မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးအား နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ခေါ်ယူ၍ နယ်စပ်လုံခြုံရေးနှင့်ပတ်သက်၍ သတိထောက်လွှာပေးအပ်

 

နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်သည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး H. E. Mr. Manjurul Karim Khan Chowdhury အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအား ၁၃-၉-၂၀၂၀ ရက်က ခေါ်ယူတွေ့ဆုံစဉ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်အနီး မြန်မာ့ တပ်မတော်၏ လှုပ်ရှားမှုများနှင့်ပတ်သက်၍ ပြောကြားခဲ့မှုနှင့် သတိထောက်လွှာပေးအပ်ခဲ့မှု အပေါ် မြန်မာဘက်ကဖြစ်စဉ်အခြေအနေမှန်ကို တုံ့ပြန်ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်က ဘင်္ဂလားဒေ့ရှ်ဘက်မှ သတိထောက်လွှာတွင် ဖော်ပြ ထားသော မကြာသေးမီက နှစ်နိုင်ငံနယ်စပ်အနီး မြန်မာဘက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ လှုပ်ရှားမှုများသည် ရဲတပ်ဖွဲ့ဝင်များ၏ ပုံမှန်တာဝန်လဲလှယ်မှုသာဖြစ်ပြီး ၎င်းတို့နှင့်အတူ မိသားစုဝင်များလည်း လိုက်ပါပြောင်းရွှေ့ကြခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ ရွှေ့ပြောင်း လှုပ်ရှားမှုများသည် ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအရ တရားဥပဒေစိုးမိုးရေးနှင့် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံအသိုက်အဝန်းအားလုံး၏ လူမှုဘဝ လုံခြုံမှုရှိရေး ကာကွယ်စောင့်ရှောက်ရန်အတွက် ပုံမှန်တာဝန်ထမ်းဆောင်မှု၏ တစ်စိတ်တစ်ဒေသ လှုပ်ရှားဆောင်ရွက်မှုသာ ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များတာဝန် ရွှေ့ပြောင်းရာတွင်လည်း မြန်မာပိုင်နက်နယ်နိမိတ်အတွင်းတွင်သာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် ခြိမ်းခြောက်မှုပြုစေရန်ရည်ရွယ်ခြင်း အလျဉ်း မရှိကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားဆက်ဆံရေးရုံးများ (BLQs) ထူထောင်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာကို ၂၄-၁၀-၂၀၁၇ ရက်က နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာဘက်က နယ်ခြားဆက်ဆံရေးရုံးကို မောင်တောမြို့၌ ၁၅-၁၀-၂၀၁၈ရက်က  စတင် ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း၊ နှစ်နိုင်ငံ နယ်ခြားဆက်ဆံရေးရုံးများအကြား ညှိနှိုင်းအစည်းအဝေး ကျင်းပရန် မြန်မာဘက်မှ သုံးကြိမ်တိုင်အဆိုပြုခဲ့သော်လည်း ပထမနှစ်ကြိမ် အဆိုပြုမှုများ အပေါ် ဘင်္ဂလားဒေ့ရှ်ဘက်မှ အကြောင်းပြန်ကြားမှုမရှိခဲ့ကြောင်း၊ မြန်မာဘက်မှ တတိယ အကြိမ်အဆိုပြုမှုအပေါ် COVID-19 ရောဂါအခြေအနေအပေါ် အကြောင်းပြု၍ အဆင်ပြေမှု မရှိသေးဟု ဘင်္ဂလားဒေ့ရှ် ဘက်က ပြောကြားထားကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်   နယ်စပ် ဒေသလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်နိုင်ငံအကြား ထူထောင်ထားသည့် နယ်ခြားဆက်ဆံရေးရုံးအချင်းချင်း ဆက်သွယ်ဆောင်ရွက်သည့် ယန္တရားမှတစ်ဆင့် ဆွေးနွေး ညှိနှိုင်းဖြေရှင်းသွားရန် အသင့်ရှိကြောင်း ထပ်လောင်းပြောကြားခဲ့ပြီးဘ င်္ဂလားဒေ့ရှ် သံအမတ်ကြီးအား သတိထောက်လွှာ တစ်စောင်ပေးအပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနမှ သိရသည်။