စည်းလုံးညီညွတ်ခြင်း အရင်းခံကာ

စည်းလုံးညီညွတ်ခြင်း အရင်းခံကာ

စည်းလုံးညီညွတ်ခြင်းသည် အလုပ်များ အောင်မြင်ခြင်း၏ အခြေခံကျသော အကြောင်းတရားပင် ဖြစ်သည်။ လူမှုရေး၊ စီးပွားရေး၊ ရပ်ရေးရွာရေးများအထိ စည်းလုံးညီညွတ်မှု မရှိလျှင် မည်သည့်အလုပ်မျှ အောင်မြင်နိုင်မည်မဟုတ်ပါ။ လူတစ်ဦးချင်းစီ၏ အရေးများမှသည် နိုင်ငံတော် တည်ဆောက်ရေးအထိ စည်းလုံးညီညွတ်ရေး ရှိမှသာ အစစအဆင်ပြေအောင်မြင်တိုးတက်နိုင်မည်။

တစ်ဦးနှင့်တစ်ဦးယုံကြည်မှု တည်ဆောက်ရန် အချိန်ယူရသကဲ့သို့ စည်းလုံးညီညွတ်ရေးကို တည်ဆောက်ရန်လည်း အချိန်များစွာယူကြရသည်။ တစ်ဦးတည်းက စည်းလုံးညီညွတ်လိုစိတ် ရှိနေရုံနှင့်မရဘဲ အချင်းချင်း အပြန်အလှန် ယုံကြည်မှု၊ စာနာနားလည်မှုများ ပေါင်းစပ်ကာ အပြုသဘောဆောင်သည့် လုပ်ဆောင်မှုများဖြင့် စည်းလုံးညီညွတ်ခြင်းကို တည်ဆောက်ကြရမည်။

စည်းလုံးညီညွတ်မှုကို တည်ဆောက်ရန် ဟန့်တားထားသည့်အရာမှာ အမုန်းစကားများပင်ဖြစ်သည်။

လူအချင်းချင်းအကောင်းမမြင်၊ အကောင်းမတွေးပေးနိုင်ဘဲ ''ငါနှင့်မတူ၊ ငါ့ရန်သူ'' ဟု သတ်မှတ်လုပ်ဆောင်ခြင်းများသည် စည်းလုံးမှုကို ပျက်ပြားစေသည့် အမုန်းစကားများဖြစ်သည်။ လူတိုင်းတွင် အကောင်းအဆိုး သဘာဝများ ယှဉ်တွဲရှိနေနိုင်သည်ကို လက်ခံရမည်ဖြစ်ပြီး အကောင်းဘက်ပိုများအောင် စုစည်းကြံဆောင်ခြင်းဖြင့် စည်းလုံးညီညွတ်မှု တည်ဆောက်၍ရရှိနိုင်ပြီး စည်းလုံးညီညာပါက အရာရာအောင်မြင်နိုင်မည်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၈)၊ ပုဒ်မ ၃၄၈တွင် ''နိုင်ငံတော်သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှု မရှိစေရ'' ဟု ထည့်သွင်းပြဋ္ဌာန်းထားသည်။  သို့သော်လည်း  တစ်ဦးချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေကြုံရလေ့ရှိသည့် ခွဲခြားနှိမ့်ချဆက်ဆံမှုများကို အစပြု၍ စည်းလုံးညီညွတ်မှု ပျက်ပြားစေနိုင်သည်။ မိမိတစ်ဦးကြောင့် စည်းလုံးညီညွတ်မှု ပျက်ပြားစေနိုင်ကြောင်း သတိမထားမိသူများသည်။

