တန်ဖိုးထားရမည့် လူ့အခွင့်အရေးနှင့် လိုက်နာရမည့် ဟီရိသြတ္တပ္ပ တရား

(၇၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး။

တန်ဖိုးထားရမည့် လူ့အခွင့်အရေးနှင့် လိုက်နာရမည့် ဟီရိသြတ္တပ္ပ တရား

    ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်တွင် ကုလသမဂ္ဂ အဖွဲ့ကြီးက လူ့အခွင့်အရေး ကြေညာစာတမ်းကြီးကို ထုတ်ပြန်ကြေညာခဲ့သည်။  ထိုနေ့ကိုအစွဲပြုရာမှ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဟူ၍ ဖြစ်ပေါ်လာခဲ့သည်။ စင်စစ် ဤကြေညာ စာတမ်းကြီးသည် အတိတ်မှာရှိခဲ့ဖူးသော   လူဖြူလူမည်းစနစ်များ၊  ကျေးကျွန်စနစ်များ အပြင်  ပထမနှင့် ဒုတိယ ကမ္ဘာစစ်ကြီးမှ ရရှိလိုက်သော အတွေ့အကြုံများမှ တစ်ဆင့် တောင်းဆိုမှုများကြောင့် ဖြစ်ပေါ်လာရသည်ဆိုလည်း မမှားပါချေ။ လူသားအားလုံးတို့သည် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလ တရားများဖြင့် မွေးဖွားလာကြသူများပင်ဖြစ်သည်။ မွေးဖွားချိန်မှသည် သေဆုံးချိန်ထိ လူ့အခွင့်အရေးတည်းဟူသော မွေးရာပါ ခံစားပိုင်ခွင့်ကို ရရှိခဲ့ကြသူများဖြစ်၏။ ဆိုရလျှင် လူ့အခွင့်အရေးဟူသော ဝေါဟာရသည် ကြေးခေတ်၊ ကျောက်ခေတ်၊ သံခေတ်များကပင် ရှိခဲ့ပြီးဖြစ်သည်။ လူသားတိုင်း ရရှိခံစားပိုင်ခွင့်ရှိသော လူ့အခွင့်အရေးဟူသည် အခြားသူတစ်ဦး တစ်ယောက်ကပေးကမ်းမှ ခံစားရမည့်အရာမျိုးမဟုတ်ပေ။ ထို့ပြင် လူသားအားလုံး တစ်ပြေးညီ ခံစားခွင့်ရှိသော  လူ့အခွင့်အရေးသည် သူ့အရပ်၊သူ့ဇာတ်နှင့်လျော်ညီသော  လူ့အခွင့်အရေးဖြစ်ဖို့ လိုသည်ကို သတိပြုရပေမည်။ ဆိုရလျှင် အခြားသူ တစ်ဦးတစ်ယောက် သို့တည်းမဟုတ် လူမှုအဖွဲ့အစည်း တစ်ရပ်ကို ထိခိုက်ဆုံးရှုံးနစ်နာမှု မရှိစေဘဲ မိမိတို့ ရသင့်သည့် အခွင့်အရေးများကို အသုံးပြုခြင်းလည်း မည်ပေသည်။ မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် ဆိုရလျှင် လူ့အခွင့်အရေးပေတံသည် မြန်မာလူမျိုးတို့ တန်ဖိုးထားသည့် ဟီရိသြတ္တပ္ပတရားကို မထိခိုက်ခြင်းပင် ဖြစ်၏။

