မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူ ကားလမ်းမကြီးဘေး အနောက် ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးရှိ ပလင်းကမ်းသာယာ ဆင်စခန်းပိတ်ထားစဉ် ကာလအတွင်း မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက ဆင်စာဘူဖေးကျွေးမှုများပြား လာကြောင်း ပလင်းကမ်းသာယာဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကို ထံမှ သိရသည်။
အဆိုပါပလင်းကမ်းသာယာဆင်စခန်းကို COVID-19 ရောဂါကြိုတင်ကာကွယ်သည့်အနေဖြင့် ၂၀၂၀ ပြည့်နှစ် မတ် ၂၆ ရက်မှစတင်ကာ ယာယီပိတ်ထားရာ မြန်မာပြည်အရပ်ရပ်ရှိ ဆင်ချစ်သူများက Online မှတစ်ဆင့် ဆင်စာဘူဖေး ကျွေးမွေး လှူဒါန်းလျက်ရှိရာ ဆင်စခန်း ပိတ်ထားသည့်ကာလအတွင်း အကြိမ် ၈၀ ကျော်ထိ ဆင်စာဘူဖေး ကျွေးမှုများပြားလာပြီး နောက်ထပ်ကျွေးမွေးရန် Online မှလည်း ကြိုတင်ချိတ်ဆက်မှုများရှိကြောင်း ဆင်စခန်း တာဝန်ခံက ပြောသည်။
မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဆင်စခန်း ၂၂ ခု ဖွင့်လှစ်ထားပြီး ဆင်စာ ဘူဖေး ကျွေးမွေးလှူဒါန်းလိုပါက ဆင်စခန်းအမည်များနှင့် Page များတွင် ဆက်သွယ် လှူဒါန်းနိုင်ကြောင်း၊ ဆင်စာအဖြစ် ကြံ၊ နေဗီယာမြက်၊ ငှက်ပျောသီး၊ ဖရုံသီး၊ ဖရဲသီး၊ သခွားသီး၊ သရက်သီး၊ အုန်းသီး၊ ပြောင်းဖူးနှင့် ရာသီပေါ် သီးနှံများကို ကျွေးမွေးကြကာ ဆင်စာဘူဖေးတစ်ခါကျွေးလျှင် ငွေကျပ် ၃၀၀၀၀ မှ ၅၀၀၀၀ အထိ လှူဒါန်းကြကြောင်း၊ တစ်နေ့စာ ဆင်ခုနစ်ကောင်အတွက် ငွေကျပ်တစ်သိန်း လှူဒါန်းနိုင်ကြောင်း၊ ပလင်းကမ်း သာယာဆင်စခန်း ပိတ်ထားစဉ်ကာလအတွင်း ဖုန်းဖြင့်ဖြစ်စေ၊ ဆင်စခန်း Page များမှ တစ်ဆင့် ဖြစ်စေ ဆက်သွယ် လှူဒါန်းနိုင်ကြောင်းနှင့် ပလင်းကမ်းသာယာဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကို ဖုန်း-၀၉-၄၂၉၂၉၃၂၄၈ သို့ဆက်သွယ်လှူဒါန်း နိုင်ကြောင်း သိရသည်။
ကိုထိန်၊ KPD