လူတိုင်းတွင် မွေးရာပါ လူ့အခွင့်အရေးများ ခံစားခွင့်ရှိပြီး မိမိနှစ်သက်ရာ ဘာသာတရားကို ကိုးကွယ်ယုံကြည်ခွင့်လည်း ရှိသည်။  မိမိ၏ ဝါသနာပါရာ လုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းပညာ ရွေးချယ်မှုများမှာ တစ်ဦးနှင့်တစ်ဦး မတူညီနိုင်ပါ။ မတူညီမှုကို အသိအမှတ်ပြုပြီး အချင်းချင်း ညှိနှိုင်းလုပ်ဆောင်မှ လုပ်ငန်းများ တိုးတက်အောင်မြင်နိုင်သည်။ မတူညီခြင်းသည် သဘာဝဖြစ်ပြီး မတူညီခြင်းကြောင့် ခွဲခြားဆက်ဆံခြင်းသည် စည်းလုံးညီညွတ်မှု ပျက်ပြားခြင်းဟူသော ဆိုးကျိုးကိုသာ ဖြစ်ပေါ်စေနိုင်သည်။

မူလတန်းမြန်မာဖတ်စာတွင် သမင်၊ ခေါက်ရှာငှက်နှင့်လိပ်တို့ အဆွေခင်ပွန်းဖွဲ့၍ နေကြရာ မုဆိုး၏ ကျော့ကွင်းတွင်မိသည့် မိတ်ဆွေသမင်ကို လိပ်နှင့်ခေါက်ရှာငှက်တို့က စည်းလုံးညီညွတ်စွာဖြင့် ကူညီရိုင်းပင်းကြသောကြောင့် အသက်ဘေးမှ လွတ်ကင်းရကြောင်း ပုံပြင်ဖတ်စာကို သင်ကြားခဲ့ကြရသည်။

စည်းလုံးညီညွတ်ခြင်းသည် သေဘေးကို တားဆီးစေနိုင်ကြောင်း မှတ်သားခဲ့ရပါသည်။

မျောက်နှင့်ဆင် မည်သူက ခွန်အားရှိကြောင်း ပြိုင်ဆိုင် အငြင်းပွားသည့်ပုံပြင်တွင် ပညာရှိဇီးကွက်က ချောင်းတစ်ဖက်ကမ်းမှ သစ်သီးကို ခူးဆွတ်စေခိုင်းပြီး ချောင်းကိုကူးခြင်းသည် ဆင်၏ စွမ်းဆောင်မှုဖြစ်ပြီး  အပင်ထိပ်ဖျားမှ သစ်သီးကိုရအောင် ယူဆောင်ခြင်းသည် မျောက်၏စွမ်းရည်ဖြစ်သည်။ နှစ်ဦးပူးပေါင်းမှသာ အောင်မြင်နိုင်သည်။

တစ်ဦး၏စွမ်းရည်ကို တစ်ဦးက အသိအမှတ်ပြု ရမည်ဖြစ်ကြောင်း၊ အားသာချက်များ ပူးပေါင်းခြင်းဖြင့် လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းများကို သင်ခန်းစာရရှိခဲ့သည်။

အဆိုပါပုံပြင်များကို ငယ်စဉ်က သင်ကြားခဲ့ရပြီး စည်းလုံးညီညွတ်ခြင်း၏ အရေးပါပုံများကိုသိရှိခဲ့ကြရသည်။ လူကြီးသူမများကလည်း ''နွားကွဲလျှင်၊ကျားဆွဲမည်''၊ ''တစ်ယောက်အားဖြင့် ယူသော်မရ၊တစ်သောင်းအားဖြင့်ယူသော်ရ၏'' စသည့်စကားပုံများဖြင့် စည်းလုံးညီညွတ်ကြရန် သင်ကြားခဲ့ကြသည်။ ထင်းတစ်စည်းနှင့် သားအဖပုံပြင်မှ ထင်းစည်းကို ချိုး၍မရနိုင်သော်လည်း၊ ထင်းတစ်ချောင်းစီခွဲလိုက်က ချိုး၍ရနိုင်ကြောင်း သာဓကပြပြီး ''စည်းလုံးညီညွတ်ခြင်းသည် အင်အား'' ပင်ဖြစ်ကြောင်း ရှင်းပြခဲ့ကြသည်။

