လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီးဟောင်း ဒေါက်တာထွန်းနိုင်နှင့် ဒုတိယဝန်ကြီးဟောင်း ဦးခင်မောင်ဝင်းတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
နေပြည်တော် ဒီဇင်ဘာ ၈
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝင်းခိုင်နှင့် တာဝန်ရှိသူများအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ ရှိချက်အရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝင်းခိုင်နှင့် ဒုတိယဝန်ကြီးဟောင်း ဒေါက်တာထွန်းနိုင် တို့သည် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနက ဆောင်ရွက်သည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းမှ ရေသွယ်ဥမင် ဖောက်လုပ်ခြင်း လုပ်ငန်း (Underground Works) အား နိုင်ငံတကာ ကုမ္ပဏီတစ်ခုနှင့် ၂ဝ၁၅ ခုနှစ် မတ် ၁၂ ရက်တွင် စာချုပ်ချုပ်ဆို ဆောင်ရွက်ခဲ့ရာတွင် မူလစာချုပ်ပါ လုပ်ငန်းပြီးစီးရမည့် ကာလမှာ ၂ဝ၁၈ ခုနှစ် စက်တင်ဘာ ၂၄ ရက်အထိ လ ၄ဝ သတ်မှတ်ခဲ့ခြင်းကို ဝန်ကြီးဌာန၏ လုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ(MC))နှင့် အမှုဆောင်ကော်မတီ (EC) အစည်းအဝေး ဆုံးဖြတ်ချက်များဖြင့် ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီ ၂၄ ရက်ထိ ၁၆ လ သက်တမ်းတိုး ပေးခဲ့ခြင်းသည် ပြည်ထောင်စု အစိုးရအဖွဲ့က ညွှန်ကြားထားသည့် သဘောတူညီချက်များချုပ်ဆိုခြင်း၊ ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း၊ သက်တမ်းတိုး ကိစ္စရပ်များတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့၏ သဘောထား မှတ်ချက်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့၊ စီးပွားရေးရာ ကော်မတီသို့ တင်ပြရမည်ဖြစ်သော်လည်း လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်ခြင်း မပြုဘဲ ၁၆ လ သက်တမ်း တိုးမြှင့်ခွင့်ပြုပေးခဲ့သဖြင့် ထုတ်လုပ်မှု ကီလိုဝပ်နာရီ(ယူနစ်) သန်းပေါင်း ၁၈ဝဝ ကျော်ခန့် ထုတ်လုပ်နိုင်မှုမရှိသည့်အတွက် နိုင်ငံတော်၏ဘဏ္ဍာ ငွေကျပ် ၃ဝ ဘီလီယံခန့် ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့ကြောင်း။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝင်းခိုင်နှင့် ဒုတိယ ဝန်ကြီးဟောင်း ဒေါက်တာထွန်းနိုင်တို့သည် ထားဝယ်ဒေသတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး ဆောင်ရွက်သည့် တနင်္သာရီတိုင်းဒေသကြီး အစိုးရက စီမံခန့်ခွဲသည့် GGSကုမ္ပဏီအတွက် ဓာတ်ငွေ့ဖိုး ငွေကျပ် ၆ ဘီလီယံကျော်ခန့်ကို ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြခွင့်ပြုချက် ရယူမှုမရှိဘဲ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်း ဌာနဘတ်ဂျက်မှ ကြိုတင်စိုက်ထုတ် ပေးချေရန်ခွင့်ပြုခဲ့ခြင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးခင်မောင်ဝင်းသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်ခဲ့စဉ်က ဓာတ်ငွေ့ဖိုး ငွေကျပ် ၆ ဘီလီယံကျော်ခန့်ကို နိုင်ငံတော် ဘဏ္ဍာတွင် ဘတ်ဂျက်ငွေ တင်ပြတောင်းခံ ပေးချေခဲ့ခြင်း၊ ဓာတ်ငွေ့ဖိုးငွေများကို ပြန်လည်ရရှိရေး ခိုင်မာသည့် သဘောတူညီမှုတစ်ရပ်ရပ် စာချုပ်ချုပ်ဆိုမှု မရှိခြင်း၊ ဓာတ်ငွေ့ဖိုးကြွေးကျန်ဖြစ်ပေါ်နေမှုကို ဝန်ကြီးဌာန အမှုဆောင်ကော်မတီ အစည်းအဝေး(EC)သို့ တင်ပြမှုမရှိခြင်း၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းအပိုဒ် ၁၂၃၊ အပိုဒ်ခွဲ(ဃ) ကို လိုက်နာမှုမရှိဘဲ ဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကျပ် ၆ ဘီလီယံကျော်ခန့် ထိခိုက်နစ်နာစေခဲ့ခြင်း ဖြစ်ကြောင်း၊ ဒုတိယ ဝန်ကြီးဟောင်း ဦးခင်မောင်ဝင်းသည် ဦးဆောင်ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်ခဲ့စဉ်က နိုင်ငံတော်၏ ငွေကြေးကို ထိခိုက်နစ်နာဆုံးရှုံးစေရာတွင် အားပေး ကူညီခြင်းဖြစ်ကြောင်း။
စစ်ဆေးပေါ်ပေါက်ချက်များအရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးဝင်းခိုင်နှင့် ဒုတိယဝန်ကြီးဟောင်း ဦးထွန်းနိုင်တို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးခင်မောင်ဝင်း အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရလည်းကောင်း နေပြည် တော် ဘုရားကုန်းမြို့မ ရဲစခန်းတွင် ယနေ့ ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ သတင်းရရှိသည်။