မျက်မှောက်ကမ္ဘာကြီးတွင်   လူ့အခွင့်အရေး ကြွေးကြော်သံများ ပြည့်နှက်လျက် ရှိနေပေသည်။ လူ့အခွင့်အရေးနှင့် ပတ်သက်လာပါက လူမျိုးအားဖြင့်ဖြစ်စေ၊ အသားအရောင် အားဖြင့်ဖြစ်စေ၊ ကျား/မ သဘာဝ အားဖြင့်ဖြစ်စေ၊ ဘာသာစကား အားဖြင့်ဖြစ်စေ၊ ကိုးကွယ်သည့် ဘာသာအားဖြင့်ဖြစ်စေ၊ နိုင်ငံရေးအယူအဆ အားဖြင့်ဖြစ်စေ ခွဲခြားဆက်ဆံခြင်း မရှိစေဘဲ လူသားတိုင်းသည်  တန်းတူညီမျှ ခံစားကြရမည်ဟု ဆိုပါသည်။ ထိုအခွင့်အရေးများအား ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလမ်ဘာသာနှင့် အခြားမည်သည့် ဘာသာတို့တွင်မဆို တူညီစွာခံစားပိုင်ခွင့်ရှိကြသည့်နည်းတူ  ဟီရိသြတ္တပ္ပဟု ဆိုသည့် မကောင်းမှုပြုလုပ်ရမှာကို ကြောက်ခြင်းနှင့်  မကောင်းမှု ပြုလုပ်ရမှာကို ရှက်ခြင်းတို့သည်လည်း ဘာသာတိုင်း၌ ပုံစံအမျိုးမျိုးဖြင့် ဖော်ပြ ထားရှိကြပေသည်။ မြန်မာနိုင်ငံသည်  ၁၉၄၈  ခုနှစ် ဧပြီလ ၁၉ ရက်တွင် ကုလသမဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံ တစ်ခုဖြစ်ခဲ့ပြီး ယင်းနှစ် ဒီဇင်ဘာလ ၁ဝ ရက်တွင် ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ လူသားအားလုံးနှင့် သက်ဆိုင်သည့် လူ့အခွင့်အရေး ကြေညာစာတမ်းကို ချမှတ်ရာတွင် ထောက်ခံမဲပေးသည့် အဖွဲ့ဝင်နိုင်ငံများအနက် ပထမဆုံး ထောက်ခံမဲပေးသည့် နိုင်ငံလည်း  ဖြစ်ခဲ့သည်။

လူ့အခွင့်အရေးဟု ဆိုလိုက်သည်နှင့် ယင်းနှင့် ဆက်နွှယ်လျက်ရှိသော ဒီမိုကရေစီရေးနှင့် တရားဥပဒေ စိုးမိုးရေး တို့ကိုပါ သတိပြုရမည်ဖြစ်သည်။ တစ်နည်းဆိုသော် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့သည် အပြန်အလှန်အားဖြင့် ချိတ်ဆက်နေကြသည်။ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ်(၂)တွင် ''လူတိုင်းသည် လူ့အခွင့်အရေး ကြေညာစာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေးအားလုံး၊ လွတ်လပ်ခွင့် အားလုံးတို့ကို  ပိုင်ဆိုင်ခံစားခွင့်ရှိသည်။

လူမျိုးနွယ်အားဖြင့်ဖြစ်စေ၊ အသားအရောင်အားဖြင့် ဖြစ်စေ၊ ကျား/မ သဘာဝ အားဖြင့်ဖြစ်စေ၊ ဘာသာစကား အားဖြင့်ဖြစ်စေ၊  ကိုးကွယ်သည့် ဘာသာ အားဖြင့်ဖြစ်စေ၊ နိုင်ငံရေးယူဆချက် သို့တည်းမဟုတ် လူမှုအဆင့်အတန်းနှင့် ဆိုင်သော ဇာစ်မြစ်အားဖြင့် ဖြစ်စေ၊ ပစ္စည်းဥစ္စာ ဂုဏ်အားဖြင့်ဖြစ်စေ၊ မျိုးရိုးဇာတိအားဖြင့်ဖြစ်စေ၊ အခြားအဆင့်အတန်းအားဖြင့် ဖြစ်စေ ခွဲခြားခြင်းမရှိစေရ'' ဟုဖော်ပြထား၏။ အပိုဒ် ၃ဝ ပါရှိသော ထိုကြေညာချက်စာတမ်းတွင် လူသားအားလုံး လိုက်နာသင့်သည့် အချက်အလက်များ ပါရှိသည်ကို တွေ့ရသည့်နည်းတူ ကိုးကွယ် ယုံကြည်မှုများအလိုက် ဆောင်ရန်ရှောင်ရန်များ ပါသည်ကိုလည်း တွေ့ရှိရပေသည်။

