ချမ်းအေးသာစံမြို့နယ်အတွင်း Silence Strike Campaign ပြုလုပ်ရန် ပြင်ဆင်နေသူအား လက်လုပ်မိုင်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

ချမ်းအေးသာစံမြို့နယ်အတွင်း Silence Strike Campaign ပြုလုပ်ရန် ပြင်ဆင်နေသူအား လက်လုပ်မိုင်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်  ဒီဇင်ဘာ  ၉

၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်တွင် ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန် ရပ်ကွက်၊   ၃ဝx၆၃ လမ်းထောင့်၌ လုံခြုံရေးပူးပေါင်းအဖွဲ့မှ နယ်မြေအတွင်း လှည့်ကင်း ဆောင်ရွက်နေစဉ်   ခိုင်ဇင်ဇူး (၂ဝ)နှစ်အား  မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ  Silence Strike Campaign ပြုလုပ်ရန်  လှုံ့ဆော်ရေးသားထားသည့် လက်ကမ်းစာစောင်များနှင့် ပိတ်စ ၁ ခုတို့အား စစ်ဆေးတွေ့ရှိခဲ့သဖြင့် ၎င်းနေထိုင်သည့်  ချမ်းအေးသာစံမြို့နယ်၊  ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ရေနီမြောင်းလမ်းသွယ်ရှိ နေအိမ်အား ထပ်မံရှာဖွေခဲ့ရာ လက်လုပ်မိုင်းမျိုးစုံ ၁ဝဝ လုံး၊ ယမ်းကြိုး ၃၃ ခု၊ ဒိုင်းကာ ၃ဝ ခု၊ ကျည်ကာအင်္ကျီ ၃ ထည်၊ ခွပ်ဒေါင်းပုံပါ ဗကသ အလံ ၁ ခု၊ ဆေးပစ္စည်းမျိုးစုံနှင့် ဆန္ဒပြရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။

တရားခံ ခိုင်ဇင်ဇူး၏ ထွက်ဆိုချက်အရ မန္တလေးမြို့အတွင်း ဆူပူဆန္ဒပြခြင်းများအား အဓိက ဦးဆောင်သူမှာ   ဖမ်းဆီးရန်ကျန် တရားခံ အစွန်းရောက် NLD ပါတီဝင် သူရအောင်ဖြစ်ပြီး ၎င်းမှ ဆန္ဒပြသူများ စုစည်းနေထိုင်ရန်အတွက် ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊  ရေနီမြောင်းလမ်းသွယ်ရှိ နေအိမ်အား ငှားရမ်းထားခြင်း ဖြစ်ပြီး အဆိုပါနေအိမ်တွင် ဖမ်းဆီးရန်ကျန် လှလှ၊ ဝင့်ဝါ၊ ငြိမ်းချမ်းပြည့်စုံ၊ ဟိန်းမင်းဇော် နှင့်စိုးလင်းအောင်တို့ ၆ ဦး စုစည်းနေထိုင်၍ မန္တလေးမြို့တွင်း ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်စေရေး လိုက်လံဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

တရားခံ ခိုင်ဇင်ဇူး၏ ထွက်ဆိုချက်အရ မန္တလေးမြို့အတွင်း  ဆူပူဆန္ဒပြရာတွင် အသုံးပြုသည့် ဆိုင်းဘုတ်များ၊ ပိုစတာများအား ဟိန်းမင်းဇော်မှ ပိတ်စများ ဝယ်ပေးပြီး အဆိုပါနေအိမ်၌ ဆော့ပင်/မှုတ်ဆေးများ အသုံးပြု၍ ရေးသားပြုလုပ်ကြောင်း၊ ဆူပူဆန္ဒပြရာတွင် အသုံးပြုမည့်  လိုအပ်သည့် ပစ္စည်းများ၊ ဆန္ဒပြလိုက်ပါသူများ၏ စားဝတ်နေရေးအတွက် ငွေကြေးအား သူရအောင်မှ အဓိကထောက်ပံ့၍ စေခိုင်းလျက်ရှိကြောင်း ဖော်ထုတ်သိရှိရသည်။

ထို့ပြင် သူရအောင်၏ စေခိုင်းချက်အရ ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန်၊ နိုင်ငံတကာမှ မြန်မာနိုင်ငံအတွင်း  အုပ်ချုပ်မှု ယန္တရား ပျက်ပြားနေသည်ဟု အထင်အမြင် လွဲမှားစေရန် ရည်ရွယ်၍ Silence Strike Campaign ပြုလုပ်ရန်နှင့် အဆိုပါနေ့ရက်တွင် ပုံမှန် သွားလာလျက်ရှိသော အများပြည်သူများအား ပူးပေါင်းဆောင်ရွက်ခြင်း မရှိသူများအဖြစ် သတ်မှတ်ကာ ထိခိုက်ဒဏ်ရာရရှိစေရန်အတွက် အကြမ်းဖက် ဖောက်ခွဲရေး လုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်လျက်ရှိစဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

သို့ဖြစ်ပါ၍ အဆိုပါဖမ်းဆီးရမိ တရားခံအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပြီး ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန်နှင့် ထိခိုက်ဒဏ်ရာရရှိစေရန်  အကြမ်းဖက်မှု ဆောင်ရွက်နေသူများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာ နေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု  သတင်းများရရှိပါက  သက်ဆိုင်ရာသို့  လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။