ဗီဇပြောင်း ကိုဗစ်-၁၉ အိုမီခရွန်(Omicron)(B.1.1.529)

ဗီဇပြောင်း ကိုဗစ်-၁၉ အိုမီခရွန်(Omicron)(B.1.1.529)

ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့သည့် ကာလမှစ၍ ရှာဖွေတွေ့ရှိထားသည့် ကိုဗစ်-၁၉ မျိုးကွဲများအနက် အန္တရာယ်ရှိသည့် မျိုးကွဲများအဖြစ် သတ်မှတ်ထားသည့် မျိုးကွဲများမှာ အယ်လ်ဖာ၊ ဘီတာ၊ ဂမ်မာနှင့် ဒယ်လ်တာမျိုးကွဲများ ဖြစ်ကြပါသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက  ၂ဝ၂၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်တွင် နောက်ထပ်အသစ်တွေ့ရှိရသည့်  မျိုးကွဲတစ်ခုကို အိုမီခရွန်ဟု အမည်ပေးကာ အန္တရာယ်ရှိသည့်မျိုးကွဲအဖြစ် သတ်မှတ်ခဲ့ပါသည်။  အဆိုပါ မျိုးကွဲသစ်ကို အာဖရိကတိုက်ရှိ နိုင်ငံများဖြစ်သည့် တောင်အာဖရိကနှင့် ဘော့ဆွာနာ နိုင်ငံများတွင် စတင်စမ်းသပ် တွေ့ရှိခဲ့ပါသည်။ နိုင်ငံများအနေဖြင့် အထူးသတိထား စောင့်ကြည့် စမ်းသပ်လေ့လာမှုများ ပြုလုပ်ခဲ့ရာ ဥရောပတိုက်ရှိ အချို့နိုင်ငံများတွင်ပါ တွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

အိုမီခရွန်မျိုးကွဲသည် ဘာကြောင့် စိုးရိမ်ဖွယ်ကောင်းပါသလဲ

  တောင်အာဖရိကနိုင်ငံရှိ သိပ္ပံပညာရှင်များ၏ ရှာဖွေတွေ့ရှိချက်အရ အဆိုပါ မျိုးကွဲသစ်တွင် ကိုဗစ်ဗိုင်းရပ် အနေဖြင့် လူ့ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ရာတွင် အရေးကြီးဆုံး အစိတ်အပိုင်းဖြစ်သည့် ဆူးချွန်ပရိုတိန်းတွင် ဗီဇပြောင်းဖြစ်ထွန်းမှု ၃၂ ခုထိရှိကြောင်း တွေ့ရှိရပါသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများနှင့် ကုသဆေးများသည် ကိုဗစ်ဗိုင်းရပ်၏ ဆူးချွန်ပရိုတိန်းကို အဓိကထားပြီး ဖန်တီးထားခြင်းဖြစ်ရာ ထိုသို့ ဆူးချွန်ပရိုတိန်းတွင် ဗီဇပြောင်းလဲဖြစ်ထွန်းမှုများ တွေ့ရှိရခြင်းသည် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးတွင် ထိုးနှက်ချက်ကြီး တစ်ခုဖြစ်စေကာ စိုးရိမ်မှုများ တိုးပွားလာနေပါသည်။ လက်ရှိအသုံးပြုနေသော ကာကွယ်ဆေးများနှင့် ကုသဆေးများသည် အလုပ်ဖြစ်ပါ ဦးမည်လား ဆိုသည်ကို သိပ္ပံပညာရှင်များအနေဖြင့် အပူတပြင်း   စောင့်ကြည့်လေ့လာ သုတေသနပြု ဖော်ထုတ်လျက်ရှိပါသည်။

လက်ရှိကမ္ဘာတစ်လွှား  ထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးများသည် ကိုဗစ်-၁၉ ကြောင့် ဆေးရုံတင် ကုသရမှုနှုန်းနှင့်  သေဆုံးနှုန်းများကို သိသိသာသာ လျှော့ချပေးလျက်ရှိပါသည်။    သို့သော်လည်း ကာကွယ်ဆေး ထိုးနှံပြီးစီးမှုနှင့် လွှမ်းခြုံမှုရာခိုင်နှုန်း နည်းပါးသည့် ဒေသများတွင်   ကိုဗစ်ဗိုင်းရပ်သည် ဆက်လက် ကူးစက်မှုများ ဖြစ်ပွားနေကာ ဗီဇပြောင်း မျိုးကွဲများ ဖြစ်ပေါ်လာစေရေး တွန်းအားပေးသကဲ့သို့ ဖြစ်စေပါသည်။     ထိုဗီဇပြောင်းလဲမှုများသည် ကာကွယ်ဆေးများ၏ အာနိသင်  မတိုးနိုင်တော့သည့် အစွမ်းသတ္တိများ ဖြစ်ထွန်းလာစေနိုင်ပါသည်။

