နယ်စပ်ရေးရာဝန်ကြီးဌာန၏ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆိုင်ရာ Online အစည်းအဝေး ကျင်းပ

 

နယ်စပ်ရေးရာဝန်ကြီးဌာန၏ နယ်စပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆိုင်ရာ Online အစည်းအဝေးအား ယနေ့နံနက် ၉ နာရီခွဲတွင် ဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေး ခန်းမ၌ ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊  ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြတ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးများ တက်ရောက်ခဲ့ ကြသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အခြေခံအဆောက်အဦများဖြစ်သည့် လမ်း/တံတား၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေ၊ သောက်သုံးရေ ရရှိရေး၊ မီးလင်းရေး စသည့်တည်ဆောက် ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်၊ လွှတ်တော်ကတိကဝတ်၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၏ တောင်းဆိုချက်များ၊ ဒေသခံပြည်သူများ၏ တင်ပြချက်၊ မိမိတို့၏ နှစ်တို၊ နှစ်လတ်၊ နှစ်ရှည်စီမံကိန်းများအရလည်းကောင်း၊ MSDP နှင့် ချိတ်ဆက်၍လည်းကောင်း၊ နိုင်ငံတော်အစိုးရ၏ ခွင့်ပြုရန်ပုံငွေဖြင့်သာမက  မိတ်ဖက် နိုင်ငံများ၏ ထောက်ပံ့ ကူညီမှုများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် လတ်တလော ကြုံတွေ့နေရသည့် COVID-19 ဆိုင်ရာ ကပ်ရောဂါ အခြေအနေများအရ Coronavirus Disease (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနှင့်  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားရှိသည့် ကြိုတင်ကာကွယ်ရေး၊  ထိန်းချုပ်ရေး၊ တုံ့ပြန်ရေးဆိုင်ရာ လမ်းညွှန်ချက်များကို တိတိကျကျ လိုက်နာပြီး မိမိတို့၏ မူလရည်မှန်းချက် တာဝန်များကိုလည်း အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ရန်   ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက် ရမည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများ၊ လမ်းညွှန်ချက်များ၊ သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ ဆောလျင်စွာ ဆောင်ရွက်နိုင်ခဲ့သဖြင့် COVID-19 ဆိုသည့် ကန့်သတ် ချက်ရှိခဲ့ သော်လည်း ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းများကို  ခွင့်ပြု ရန်ပုံငွေနှင့် အချိုးညီသည့် သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်း၊ သတ်မှတ်ကာလအတွင်း ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရကြောင်း။