မြန်မာနိုင်ငံတော်သမိုင်းတွင် စည်းလုံးညီညွတ်မှုအားဖြင့် နိုင်ငံပြည်သစ်များ တည်ထောင်နိုင်ခဲ့ကြောင်း အနော်ရထာ၊ ဘုရင့်နောင်နှင့် အလောင်းဘုရားတို့က သက်သေပြခဲ့ကြသည်။ စည်းလုံးညီညွတ်မှုပြိုကွဲ၍ သူ့ကျွန်ဘဝသို့လည်း ရောက်ခဲ့ရသည်။ တစ်ဦးချင်း စည်းလုံးညီညွတ်ရေးကို  အလေးထားမှသာ ကမ္ဘာ့အလယ်တွင် မြန်မာဟု ဝင့်ကြွားနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ကြသည့် နိုင်ငံတစ်ခုဖြစ်ပြီး တစ်ဦးကိုတစ်ဦး အမှီသဟဲပြုနေထိုင်ကြရသဖြင့် တစ်ကိုယ်ကောင်း စိတ်ဓာတ်ဖြင့် ရပ်တည်၍ မရနိုင်ပါ။ လွတ်လပ်ရေး ခရီးပန်းတိုင်သို့ လျှောက်လှမ်းခဲ့ကြရာတွင်လည်းတိုင်းရင်းသားအားလုံး၏ ချစ်ကြည်စည်းလုံးမှုကို အရင်းခံ၍ ကြိုးစားခဲ့ကြကြောင်းလည်း ပင်လုံစာချုပ်က သက်သေပြလျက် ရှိနေသည်။

ယနေ့သည် နည်းပညာအထူး တိုးတက်သည့်ခေတ်ဖြစ်ပြီး သတင်းဖြန့်ချိရသည်မှာ အလွန်လွယ်ကူသည်။

လူအများစုမှာ အသိပညာနည်းပါးကြသဖြင့် ဖတ်ရသောသတင်းကို ယုတ္တိရှိ၊ မရှိ မဆင်ခြင်နိုင်ကြဘဲ မဖြစ်နိုင်သည့် ကောလာဟလများကို ယုံကြည်ကြသည်။

တစ်ဆင့်ဖြန့်ဝေကြသည်။  Like  လုပ်ကြသည်။ အမှားပေါ် အမှားဆင့်ပြီး ဒုက္ခရောက်ကြရပါတော့သည်။ လူအများ နစ်နာကြရသည်။ သွေးထိုးလှုံ့ဆော်သော သတင်းမှားများကြောင့်  အချင်းချင်း အမုန်းပွားခြင်းဖြင့် စည်းလုံးညီညွတ်မှု ပျက်ပြားကြရသည်။

ၤခေနဘသသု  လူမှုကွန်ရက် စာမျက်နှာတွင် ရန်ပြုဆဲဆိုကြသူများ အလွန်များလာသည်ကို တွေ့မြင်နေရသည်။ မဟုတ်မမှန် သတင်းများကို ဝါဒဖြန့်သည်။

လိုရာဆွဲရေးသည်။ မိမိအကြိုက်ကို မလိုက်ပါက မိဘ၊ ညီအစ်ကိုမောင်နှမနှင့် ဆွေမျိုးမိတ်ဆွေများကို ထိပါးပုတ်ခတ်သည်။ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများကိုလည်း ရိုင်းပျစော်ကားကြသည်။ မည်သူ့ကိုမြင်စေလို၍ ရေးကြပါသနည်း။ ၎င်း၏ရည်ရွယ်သူ မြင် မမြင်၊ သိ မသိ မသေချာသော်လည်း  လက်ရှိမြင်တွေ့ရသူများက နှာခေါင်းရှုံ့စက်ဆုပ်ကြသည်။