နိုင်ငံတကာ၏ တုံ့ပြန်ဆောင်ရွက်မှု

ကိုဗစ်-၁၉ မျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန်သည် လက်ရှိတွင် အထူး စိုးရိမ်ဖွယ်ကောင်းသည့် အနေအထားတွင် ရှိသောကြောင့် နိုင်ငံများအနေဖြင့် အထူးသတိထား တုံ့ပြန် လုပ်ဆောင်နေကြပါသည်။ ထိုသို့လုပ်ဆောင်ရာတွင် နည်းလမ်းများ အနေဖြင့် အာဖရိကမှ ပြန်လာသူနိုင်ငံသားများအား ကွာရန်တင်း ဝင်ခိုင်းခြင်း၊ လုံးဝအဝင်မခံခြင်းနှင့်   နိုင်ငံတကာ လေကြောင်းလိုင်းများ၊ ခရီးသွားများကို တားမြစ်ခြင်းတို့ကို အဓိကထား လုပ်ဆောင်ကြပါသည်။ တချို့နိုင်ငံများသည် ဖွင့်လှစ်ရန် စီစဉ်ထားသည့် ခရီးသွားလာမှု လုပ်ငန်းအပါအဝင် ကိုဗစ်ကြောင့် တားမြစ်ထားမှုများအား ဆိုင်းငံ့ခြင်း၊ ကိုဗစ်-၁၉ စည်းကမ်းချက်များ ပြန်လည် တင်းကျပ်ခြင်းများ စသည်တို့ဖြစ်ပါသည်။ မျိုးကွဲသစ်အား အဓိကထား စောင့်ကြည့်ကာ ကူးစက်ခံရသူများအား အသေးစိတ် စောင့်ကြည့် မှတ်တမ်းတင်ခြင်း၊ ထိစပ်မိသူများအား ရှာဖွေဖော်ထုတ်စစ်ဆေးခြင်း စသည့် လုပ်ငန်းများကို ပြန်လည်လုပ်ဆောင်လာကြပါသည်။ သို့မှသာ မျိုးကွဲသစ် ကူးစက်ခံရမှု အခြေအနေ အသေးစိတ်ကို သိရှိနိုင်မည်ဖြစ်ပါသည်။အထူးသဖြင့် ဂျပန်နှင့် အစ္စရေးနိုင်ငံများသည် နိုင်ငံခြား ခရီးသွားများအား လုံးဝပြည်ဝင်ခွင့် မပေးတော့ကြောင်း သိရှိရပါသည်။

ထိုသို့ပြည်ဝင်ခွင့်များ ပိတ်နေကြသော်လည်း ဗြိတိန်နိုင်ငံတွင် တွေ့ရှိချက်အရ အိုမီခရွန်မျိုးကွဲသစ် တွေ့ရှိရသည့် တချို့သောသူများသည် မည်သည့်ခရီးသွား ရာဇဝင်မျှမရှိကြသည်ကိုလည်း တွေ့ရှိရပါသည်။ ထို့ကြောင့် အဆိုပါမျိုးကွဲသစ်သည် တချို့နိုင်ငံများသို့  ပျံ့နှံ့ရောက်ရှိနေပြီဟု ယူဆနေသူများလည်း ရှိပါသည်။