ထို့အတူ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆိုင်ရာ တင်ဒါလုပ်ငန်းစဉ်များကိုလည်း မကြာမီ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်စတင်သည်နှင့် တစ်ပြိုင်နက် လုပ်ငန်းဆောင်ရွက်ချိန် ပိုမိုရရှိရေး၊ ပွင့်လင်းရာသီအမီ ဆောင်ရွက်နိုင်ရေး စတင်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးများအနေဖြင့် ယခင်နှစ်လုပ်ငန်းအတွေ့အကြုံများအပေါ် အခြေခံ၍ တည်ဆောက်ရေးလုပ်ငန်းများ ပိုမိုကောင်းမွန်သည်ထက် ပြည့်စုံကောင်းမွန်စေရန် အကြံပြုတင်ပြချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြပေးစေလိုကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်တွင် ဒေသအသီးသီး၌ အကောင်အထည်ဖော်ဆောင်ရွက်မည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကိုလည်း မည်သည့် အကန့်အသတ်အတားအဆီးမျိုးကိုမဆို  ဥပမာ COVID-19 ၊ ရာသီဥတု ဖောက်ပြန်မှု အစရှိသည့်အတားအဆီးများကို ကျော်လွှား ဆောင်ရွက်သွားနိုင်ရေး၊ ခေတ်မီ နည်းပညာများအပါအဝင် ကြိုတင်ပြင်ဆင်ဆောင်ရွက်သင့်သည်များကို ဆောင်ရွက် ထားကြ ရန် မှာကြားခဲ့သည်။ ဆက်လက်၍ ဒေသအသီးသီးတွင် တာဝန်ထမ်းဆောင် နေကြသည့် တိုင်းဒေသကြီး/ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးများအနေဖြင့် မိမိအပါအဝင် မိမိကွပ်ကဲမှု အောက်ရှိ ဝန်ထမ်းအားလုံးကိုနိုင်ငံတော်မှ ပြဋ္ဌာန်းထားသည့် ဝန်ထမ်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများကို တိတိကျကျ လိုက်နာရေး၊ အဂတိတရားကင်းရှင်းရေး၊ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး၊ အသိ/သတိ ရှိစေရေး၊ လက်အောက်ငယ်သားများ၏ သက်သာ ချောင်ချိရေး၊ သာရေး၊ နာရေး ကိစ္စရပ်များကို တာဝန်ရှိသူများက မျက်ခြည် မပြတ်လေ့လာ သုံးသပ်ပြီး အတတ်နိုင်ဆုံး ဖြည့်ဆည်းကူညီဆောင်ရွက်ပေးရန်လိုကြောင်း မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးများက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် လုပ်ငန်းပြီးစီးမှုအခြေအနေများ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တည်ဆောက်ရေး လုပ်ငန်းများအပေါ်စစ်ဆေးရေးအဖွဲ့ အဆင့်ဆင့်၏ စစ်ဆေးအကြံ ပြုချက်များ လိုက်နာဆောင်ရွက်ပြီးစီးမှု၊ COVID-19 ဆိုင်ရာ လမ်းညွှန်ချက်များကို လိုက်နာ ဆောင်ရွက်နေမှုများ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို ဒေသအလိုက် ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးက တာဝန်ရှိသူများမှ ကြီးကြပ် စစ်ဆေးရန် အခက်အခဲရှိသောအချိန်များတွင် နယ်မြေတွင်ရှိသော ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးများအပါအဝင် ခရိုင်/မြို့နယ်အဆင့်ဆင့်မှ တာဝန်ရှိသူများက ပိုမိုအထူးဂရုပြု အပင်ပန်းခံ အလေးထား ကြီးကြပ်ဆောင်ရွက် သွားကြရန်၊ မိမိတာဝန်ယူထားသည့် အလုပ်ကို စိတ်အားထက်သန်စွာ တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့်လုပ်ငန်းများကို အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးရေး အောင်မြင်အောင် ကြပ်ကြပ်မတ်မတ် တွန်းတွန်းတိုက်တိုက် ဆောင်ရွက်သွားကြရန်၊ COVID-19 လက်ရှိအခြေအနေအရ ယခင်ပထမအကြိမ် ဖြစ်စဉ်ထက် ပိုးတွေ့ရှိသူ၊ သေဆုံး သူများ ပိုတိုးလာသဖြင့် ပိုမိုသတိထားပိုမိုဂရုစိုက်ကြရန်၊ ဌာနတွင်း ဝန်ထမ်းများ အားလုံး အထက်/အောက် ရိုသေလေးစားမှု၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ယုံကြည်မှု၊ ကူညီရိုင်းပင်းမှု၊ ပွင့်လင်းမြင်သာမှု၊ နားလည်မှုများဖြင့် ညီညီညွတ်ညွတ် ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်သွားကြရန် မှာကြားသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တိုင်းဒေသကြီး/ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် မြေလမ်း ၂၂၅ မိုင် ၇ ဖာလုံ၊ ကျောက်လမ်း ၂၃၅ မိုင် ၂ ဖာလုံ၊ ကတ္တရာလမ်း ၂၂ မိုင် ၅ ဖာလုံ၊ ကွန်ကရစ်လမ်း ၅ မိုင် ၄ ဖာလုံ၊ လမ်းပြုပြင်ထိန်းသိမ်းခြင်း ၁၅၅ မိုင် ၂ ဖာလုံ၊ ဂဝံ/ဖြုန်းကျောက်ခင်းလမ်း ၃၁ မိုင်၊ တံတား၉၄၃ စင်းတို့ကို စုစုပေါင်း ခွင့်ပြုရန်ပုံငွေကျပ် ၈၅ ဒသမ ၄၄ ဘီလီယံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။