ဆိုရှယ်မီဒီယာများပေါ်တွင် ထွက်ပေါ်နေသည့် သတင်းတု၊ သတင်းမှားများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်

ဆိုရှယ်မီဒီယာများပေါ်တွင် ထွက်ပေါ်နေသည့် သတင်းတု၊ သတင်းမှားများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်

ယခုလက်ရှိ မြန်မာနိုင်ငံရေး အခြေအနေကို အခွင့်ကောင်းယူ၍ ပြည်တွင်း/ ပြည်ပပြည်ဖျက် မီဒီယာများ၊ မြန်မာနိုင်ငံအား ပြိုကွဲစေလိုသော နိုင်ငံတချို့ ပူးပေါင်းကာ တည်ငြိမ်အေးချမ်းစွာ နေထိုင်လိုသော ပြည်သူလူထုနှင့် တပ်မတော်ကို သွေးခွဲရန်၊ အမုန်းတရားများ ပြန့်ပွားစေရန်၊   ပဋိပက္ခများ ပိုမိုကြီးထွားစေရန် နည်းလမ်းအမျိုးမျိုးဖြင့် သွေးထိုး လှုံ့ဆော်လျက်ရှိကြပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် အကြမ်းဖက်သမားများနှင့် အကြမ်းဖက်မှု အားပေးသူများ စိတ်ဓာတ်တက်ကြွစေရန်အတွက်  လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု သတင်းအမှားများ ဖော်ပြခြင်း၊  တပ်မတော်မှ အပြစ်မဲ့ပြည်သူများအား အနိုင်ကျင့် သတ်ဖြတ်နေသည့် အသွင်ဖြင့် လုပ်ကြံဖန်တီးထားသည့် သတင်းတု ထုတ်လွှင့်ခြင်းများ     မကြာခဏ ဆောင်ရွက်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ပုံရိပ် ပျက်ပြားစေရန်နှင့် ပြည်သူများ အထင်အမြင် လွဲမှားစေရန် လူမှုကွန်ရက်များမှ တစ်ဆင့် လုပ်ကြံဖန်တီး ဖော်ပြလျက်ရှိကြပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် သာမန်ဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ ဆိုရှယ်မီဒီယာများကို အသုံးပြု၍ ငွေအား၊ နည်းပညာအားဖြင့် ပြည်တွင်း/ပြည်ပ ဟန်ချက်ညီ ဆောင်ရွက်နေကြခြင်းဖြစ်ပါသည်။

ဥပမာအားဖြင့်   မကြာသေးမီက ဖြစ်ပွားခဲ့သော ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊  ဆူပူဆန္ဒပြမှုနှင့် ပတ်သက်၍ ဆူပူဆန္ဒပြသူ ၃ ဦးဒဏ်ရာ ရရှိခဲ့ခြင်းကို    ပြည်တွင်း/ပြည်ပပြည်ဖျက် မီဒီယာများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် သံရုံးတချို့မှ ပြည်သူလူထု၏ သနားကြင်နာတတ်သော စိတ်အခံကို အသုံးချကာ လူ ၅ ဦး သေဆုံး၍ အများအပြား ဒဏ်ရာရကြောင်း မဟုတ်မမှန် ဝါဒဖြန့်ချိမှုများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့မဟုတ်မမှန် ဝါဒဖြန့်ချိ သတင်းအမှားများကို တချို့သံတမန်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် သက်ဆိုင်ရာသို့ အတည်ပြုချက်ရယူခြင်း မပြုဘဲ   သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ပြီး  လုံခြုံရေး တပ်ဖွဲ့ဝင်များအား ပြည်သူလူထုမှ အထင်အမြင် လွဲမှားစေရန်  ထပ်ဆင့် လုပ်ဆောင်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။

အဆိုပါဆူပူ ဆန္ဒပြမှုဖြစ်စဉ် အမှန်သည်   သာမန်ဆန္ဒပြခြင်းမျိုး မဟုတ်ဘဲ အကြမ်းဖက်သမားများ ပါဝင်နေပြီး၊ အကြမ်းဖက်မှုသို့ ကူးပြောင်းမည်ဖြစ်ကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့်  အကြမ်းဖက်မှု နှိမ်နင်းရေး လုပ်ထုံးလုပ်နည်း (Counter-terrorism Standard Operating Procedure) များနှင့်အညီ ကိုင်တွယ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုသို့သော ဆူပူဆန္ဒပြမှုများတွင် အကြမ်းဖက်သမားများက   လူငယ်လူရွယ်တချို့ကို လူသားတံတိုင်း(Human Shield) အဖြစ် တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း အသုံးချနေကြသည်ကိုလည်း တွေ့ရှိရပါသည်။

 ဒုတိယသတင်းမှား တစ်ခုအနေဖြင့်   ခေတ်သစ်ပြည်ဖျက် မီဒီယာတွင် လူများအစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်ခံထားရသည့် ရုပ်သံဖိုင်တစ်ခုကို ထုတ်လွှင့်ကာ တပ်မတော်မှပြုလုပ်လေဟန် သတင်းမှားဖြန့်ချိလျက်ရှိပါသည်။  အဆိုပါရုပ်သံဖိုင်သည် ဆိုရှယ်မီဒီယာများပေါ်တွင် တစ်မုဟုတ်ချင်း ပျံ့နှံ့သွားပြီး ပြည်တွင်း/ပြည်ပ ချိတ်ဆက်ဆောင်ရွက်နေကြကြောင်း ထင်ရှားစွာ တွေ့မြင်နေရပါသည်။   မြေပြင်သတင်းစုံစမ်းချက်အရ   ထိုရုပ်သံဖိုင်တွင် ဖော်ပြထားသည့်     အကြောင်းကိစ္စနှင့် ပတ်သက်၍ တပ်မတော်နှင့် (လုံးဝ) သက်ဆိုင်ခြင်းမရှိဘဲ တပ်မတော်၏ ပုံရိပ်ကျဆင်းစေရန် လုပ်ကြံဝါဒ ဖြန့်ချိထားခြင်းသာဖြစ်ကြောင်း စိစစ်တွေ့ရှိရပြီး သက်ဆိုင်ရာမှ အဖြစ်မှန်ပေါ်ပေါက်စေရန် အတွက် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍   ငြိမ်းချမ်းစွာ နေထိုင်လျက်ရှိသည့် ပြည်သူလူထုအနေဖြင့် ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်သမားများ၏ ဝါဒဖြန့်ချိချက်များကို သတိပြုနိုင်ကြပါရန်နှင့် အကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွှယ်နေသော   ဆူပူအကြမ်းဖက် ဆန္ဒပြမှုဖြစ်စဉ်များတွင် လူသားတံတိုင်းအဖြစ် အသုံးချမခံရစေရေး၊ အကြမ်းဖက်သမားများအား အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် လက်တွဲကာ   ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်ကြပါရန် မေတ္တာရပ်ခံ သတင်း ထုတ်ပြန်အပ်ပါသည်။