အိုမီခရွန်မျိုးကွဲသည် အာဖရိကတိုက်မှ အစပြုခဲ့သလော

ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ကမ္ဘာ့လူဦးရေများကို  မြန်မြန်ထိုးနှံပေးခြင်းဖြင့်  ကိုဗစ်-၁၉ ဗိုင်းရပ်ပိုးကို လူသားတစ်ရပ်လုံးက ကာကွယ်နိုင်စွမ်း မြန်မြန် ရရှိမည်ဖြစ်ပါသည်။ သို့ရာတွင် လက်ရှိအနေအထားအရ ဝင်ငွေမြင့်မားသည့် နိုင်ငံများတွင် လူဦးရေ၏ ၆၆ ရာနှုန်းခန့်အနည်းဆုံး ကာကွယ်ဆေးများ ထိုးနှံပြီး နေသော်လည်း ဝင်ငွေနိမ့်ပါးသည့် နိုင်ငံများတွင် ၂ ဒသမ ၅ ရာနှုန်းခန့်သာ ကာကွယ်ဆေး အပြည့်ထိုးနှံပြီးကြောင်း သိရှိရပါသည်။ ကမ္ဘာ့လူဦးရေ ၃ ဒသမ ၅ ဘီလီယံခန့်သည် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံမှုကိုပင် မခံယူရသေးကြောင်း သိရှိရပါသည်။ ကာကွယ်ဆေး ထိုးနှံခြင်း မခံရသေးသူများ၏  ခန္ဓာကိုယ်အတွင်းတွင် ဗိုင်းရပ်သည် ဗီဇပြောင်းလဲ ဖြစ်ထွန်းမှုများ ဖြစ်ရန် အခွင့်အလမ်း ပိုများပါသည်။ အဆိုပါဗီဇပြောင်းလဲမှုများသည် ဗိုင်းရပ်၏ အရေးပါသည့် နေရာဖြစ်သည့် ဆူးချွန်ပရိုတိန်းတွင် ဖြစ်ပွားမှုများ ရှိလာပါက စိုးရိမ်ရသည့် မျိုးကွဲသစ်များ    ဖြစ်ပေါ်လာစေပါသည်။

အာဖရိကတိုက်ရှိ နိုင်ငံများအနေဖြင့် ကာကွယ်ဆေး လွှမ်းခြုံမှု  နည်းပါးသည့်အပြင်  HIV ကဲ့သို့သော ကိုယ်ခံအားကျ ရောဂါရှိသူများလည်း  များသဖြင့် မျိုးကွဲသစ် ပေါ်ထွက်လာရန် အခွင့်အလမ်း သာသကဲ့သို့ ဖြစ်စေပါသည်။

အိုမီခရွန်မျိုးကွဲသစ်၏ အာနိသင်နှင့်ပတ်သက်၍ လတ်တလော တွေ့ရှိထားမှု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးသည် အိုမီခရွန်မျိုးကွဲအား အထူးအန္တရာယ်ရှိနိုင်သည့် အနေအထားဖြစ်ကြောင်း တပ်လှန့်နှိုးဆော်ထားပါသည်။ ဗိုင်းရပ်၏  အဓိက နေရာဖြစ်သည့် ဆူးချွန်ပရိုတိန်းတွင် ဗီဇပြောင်း ဖြစ်ထွန်းမှု(mutation) ၃၂ ခုထိရှိသောကြောင့် ဖြစ်ပါသည်။ ဗိုင်းရပ်တစ်မျိုး၏ အာနိသင်ကို လေ့လာရာ၌ ကူးစက်နိုင်စွမ်း လွယ်ကူမှု(transmissibility)၊ ကာကွယ်ဆေးများနှင့် ကုသဆေးများအပေါ် သက်ရောက်မှုနှင့် ရောဂါစမ်းသပ်စစ်ဆေးမှု (laboratory confirmation test) တို့အပေါ်တွင် မည်သို့သက်ရောက် ဖြစ်ပေါ်စေသည်ကို အဓိကထား လေ့လာရပါသည်။ ထို့ပြင်  ဗိုင်းရပ်မျိုးကွဲ၏ ပြင်းအား (virulence) ကိုလည်း စောင့်ကြည့်လေ့လာရပါသည်။

အိုမီခရွန်မျိုးကွဲနှင့် ပတ်သက်၍ လတ်တလော တွေ့ရှိချက်များမှာ   ကူးစက်နိုင်စွမ်းတွင်   ယခင် ဘီတာနှင့်   ဒယ်လ်တာမျိုးကွဲများမှာ  တွေ့ရသော မျိုးဗီဇပြောင်းလဲမှုများကို ဆက်လက်တွေ့ရှိရသဖြင့် ကူးစက်မှုမြန်ဆန်နိုင်ကြောင်း သုံးသပ်ရရှိပါသည်။ တောင်အာဖရိကနိုင်ငံတွင် ပြန်လည် လေ့လာမှုများအရ ၅ဝ ရာနှုန်းခန့် ကူးစက်ခံရပြီး ဖြစ်နိုင်ကြောင်း တွေ့ရှိရပါသည်။ ထို့ပြင် ဗြိတိန်အပါအဝင် ဥရောပတိုက်ရှိ အချို့နိုင်ငံများတွင်လည်း ကူးစက်ခံရပြီး ဖြစ်နိုင်သည်ဟု ခန့်မှန်းသုံးသပ်မှုများ ရှိလာပါသည်။

