ထန်တလန်မြို့၊ အမှတ်(၂)ရပ်ကွက် အတွင်းရှိ နေအိမ်များအား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့မှုများ ထပ်မံလုပ်ဆောင်

ထန်တလန်မြို့၊ အမှတ်(၂)ရပ်ကွက် အတွင်းရှိ နေအိမ်များအား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့မှုများ ထပ်မံလုပ်ဆောင်

နေပြည်တော်  ဒီဇင်ဘာ  ၉

ချင်းပြည်နယ်၊  ထန်တလန်မြို့၊   မြို့မရဲစခန်းအနီးသို့ ဒီဇင်ဘာ ၈ ရက် ညနေ ၄ နာရီ ၅ဝ မိနစ်ခန့်တွင် အကြမ်းဖက်သမား အင်အား ၃ဝ ဦးခန့်က  အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန် ချဉ်းကပ်လာရာမှ အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ညနေ ၅ နာရီ ၁ဝ မိနစ်တွင် အကြမ်းဖက်သမားများသည်  အရှေ့ဘက်သို့ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။ ဆုတ်ခွာထွက်ပြေးသွားသည့် အကြမ်းဖက်သမားများသည်  အမှတ်(၂)ရပ်ကွက်အတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ညနေ ၆ နာရီ ၁၅ မိနစ်မှ ယနေ့ နံနက် ၁ နာရီ ၅ မိနစ်အထိ ရပ်ကွက်အတွင်း မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားရာ နေရာများသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များက နံနက် ၈ နာရီခွဲခန့်တွင် သွားရောက်စစ်ဆေးခဲ့ရာ ပျဉ်ခင်း၊ သွပ်ကာ၊ သွပ်မိုး ၁ ထပ်နေအိမ် ၈ လုံး၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး ၁ ထပ်နေအိမ် ၂ လုံးနှင့် ပျဉ်ခင်း၊ သွပ်ကာ၊ သွပ်မိုး ၂ ထပ်နေအိမ် ၃ လုံး စုစုပေါင်းနေအိမ် ၁၃ လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၂ဝဝ ခန့်) မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း   သိရသည်။

NUG ၊ CRPH နှင့် PDFအမည်ခံ အကြမ်းဖက်သမားများသည် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့်   တရားဥပဒေ စိုးမိုးရေးကို ပျက်ပြားစေရန်   ရည်ရွယ်၍ နေရာဒေသအချို့၌ အကြမ်းဖက် လုပ်ရပ်များကို   ကျူးလွန် လုပ်ကိုင်လျက်ရှိရာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ထန်တလန်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ နေအိမ် ၃ဝ လုံး၊ ၆ ခန်းတွဲ ဈေးဆိုင်ခန်း ၁ လုံးနှင့်   ဘုရားရှိခိုးကျောင်း ၁ ကျောင်းကို နိုဝင်ဘာ ၂၄ ရက်တွင် လည်းကောင်း၊ အမှတ်(၁)ရပ်ကွက်၊ ဘောလုံးကွင်းအနီးရှိ နေအိမ် ၇ဝ လုံးခန့်နှင့် ဘုရားရှိခိုးကျောင်း ၂ ကျောင်းကို အောက်တိုဘာ ၂၉ ရက်တွင်လည်းကောင်း     မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်။

အကြမ်းဖက်သမားများက ထိုသို့ အကြမ်းဖက်လုပ်ရပ်များကို  မကြာခဏ ကျူးလွန်လုပ်ဆောင်၍ လူမှုကွန်ရက် စာမျက်နှာများမှတစ်ဆင့် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှု မရှိကြောင်း ဝါဒဖြန့် ဆောင်ရွက်လျက်ရှိသဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးမှုရှိစေရေး အတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ  ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်း    သတင်းရရှိသည်။