ မိမိအမှုကိုပစ်၍ မိဘတို့၏အမှုကိုရွက်ဆောင်ခြင်းလည်းတစ်ပါး၊  အမျိုးပွားပြန့်အောင်ပြုခြင်းလည်းတစ်ပါး၊ အမွေကိုခံထိုက်အောင်ကျင့်ခြင်းလည်းတစ်ပါး၊ မိဘသေလွန်လျှင်လည်း   ငါ့မိဘတို့ရစေဟု ကုသိုလ်ကောင်းမှုပြု၍ ဝေငှခြင်းလည်းတစ်ပါး၊ ဤသည်လျှင် ကျင့်ဝတ်ငါးပါးတည်း။ အကြင်သားသည် အဆင်းအရောင် လှပငြားသော်လည်း ဤကျင့်ဝတ်ငါးပါးလည်းမရှိ၊ဓမ္မသတ် နီတိကျမ်းလည်းမတတ်၊ ထိုသားကိုမွေးသဖြင့် ငါ့သားဟူ၍ မျက်စိဖြင့် ကြည့်ရသည့် အကျိုးတစ်ခုသာလျှင် အကျိုးရှိသည်။ ထိုသို့သောသားသည် သူရူးနှင့်သာတူသည်ဟူ၍ပညာရှိတို့ဆိုကုန်၏” ဟူ၍ဘုရင် မင်းခေါင်ကို ပြန်လည်ဖြေကြားခဲ့သည်။ ယနေ့ကာလသတင်းစာများတွင် မိဘများကသားသမီးတို့အပေါ် အမွေပြတ် စွန့်လွှတ်နေ ခြင်းမှာ ထိုသို့သော သူရူးနှင့်တူသူများကြောင့် ဖြစ်ပေသည်။

စစ်တက္ကသိုလ်တွင် လေးနှစ်တာကာလ စစ်နည်းပညာနှင့်စာပေပညာများကို သင်ယူခဲ့ကြရသော ဗိုလ်လောင်းများ၏ မိဘများသည် ကားအလွန်ပင်ဖြစ်ခဲသည့် သားကောင်းသမီးကောင်းတို့ မိဘများဖြစ်လာခဲ့ပေပြီ။ သင်တန်းဆင်းဗိုလ်လောင်းများသည်လည်း ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် သင်ယူတတ်မြောက်ခဲ့ပြီးသူများအဖြစ် နိုင်ငံ့တာဝန်၊ တပ်မတော်တာဝန်များကို ထမ်းဆောင်ကြရပေတော့မည်။ ခေါင်းဆောင်မှုနယ်ပယ်ဆိုသည်မှာ ကျယ်ပြောလှသည်။ လက်တွေ့ဖြတ်သန်းရမည့်နယ်ပယ်တွင် စာတွေ့၊ လက်တွေ့သီအိုရီများကို ကောင်းစွာအသုံးပြုကြရမည်။

မိမိအား အထက်မှပေးအပ်သော တာဝန်များကို ရည်မှန်းချက်ပြီးမြောက်သည်အထိ အောင်မြင်အောင်ထမ်းဆောင်နိုင်ရန်မှာ ခေါင်းဆောင်ကောင်း အရည်အချင်းရှိထားမှဖြစ်ပေမည်။ ယခင်ကတက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားလေးများအဆင့်မှ စစ်တက္ကသိုလ်တွင် ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန်သင်ကြားပေးလိုက်ပြီးဖြစ်သည်။ အရပ်သားဘဝတွင် မည်ကဲ့သို့သော စိတ်ထားများရှိနေသည်ဖြစ်စေ စစ်တက္ကသိုလ်က တညီတညွတ်တည်းသော စိတ်ဓာတ်ရှိအောင် စွမ်းဆောင်ပေးလိုက်ပြီးဖြစ်သည်။ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ကျင့်ကြံနေထိုင်ပြီး   မိမိနိုင်ငံနှင့်လူမျိုးကို ကာကွယ်စောင့်ရှောက်ရမည့် စိတ်ထားဖြစ် သည်။ ခေါင်းဆောင်မှု အရည်အချင်းဆိုသည်မှာ မွေးကတည်းက ပါလာကြသည်မဟုတ်ဘဲ လေ့လာ၊ ကျင့်ကြံ၊ ကြိုးစားအား ထုတ်ရခြင်းဖြစ်သည်။ ရိုးသားမှု၊ ကြိုးစားမှု၊ ကိုယ်ချင်းစာစိတ်နှင့် စိတ်ရင်းစေတနာကောင်းထားရှိမှု၊ ရောင့်ရဲတင်းတိမ်နိုင်မှု၊ လူ့သဘော သဘာဝသိရှိနားလည်နိုင်မှုတို့ဖြင့် ခေါင်းဆောင်ကောင်းဖြစ်လာစေရန် ကြိုးစားဆောင်ရွက်ကြရပေမည်။