အိုမီခရွန်မျိုးကွဲသစ်၏ ကာကွယ်ဆေးများ မတိုးမှုဖြစ်ပေါ်စေနိုင်ခြင်းနှင့် ပတ်သက်၍ လေ့လာနေဆဲဖြစ်ပြီး အထောက်အထား မပြနိုင်သေးပါ။ သို့ရာတွင် လက်ရှိ ကာကွယ်ဆေးများသည် ဆူးချွန်ပရိုတိန်း အပေါ်တွင် အဓိကထား ဦးတည်ထုတ်လုပ်ထားပြီး   အိုမီခရွန် မျိုးကွဲသည်လည်း ဆူးချွန်ပရိုတိန်းတွင် မျိုးဗီဇ ပြောင်းလဲ ဖြစ်ထွန်းမှု(mutations)များဖြစ်သဖြင့် ကာကွယ်ဆေးများ၏ အာနိသင် ထိရောက်မှုကို လျော့နည်းစေနိုင်ကြောင်း ခန့်မှန်းမှုများရှိနေပါသည်။ သို့ရာတွင် လူအများနှင့် လေ့လာမှုများ ဆက်လက် လုပ်ဆောင်ရန် လိုအပ်နေပါသေးသည်။ ကုသဆေးများ၏ အာနိသင်အပေါ် အကျိုးသက်ရောက်မှုနှင့် ပတ်သက်၍ ပြောဆိုထား သည်များ မတွေ့ရှိရသေးပါ။ ရောဂါပြင်းထန်မှု အခြေအနေမှာ အဆိုပါမျိုးကွဲသစ် စတင်တွေ့ရှိခဲ့သည့် ၂ဝ၂၁ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်မှ လက်ရှိအနေအထားထိတောင် အာဖရိကနိုင်ငံတွင် ပိုးတွေ့သူအရေအတွက် တိုးပွားလာသော်လည်း အသေအပျောက် တိုးလာမှု မတွေ့ရှိရသေးပါ။ 

တောင်အာဖရိကမှ  အဆိုပါ ကိုဗစ်မျိုးကွဲသစ်ကို စတင်သတိထား ဖော်ထုတ်နိုင်ခဲ့သူတွေထဲက တစ်ယောက်ဖြစ်ပြီး တောင်အာဖရိက ဆရာဝန်အသင်း၏ ဥက္ကဋ္ဌလည်း ဖြစ်သူ ဆရာဝန်တစ်ယောက်၏ အတွေ့အကြုံ မျှဝေချက်အရ ၎င်း၏ဆေးခန်းသို့ ရောက်ရှိလာသော လူနာတစ်ယောက်သည် ကိုယ်လက်ကိုက်ခဲကာ ခေါင်းကိုက်ပြီး အလွန်အမင်း ပင်ပန်းနွမ်းနယ်မှုဒဏ် ခံနေရကြောင်း ပြောဆိုချက်အရ   ဗိုင်းရပ်ပိုး တစ်ခုခုကူးစက်မှုနှင့် ဆင်တူသဖြင့် ပုံမှန်အတိုင်း ကိုဗစ်စစ်ဆေးကြည့်ခဲ့ရာ ပိုးတွေ့ရှိခဲ့ပါသည်။ အလားတူ လက္ခဏာမျိုး ခံစားနေရသူများ သူမ၏ဆေးခန်းသို့ ထပ်မံ၍လာရောက် ပြသရာ စစ်ဆေးကြည့်သမျှ ကိုဗစ်ပိုးတွေ့ရှိရပါသည်။ သူမ၏ အတွေ့အကြုံအရ အဆိုပါလူနာများသည် ယခင် ကိုဗစ်လူနာများနှင့် မတူသည့်ရောဂါ လက္ခဏာများ ခံစားရသဖြင့် သံသယဖြစ်ကာ အဆိုပါ ကိုဗစ်လူနာများ၏ နှာခေါင်းတို့ဖတ် နမူနာများကို မျိုးဗီဇလေ့လာသည့် သုတေသန  genomic sequencing  ပြုလုပ်စေရာမှ မျိုးကွဲသစ်ဖြစ်နေကြောင်း ဖော်ထုတ်တွေ့ရှိရပါသည်။ အဆိုပါ တောင်အာဖရိက ဆရာဝန်၏ ပြောကြားချက်အရ အိုမီခရွန်တွေ့ရသည့် လူနာများသည် အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်းအပြင် အခြားလက္ခဏာများ အနေဖြင့် ကိုယ်လက်ကိုက်ခဲခြင်း၊  လည်ချောင်းယားပြီး ချောင်းဆိုးခြင်းနှင့် ကိုယ်ပူချိန်အနည်းငယ် တက်ခြင်း စသည့် သာမန်လက္ခဏာ များလောက်သာ ခံစားရကြောင်း သိရှိရပါသည်။ ဆက်လက်ပြီး အဆိုပါဆရာဝန်၏ ပြောဆိုချက်အရ ယခုမျိုးကွဲသစ် ကူးစက်ခံရသူများသည် ဒယ်လ်တာမျိုးကွဲမှာကဲ့သို့ အနံ့ အရသာပျောက်ခြင်းနှင့် အောက်ဆီဂျင် ကျခြင်းမျိုး  မတွေ့ရသေးကြောင်း သိရှိရပါသည်။ ၎င်းကုသမှုပေးခဲ့ရသော မျိုးကွဲသစ် ကူးစက်ခံရသူများ၏ တစ်ဝက်လောက်မှာ ကာကွယ်ဆေးများ မထိုးရသေးကြောင်းနှင့် အများစုမှာ အသက် ၄ဝ အောက်များ ဖြစ်ကြောင်းလည်း သိရှိရပါသည်။ သို့ရာတွင် ဆက်လက် လေ့လာမှုများအား စောင့်ကြည့် ရဦးမည်ဖြစ်ပါသည်။

ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးမှုမှာ အဓိကအားဖြင့်  RT-PCRနည်းဖြင့် စစ်ဆေးခြင်းနှင့် Antigen Rapid Test Kit(ART)နည်းဖြင့် စစ်ဆေးခြင်းဟူ၍ ရှိပါသည်။ စစ်ဆေးရာတွင် ဗိုင်းရပ်ပိုး၏ ဖွဲ့စည်းတည်ဆောက်ထားပုံအရ အရေးကြီးသည့် gene ငါးခုအား ဦးတည်၍စစ်ဆေးသည်။ ၎င်းတို့မှာ S(for spikeprotein)gene ၊ E(envelope protein)gene၊ N (for Nucleocapsid protein)gene၊ ORF 1abgene နှင့် RdRp gene တို့ဖြစ်ပါသည်။ ယခုမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန်တွင် အဓိက ဆူးချွန်ပရိုတိန်း(spike protein)တွင် ပြောင်းလဲဖြစ်ထွန်းမှု(mutations)များ ဖြစ်ပွားခြင်းဖြစ်ရာ S(for spike protein)gene တစ်ခုတည်းကိုသာ  ဦးတည် ထုတ်လုပ်ထားသော S  target Test kit များဖြင့် စမ်းသပ်ပါက မျိုးကွဲသစ်ကို တွေ့ရှိနိုင်ရန် ခက်ခဲပါသည်။ များသောအားဖြင့် RT-PCR Test kit များသည် သုံးခုခန့်အား ဦးတည်ထုတ်လုပ်ထားသောကြောင့် ယေဘုယျအားဖြင့်  စစ်ဆေးလျှင် မျိုးကွဲသစ်ကို တွေ့ရှိနိုင်ပါသည်။ AntigenRapid Test kit(ART) များမှာမူ N(for Nucleo-capsid protein)gene ကို ဦးတည်ထုတ်လုပ်ထားသဖြင့် အဆိုပါ Test kit(ART များဖြင့် စစ်ဆေးပါက  အိုမီခရွန်မျိုးကွဲအား  စစ်ဆေးတွေ့ရှိနိုင်ပါသည်။