ရေးသားသူတွင်  မည်သည့်အကျိုးရပါသနည်း။  ကိုယ်တိုင် မသိလိုက်သော်လည်း  ရေးသူတွင်  မိတ်ပျက်ပါသည်။ အခြားသူအား ဤကဲ့သို့ ရိုင်းပျရင့်သီးလျှင် မိမိကိုလည်း ဤသို့ ရိုင်းပျစွာ ဆက်ဆံမှုမျိုး ကြုံရနိုင်သည်ဟု တွက်ဆ၍ ဖယ်ခွာကြပါမည်။  ရိုင်းပျတတ်သူကို  လူ့အသိုင်းအဝိုင်းက  စက်ဆုပ်ပါသည်။  သူတော်ကောင်း မိတ်ဆွေများ၏  ကူညီစောင့်ရှောက်မှုကိုလည်း မရနိုင်တော့ပါ။ အထူးသဖြင့် အချင်းချင်းစည်းလုံးညီညွတ်မှု ပျက်ပြားရသည်။

တူရာအုပ်စုများဖွဲ့ကြပြီး  ဓမ္မ၊ အဓမ္မ အငြင်းပွားကြခြင်း၊  သွေးကွဲကြခြင်းဖြင့်  မည်သည့်လုပ်ငန်းကိုမျှ ဆောင်ရွက်နိုင်မည် မဟုတ်ပါ။ နိုင်ငံတကာနှင့် တန်းတူ ရင်ပေါင်တန်းနိုင်အောင် အရေးတကြီး  လုပ်ဆောင်ကြရမည့် အခြေအနေတွင် စည်းလုံးညီညွတ်မှု ပြိုကွဲနေကြခြင်းသည် နိုင်ငံ၏အခြေအနေကို ပိုမိုဆိုးရွားစေနိုင်သည်။

နေ့စဉ်ဘဝတွင်  မိမိ၏မိသားစု တာဝန်များကို အဆင်ပြေအောင် ဆောင်ရွက်ရသည်နှင့်အတူ နိုင်ငံတိုးတက်အောင်လည်း တစ်ပြိုင်တည်း လုပ်ဆောင်နိုင်သည်။  အမုန်းစကားများကို မရေးပါနှင့်၊ မပြောပါနှင့်။  ''တိုးတိုးပြောတော့ပြည်ပျက်''၊  ''ချစ်စေလို ခံတွင်း လက်လေးသစ်၊ မုန်းစေလို ခံတွင်းလက်လေးသစ်'' စသည့် ဆိုရိုးစကားများကိုလည်း သတိရှိကြရန် တိုက်တွန်းလိုသည်။

လူတစ်ဦး တစ်ယောက်တည်း၏ အားဖြင့်  တိုင်းပြည်နိုင်ငံကြီး ကောင်းမွန်တိုးတက်အောင် မစွမ်းဆောင်နိုင်သော်လည်း စုပေါင်းအားဖြင့် စွမ်းဆောင်နိုင်သည်။  မြန်မာနိုင်ငံသားများသည် ဇွဲ၊ လုံ့လ၊ ဝီရိယနှင့်ပြည့်စုံကြပြီး မိမိလိုရာရောက်အောင် ထိုးထွင်းဉာဏ်ဖြင့် ဆောင်ရွက်နိုင်သည့်  အရည်အချင်း အပြည့်အဝရှိသူများဖြစ်သည်။    အချင်းချင်း ညီညွတ်စွာဖြင့် အခက်အခဲများကို ကျော်ဖြတ်အောင်နိုင်ပါက မဝေးသော အနာဂတ်တွင်  နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက် အောင်မြင်မှုများကို ရရှိမည်ဖြစ်သည်။

အပြုသဘောမဆောင်သည့် ထိုးနှက်တိုက်ခိုက်မှုများ ရှောင်ရှား၍ တက်ညီလက်ညီ စည်းလုံးညီညွတ်စွာ ဝိုင်းဝန်းကြိုးစား အားထုတ်ကြခြင်းဖြင့်  ကမ္ဘာ့အလယ်တွင်  ဝင့်ထည်သော နိုင်ငံတစ်နိုင်ငံဖြစ်လာစေရန်  ကြိုးပမ်း ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။   ။