မြန်မာနိုင်ငံသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသောတိုင်းရင်းသားလူမျိုးများ အေးအတူပူအမျှ ခွင့်တူညီမျှ နေထိုင်လျက်ရှိသော နိုင်ငံဖြစ်သည်။ တိုင်းရင်းသားမျိုးနွယ်စုပေါင်း ၁၃၅ မျိုးရှိကြောင်း မှတ်တမ်းတင်ထားပေရာ  ရှေးအစဉ်အဆက်မှ ယနေ့တိုင် ဥမကွဲသိုက်မပျက် နေထိုင်ခဲ့ကြသည်မှာ ကြည်နူးချမ်းမြေ့ဖွယ်ရာ ဖြစ်သည်။ ပြည်ထောင်စု မြန်မာနိုင်ငံအဖြစ် ပိုင်နက် နယ်မြေတိတိကျကျရှိကာ အချုပ်အခြာ အာဏာပိုင်နိုင်ငံအဖြစ် နေထိုင်နိုင်ကြသည်မှာ ပြည်ထောင်စုပြိုကွဲမှုမရှိခြင်း၊ တိုင်းရင်းသား များ စည်းလုံးညီညွတ်မှုရှိခြင်းများကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ဂုဏ်ထည်ဝါစွာ ရပ်တည်နေနိုင်သည်မှာ ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်ကျင့်သုံး လိုက်နာနေသောကြောင့် ဖြစ်ပေသည်။

ဒို့တာဝန်အရေးသုံးပါးကို တိတိကျကျဖော်ပြရလျှင် “ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေး” ဟူ၍ဖြစ်သည်။ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူ အပေါင်းက အလေးထား ရမည့် အမျိုးသားရေးတာဝန်ဖြစ်သည်။ ထိုအမျိုးသားရေးတာဝန်ကို အဓိကကာကွယ်စောင့်ရှောက်ရန်အတွက် တပ်မတော်တွင် အဓိက တာဝန်ရှိကြောင်းနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းပေးထားသည်။ တပ်မတော်သည်အင်အားတောင့် တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီသည့် တစ်ခုတည်းသော မျိုးချစ်တပ်မတော်ဖြစ်သည်ဟူ၍ ခိုင်ခိုင်မာမာပြဋ္ဌာန်းထားပေရာ  မိမိတို့နိုင်ငံတော်ကို အကြွင်းမဲ့ ကာကွယ်စောင့်ရှောက်နိုင်ရေးကို ဦးတည်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ သမိုင်းကြောင်း ပြန်ပြောင်းလေ့လာလျှင် ရင့်ကျက်ခိုင်မာသောသမိုင်းရှိသည့် အချုပ်အခြာ အာဏာပိုင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ ခရစ်နှစ် ၈၄၉ မှ ၁၂၈၇ ခုနှစ်အထိပထမမြန်မာနိုင်ငံတော်ကို ပုဂံတွင်ဗဟိုပြု၍ အနော်ရထာ ဘုရင်မင်းမြတ် ကလည်းကောင်း၊ ခရစ်နှစ် ၁၅၃၁ မှ ၁၇၅၂ ခုနှစ်အထိ ဒုတိယမြန်မာ နိုင်ငံတော်ကိုတောင်ငူနှင့် ဟံသာဝတီကိုဗဟိုပြု၍ ဘုရင့်နောင်ဘုရင်မင်းမြတ်ကလည်းကောင်း၊ ခရစ်နှစ် ၁၇၅၂ မှ ၁၈၈၅ ခုနှစ်အထိ တတိယမြန်မာနိုင်ငံတော်ကို ရွှေဘိုတွင် ဗဟိုပြု၍အလောင်းဘုရား ဦးအောင်ဇေယျ ဘုရင်မင်းမြတ်ကလည်းကောင်း စုစည်းတည်ထောင်နိုင်ခဲ့ကြခြင်းဖြစ်သဖြင့် စစ်ရေးစွမ်း ရည်ကြီးမားသော ဘုရင်မင်းမြတ်တို့ကသာ  မြန်မာအင်ပါယာနိုင်ငံ ထူထောင်နိုင်ခဲ့ကြကြောင်း တွေ့ရှိရသည်။