အိုမီခရွန်မျိုးကွဲသစ်ကို ရှောင်လွှဲနိုင်မည်လော

မျိုးကွဲသစ်များ ပေါ်ပေါက်လာခြင်းသည် ပြည်သူ့ကျန်းမာရေးဆိုင်ရာ တုံ့ပြန်မှုများအပေါ်တွင် များစွာဂယက်ရိုက်ခတ်စေပါသည်။ ကာကွယ်ဆေးမတိုးသည့်မျိုးကွဲမျိုးသာဖြစ်ပါက ယခုထိုးနှံနေသည့် ကာကွယ်ဆေး ထိုးခြင်းများကို အစမှပြန်လည် လုပ်ဆောင်ရန် လိုအပ်လာနိုင်ပါသည်။ သို့နှင့်တိုင် အိုမီခရွန် မျိုးကွဲသစ်သည် အမှန်တကယ် ကွဲပြားခြားနားမှုရှိကာ ကူးစက်မှု၊ ရောဂါပြင်းထန်မှုရှိပြီး ယခင် ဒယ်လ်တာမျိုးကွဲနေရာကို အစားထိုး ဝင်ရောက်နိုင်စွမ်းရှိသည့် မျိုးကွဲလားဆိုသည်ကို ပြောရန် စောနေသေးသော်လည်း လူအများအပြားကို ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးရန် သတိပေးမှုပြုလာခြင်းဖြစ်သည်ဟု မှတ်ယူနိုင်ပါသည်။ ကာကွယ်ဆေးများ ထိုးနှံခြင်းသည် မျိုးကွဲသစ်များ ဖြစ်ထွန်းမှုကို ရှောင်ရှားနိုင်ရန် အကောင်းဆုံးနည်းများထဲမှ တစ်ခုဖြစ်ပါသည်။ လက်ရှိကမ္ဘာပေါ်တွင် ကာကွယ်ဆေးများ ဖြန့်ဖြူးထိုးနှံပေးနိုင်မှု အနေအထားမှာ ကိုဗစ်ရောဂါ တိုက်ဖျက်ရေးအတွက် အကောင်းဆုံး ပုံစံမဟုတ်သေးပါ။

ယခုပေါ်ပေါက်လာသော အိုမီခရွန်မျိုးကွဲသစ်သည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့်  ကူးစက်ပျံ့နှံ့သွားနိုင်မည်လား ဆိုသည်ကိုတော့ ရက်သတ္တပတ် အနည်းငယ်ခန့် ဆက်လက်စောင့်ကြည့် လေ့လာရန် လိုအပ်ဦးမည်ဖြစ်ပါသည်။ မိုဒါနား၊ ဖိုင်ဇာနှင့်ဂျွန်ဆင် ကာကွယ်ဆေး ထုတ်သည့်  ကုမ္ပဏီများသည် ယခုမျိုးကွဲသစ် အိုမီခရွန်နှင့် သင့်လျော်မည့်  ကာကွယ်ဆေးတစ်မျိုးကို အဆင့်မြှင့်တင် ထုတ်လုပ်နိုင်ရေးလည်း လုပ်ဆောင်နေကြပြီဖြစ်ပါသည်။

အိုမီခရွန်သည် ကူးစက်မှုမြန်နိုင်ခြေ ရှိပြီး ဖွံ့ဖြိုးပြီးနိုင်ငံများတွင်တောင်မှ  လေ့လာမှုများ အချိန်ယူ လုပ်ဆောင်နေရဆဲဖြစ်ပါသည်။ ၎င်းမျိုးကွဲသစ်၏ အခြေအနေ အသေးစိတ်အား သိရှိနိုင်ရန်မှာ သီတင်းပတ် အနည်းငယ်ခန့် ကြာမြင့်ဦးမည်ဖြစ်ပါသည်။ မိမိတို့နိုင်ငံအနေဖြင့် ကာကွယ်ဆေး ထိုးနှံထားရှိမှု ရာခိုင်နှုန်း မမြင့်မားသေးသဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပြင်ဆင်ထားရန် ရောဂါကူးစက်မှု အခြေအနေများကို မျက်ခြည်မပြတ်စောင့်ကြည့်ပြီး တစ်ဦးချင်းစီကလည်း ထိရောက်သည့် ကာကွယ်တားဆီးမှု လုပ်ငန်းများ အလေးထား ဆောင်ရွက်ရပါမည်။ ထို့ပြင် မြန်မာနိုင်ငံသို့လည်း မျိုးကွဲသစ်ရောက်ရှိမှုရှိ၊မရှိအား စဉ်ဆက်မပြတ် စောင့်ကြည့်နိုင်ရန် Genomic Surveillance လုပ်ငန်းစဉ်ကိုလည်း မဖြစ်မနေလုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။  ။