အကြမ်းဖက်သမားများက ဆရာ၊ ဆရာမများအား လက်နက်ငယ်များဖြင့် အကြောင်းမဲ့ လုပ်ကြံပစ်ခတ်တိုက်ခိုက်

အကြမ်းဖက်သမားများက ဆရာ၊ ဆရာမများအား လက်နက်ငယ်များဖြင့် အကြောင်းမဲ့ လုပ်ကြံပစ်ခတ်တိုက်ခိုက်

နေပြည်တော်  ဒီဇင်ဘာ  ၉

အကြမ်းဖက်သမားများအနေဖြင့် ကျောင်းသူ၊ ကျောင်းသားများ စာပေသင်ကြားခွင့်မရရှိ စေရေးအတွက် ပညာရေး ဝန်ထမ်းများအား ပစ်မှတ်ထား၍ အကြမ်းဖက်တိုက်ခိုက်မှုများ၊ အနီးကပ်   လုပ်ကြံပစ်ခတ် သတ်ဖြတ်မှုများ ပြုလုပ်ခြင်း၊ စာသင်ကျောင်းများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ လူအင်အားဖြင့် စီးနင်း၍ ကျောင်းဆောင်များနှင့် ပရိဘောဂပစ္စည်းများအား ဖျက်ဆီးခြင်း၊ ကျောင်းသူ၊ ကျောင်းသားများ အေးချမ်းစွာ စာပေ သင်ကြားနိုင်ရေးအတွက် အနီးကပ် လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိသည်။

ထိုသို့ အကြမ်းဖက် အဖျက်အမှောင့်နှင့် လုပ်ကြံသတ်ဖြတ်မှုများအား အဓိပ္ပာယ်မဲ့ ကျူးလွန်လျက်ရှိရာ  ဒီဇင်ဘာလ ၉ ရက် မွန်းလွဲ ၂ နာရီ ၁ဝ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊   ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အမှတ်(၂)အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းဆရာမဖြစ်သူ ဒေါ်ဇွန်ထက်ထက်ဝင်း(၂၉)နှစ် (ဘ)ဦးမြင့်ဦးသည် ကျောင်းမှ စက်ဘီးဖြင့် ၎င်း၏နေအိမ်သို့ ပြန်လာစဉ် နေအိမ်ရှေ့အရောက်၌ အနောက်မှ ဆိုင်ကယ်စီးနင်းလာသည့် အကြမ်းဖက်သူ အမျိုးသား ၂ ဦးက သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း၊  ထိုသို့ပစ်ခတ်မှုကြောင့် ဒေါ်ဇွန်ထက်ထက်ဝင်းတွင် ယာ လက်မောင်း ကျည်ထိမှန်ဒဏ်ရာ ၁ ချက်၊ ဝဲလက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲလက်ပြင် ကျည်ထိမှန်ဒဏ်ရာ ၁ ချက်တို့ရရှိခဲ့သဖြင့်  ဆေးဝါးကုသ ခံယူနိုင်ရေး တပ်မတော်ဆေးရုံသို့  ပို့ဆောင်ထားရှိခဲ့ကြောင်း သိရသည်။

အလားတူ နံနက် ၉ နာရီ ၄ဝ မိနစ်အချိန်တွင် တွံတေးမြို့နယ်၊   မင်းပိုင်းရပ်ကွက်၊ ဘုရင့်နောင်လမ်းနေ ဦးလှဝေ (၄၉)နှစ် (ဘ)ဦးတင်ကြည်နှင့် ဇနီးဖြစ်သူ အထက်တန်းပြ ကျောင်းဆရာမ ဒေါ်စုစုအောင်(၄၇)နှစ် (ဘ)ဦးအောင်မြအေးတို့သည် လက်ဖက်ရည်ဆိုင်အတွင်းရှိနေစဉ် စမ်းရွာကျေးရွာနေ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ဝင် သိန်းထိုက်(၃၃)နှစ် (ဘ)ဦးသိန်းလွင်သည် KENBO 125 ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေး သွားခဲ့သဖြင့် ဦးလှဝေတွင် ကျည်ဖောက်ဝင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကာ ဒေါ်စုစုအောင်တွင်  ကျောကုန်းကျည် ရှပ်ထိဒဏ်ရာတို့ ရရှိခဲ့ပြီး အခင်းဖြစ်နေရာမှ သိန်းထိုက် စီးနင်း လာသည့် KENBO 125 ဆိုင်ကယ် ၁ စီး၊ SIG SAUER P226 စာတန်းပါ ပစ္စတိုသေနတ် ၁ လက်၊    A   USA   LUGER  9MM  ကျည် ၃ တောင့်နှင့် ကျည်ခွံ ၅ ခုတို့အား   တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း   သိရှိရသည်။

အထက်ပါဖြစ်စဉ်များမှ  အကြမ်းဖက်လုပ်ဆောင်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး ရမိနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် မိဘပြည်သူများ အနေဖြင့်လည်း သားသမီးများ၏ ပညာသင်ကြားမှု အခွင့်အရေးအပေါ် တားဆီးနှောင့်ယှက်လျက်ရှိသည့်  အကြမ်းဖက်သမားများ၏ သတင်းအား သိရှိရပါက နီးစပ်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များထံ လျှို့ဝှက်စွာဖြင့် သတင်းပေးပို့နိုင်ပါရန် အသိပေး သတင်းထုတ်ပြန်ထားရှိကြောင်း သတင်းရရှိသည်။