မြန်မာနိုင်ငံအတွင်း နှစ်ပရိစ္ဆေဒရှည်လျားစွာကပင် အတူတကွနေထိုင်လာကြသော တိုင်းရင်းသားမျိုးနွယ် ပေါင်းတစ်ရာကျော်တို့မှာ လည်း ထိုဘုရင်မင်းမြတ်များ လက်ထက်၌စည်းလုံးညီညွတ်မှု ပိုမိုခိုင်မြဲစွာအေးချမ်းစွာ နေထိုင်ခဲ့ကြကြောင်း လေ့လာသိရှိရသည်။ ဤအချက်မှာ အဆိုပါမင်းသုံးပါးတို့၏ စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်နှင့် စည်းရုံးရေးစွမ်းရည်တို့ကြောင့် ဖြစ်ပေသည်။  မြန်မာတစ်နိုင်ငံလုံး နယ်ချဲ့တို့၏ လွှမ်းမိုးအုပ်ချုပ်ခြင်းခံခဲ့ရသော သမိုင်းကြောင်းကိုသုံးသပ်ကြည့်လျှင်  ထိုစဉ်က မြန်မာနိုင်ငံတွင်  အမြဲတမ်း တပ်မတော်တစ်ရပ်မရှိခဲ့သောကြောင့်ဖြစ်သည်။

အမြဲတမ်းတပ်မတော်တစ်ရပ်မရှိခဲ့၍ လွတ်လပ်ရေးဆုံးရှုံးခဲ့ရသည်။  လွတ်လပ်ရေးဆုံးရှုံးခြင်းနှင့် အတူအမျိုးဘာသာသာသနာတို့ ချိုးနှိမ်ခြင်းခံရပြီး ညှိုးမှိန်ခဲ့ရသည်။ နိုင်ငံနှင့်လူမျိုးချစ်သည့် တိုင်းရင်းသားတို့က နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲများတွင် ပါဝင်တိုက်ပွဲ ဝင်ခဲ့ကြသည်။ အမြဲတမ်းလေ့ကျင့်ထားသော တပ်မတော်တစ်ရပ်မရှိခဲ့၍ နယ်ချဲ့တော်လှန်ရေးတိုက်ပွဲများအောင်မြင်မှုမရခဲ့ပေ။ မိမိတို့နိုင်ငံတွင် လွတ်လပ် ရေးအတွက် တပ်မတော်တစ်ရပ်ရှိမှဖြစ်မည်ဟူသော ယုံကြည်မှုပိုမိုခိုင်မာလာကြသည်။ နောက်ဆုံးတွင် သခင်အောင်ဆန်းဦးဆောင်သော မျိုးချစ်လူငယ် ၃၀ ဦးတို့သည် ပြည်ပသို့လျှို့ဝှက်ထွက်ခွာကာစစ်ပညာ သင်ယူခဲ့ကြသည်။ ၁၉၄၁ ခုနှစ် ဧပြီလ ၂၅ ရက်နေ့မှ အောက်တိုဘာလ ၅ ရက်နေ့အထိ ဟိုင်နန်ကျွန်း  စန်ယတောင်သူလယ်သမားသင်တန်းကျောင်းတွင် စစ်ပညာများ သင်ကြားလေ့ကျင့်နေစဉ် ဂျပန်နိုင်ငံတွင် ကြည်း၊ ရေ၊ လေ စစ်တက္ကသိုလ်များ သီးခြားတည်ထောင် လေ့ကျင့်ပေးနေ သောကြောင့် ဂျပန်တပ်မတော် အတွင်း လက်ရုံးတပ်ဖွဲ့တစ်ခုနှင့်တစ်ခု မနာလိုဝန်တိုစိတ်များထားရှိမှု၊ ဂုဏ်တုဂုဏ်ပြိုင် စိတ်များ ကိန်း အောင်းမှုကို သခင်လူငယ်များ လေ့လာမိကြသည်။

ထိုဖြစ်ရပ်ကိုသင်ခန်းစာယူ၍ နောင်အနာဂတ် မြန်မာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်သည့် အရာရှိများသည် စည်းလုံး ညီညွတ်မှုရှိစေရန်အတွက် ကြည်း၊ ရေ၊ လေ လက်ရုံးတပ်အရာရှိများကို စစ်ကျောင်း တစ်ကျောင်းတည်း ထားရှိလေ့ကျင့်ပေးလျှင် ပို၍အဆင်ပြေမည်ဟု ဆွေးနွေးတိုင်ပင်ကြသည်။ စစ်တက္ကသိုလ် ဖွင့်လှစ်တည်ထောင်ရန် စိတ်ကူးမှုသည် မြန်မာတပ်မတော်၏ အစဖြစ်သော ဘီအိုင်အေမဖွဲ့စည်းမီကပင် သန္ဓေတည်ခဲ့သည် ဆိုနိုင်ပါသည်။ လွတ်လပ်ရေးရပြီးနောက်တွင် စစ်တက္ကသိုလ်ဖွင့် လှစ်နိုင်ရေး လိုအပ်သော ပြင်ဆင်ဆောင်ရွက်မှုများကို လုပ်ဆောင်ခဲ့ကြသည်။ ၁၉၅၄ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ (မြန်မာ သက္ကရာဇ် ၁၃၁၆ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက်) တွင်ကာကွယ်ရေးစစ်တက္ကသိုလ်ကိုစတင်တည်ထောင် ဖွင့်လှစ်ခဲ့သည်။ ၁၉၅၅ ခုနှစ်မေလ ၂၆ ရက်နေ့တွင် ကာကွယ်ရေးစစ်တက္ကသိုလ်အမည်မှ စစ်တက္ကသိုလ်ဟူ၍ ပြောင်းလဲသတ်မှတ်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။  စစ်တက္ကသိုလ်၏ ဆောင်ပုဒ်ဖြစ်သော နောင်တစ်ခေတ်၏ အောင်စစ်သည်ကို ဗိုလ်မှူးဘသောင်းက တီထွင်ရေးသားခဲ့သည်။ “သစ္စာ သိပ္ပ သူရ” ဆောင်ပုဒ်ကိုလည်း ၁၉၅၉ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ စတင်သုံးစွဲခဲ့သည်။

စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁)သင်တန်းကာလသည် ၁-၇-၁၉၅၅ မှ ၁-၆-၁၉၅၉ အထိဖြစ်သည်။ သင်တန်းသား ၅၄ ဦးတက်ရောက်ပြီး ၃၈ ဦးသင်တန်းဆင်းခဲ့သည်။ ဗိုလ်လောင်း အမှတ်(၃၂) ဗိုလ်လောင်းမောင်သောင်း(အောင်စစ်သည်ဆု)၊ ဗိုလ်လောင်းအမှတ်(၃၄) ဗိုလ်လောင်းဘိုရှိန်း (လေ့ကျင့်ရေးထူးချွန်ဆု)၊ ဗိုလ်လောင်းအမှတ်(၁၇) ဗိုလ်လောင်းစံလွင်(ပညာတံခွန်ဆု) ချီးမြှင့်ခြင်းခံရသည်။ စစ်တက္ကသိုလ်၏ပထမဆုံးကျောင်းဆင်းပွဲကို ၁၉၅၉ ခုနှစ် ဇွန် ၁ ရက်နေ့တွင်ကျင်းပရာ ကျောင်းဆင်းပွဲ အခမ်းအနားသို့ အိမ်စောင့်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးနေဝင်း  တက်ရောက်ခဲ့ကြောင်း  လေ့လာသိရှိရပါသည်။

မြန်မာနိုင်ငံအတွက် စစ်တက္ကသိုလ်သည်အထင်ကရ တက္ကသိုလ်တစ်ခုဖြစ်ပြီး ထိုစစ်တက္ကသိုလ်မှ နိုင်ငံတော်အတွက် လိုအပ်သော ခေါင်းဆောင်များကို မွေးထုတ်ပေးလျက်ရှိသည်။ ကြည်း၊ ရေ၊ လေ တပ်မတော်အသီးသီးတွင် ခေါင်းဆောင်များအဖြစ် ထိုစစ်တက္ကသိုလ်မှ မွေးထုတ်ပေးခြင်းဖြစ်သည်။ ထို့ကြောင့် တပ်မတော်တွင် ကြည်းတပ်၊  ရေတပ်၊  လေတပ် ဟူ၍ခေါ်ဝေါ်နေ သော်လည်း အားလုံးတစ်စိတ် တစ်ဝမ်းတည်း၊ တစ်သားတည်းရှိနေသည်။ မကွဲမပြားတစ်သားတည်း ရှိနေခြင်းကြောင့်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးအလှည့်အပြောင်းတွင် ပြိုလဲသွားခြင်းမရှိအောင် တပ်မတော်က ထိန်းထားနိုင်ခြင်းဖြစ်သည်။ တပ်မတော် သည်ဒို့တာဝန်အရေးသုံးပါးကို အမြဲဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်၊ ပြည်သူ့အကျိုးပြု လုပ်ငန်းတာဝန်ဆိုသည့် တပ်မတော်၏ အဓိကလုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက်ရှိသည်။

ထို့ပြင် တပ်မတော်သည်  မှန်ကန်သောမူဝါဒ၊ တိကျခိုင်မာသည့်စည်းမျဉ်း၊ စည်းကမ်း၊ လိုက်နာ စောင့်ထိန်းရမည့်ဥပဒေ၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် ကြီးကြပ်ကွပ်ကဲမှုများနှင့် စနစ်တကျဖွဲ့စည်း လေ့ကျင့်ထားသည့်အတွက်ကြောင့်လည်း နိုင်ငံတော်သည် ယနေ့တိုင် ခိုင်ခိုင်မတ်မတ် ရပ်တည်နေခြင်းဖြစ်သည်။ တပ်မတော်သည် နိုင်ငံတော်ကိုကိုယ်စားပြုပြီး နိုင်ငံတော်အကျိုးကို ရှေးရှုဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်သည်။ တပ်မတော်သားတိုင်းသည် တပ်မတော်သားကောင်း တစ်ယောက်ဖြစ်ရန် အခြေခံဖြစ်သည့် အပါး (၆၀)သော စစ်သည်တော်ကျင့်ဝတ်များကို ခါးဝတ်ပုဆိုးပမာ မြဲမြံစွာစောင့်ထိန်းလိုက်နာကြရသည်။ တပ်မတော်သည် ခေတ်အဆက်ဆက်တွင် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် အကျိုးစီးပွားကို အမြဲကာကွယ်ပေးခဲ့သည်။ တိုင်းပြည်၏  အချုပ်အခြာအာဏာဆုံးရှုံးရမည့် အခြေအနေ၊ ပြည်ထောင်စုပြိုကွဲနိုင်သည့်   အခြေအနေများမှ အကြိမ်ကြိမ်ကာကွယ် စောင့်ရှောက်ခဲ့ရသည့် အစဉ်အလာကောင်းများနှင့် ပြည့်ဝသည့်တပ်မတော်သာဖြစ်သည်။

ယခုအခါ စစ်တက္ကသိုလ်သည်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၃) နောင်တစ်ခေတ်၏ အောင်စစ်သည်များကို မွေးထုတ်ခဲ့ပြီ ဖြစ်သည်။ ဧရာဝတီမြစ်ရေသည် စဉ်ဆက်မပြတ်စီးဆင်းနေသကဲ့သို့ တပ်မတော်တွင် လက်ဆင့်ကမ်းနိုင်ငံ့တာဝန်များကို ထမ်းဆောင် ကြပေမည်။ ထို့ကြောင့် “စစ်သားလည်းပီ၊ ဂုဏ်ရည်ပြည့်ဝ၊  နှလုံးလှ၍၊ ချိန်ဆတွေးကြံ၊ ပညာလျှံအောင်၊ သိပ္ပံဝိဇ္ဇာ၊ မဟာပါရဂူ၊ ဂုဏ်ယူဝင့်ကြွား၊ ဘွဲ့များအပြင်၊ တီထွင်ဆန်းသစ်၊ ခေတ်နှင့်ညီစွာ” တာဝန်ထမ်းဆောင် အောင်မြင်ကြစေကြောင်းဆုတောင်းလျက် ဂုဏ်ပြုရေးသားလိုက်ပါသတည်း။   ။         

ဘုန်းမောင်ဝင်း(ဖျာပုံ)