ကြေညာချက်စာတမ်းက အခွင့်အရေးအားလုံး လွတ်လပ်ခွင့် အားလုံးတို့ကို ပိုင်ဆိုင်ခံစားခွင့်ရှိသည်ဟု ဆိုသော်လည်း ဗိုလ်ကျစိုးမိုးလိုစိတ်ဖြင့် လက်ဝါးကြီး အုပ်လိုသော  နိုင်ငံကြီးများကမူ သူတို့ကဲ့သို့ အခြား သောနိုင်ငံများကို လက်နက်ဆန်းများ တီထွင်ခွင့်မပေး၊ နျူကလီးယားများကို ဆက်လက်စမ်းသပ်ခွင့် မပေးခဲ့ကြပေ။ စကားလုံးလှလှ  အကြောင်းပြချက်လှလှတို့ဖြင့် လူ့အခွင့်အရေးဟူသော ဝေါဟာရဖြင့် ဥပဒေများ ထုတ်ပြန်ခဲ့ကြသည်ကိုတွေ့ရပေသည်။ လူမျိုးနွယ်နှင့် ပတ်သက်၍လည်း ယနေ့အချိန်ထိ ဒီမိုကရေစီထွန်းကား လှသော အိန္ဒိယနိုင်ငံတွင်ပင် ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားမှုများကို တွေ့နေရဆဲဖြစ်ပါသည်။

မြန်မာတို့သည် လူ့အခွင့်အရေး စံချိန်စံညွှန်းများ အပေါ်တွင် လေးစားလိုက်နာမှု ရှိသူများပင်ဖြစ်၏။ ကြေညာချက် စာတမ်းပါအတိုင်း အသားအရောင် ခွဲခြားခြင်းမရှိ၊ ကိုးကွယ်သည့် ဘာသာများအလိုက်လည်း နှိမ့်ချစော်ကားခြင်းမရှိ၊ ကျား/မ သဘာဝအားဖြင့်လည်း ခွဲခြားခြင်းမရှိကြပေ။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ(၂၁)(က)တွင် ''နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေတွင်  သတ်မှတ်ပြဋ္ဌာန်းထားသည့် တန်းတူညီမျှမှု အခွင့်အရေး၊ လွတ်လပ်မှု အခွင့်အရေး၊ တရားမျှတမှု အခွင့်အရေးတို့ ခံစားခွင့်ရှိသည်'' ဟု ဖော်ပြထားရှိသည်ကို တွေ့ရပေသည်။ ၁၉၉၈ ခုနှစ် ဒီဇင်ဘာလတွင် ကုလသမဂ္ဂ အထွေထွေညီလာခံက  ပြဋ္ဌာန်းခဲ့သည့်  လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်သူများဆိုင်ရာ ကြေညာစာတမ်း အပိုဒ်(၂) တွင် ''အစိုးရတိုင်းသည် လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်များအတွက် ကာကွယ်ရန်၊ မြှင့်တင်ပေးရန်နှင့် အကောင်အထည်ဖော် ဆောင်ရွက်လုပ်ကိုင်ရန် တာဝန်ဝတ္တရားများ ရှိသည်။ ထို့အတွက် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနှင့် အခြားနယ်ပယ်များတွင် ယင်းအခြေအနေများပေါ်ထွန်းလာစေရန် လိုအပ်သည့် အဆင့်များကို ချမှတ်ဆောင်ရွက်ရမည်။ မိမိတို့တိုင်းပြည်၏ အချုပ်အခြာ အာဏာအောက်တွင် ရှိသူတိုင်း တစ်ဦးချင်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ ယင်းအခွင့်အရေးများနှင့် အခြေခံလွတ်လပ်ခွင့်များကို အမှန်တကယ် ခံစားခွင့်ရှိစေရန် ဥပဒေအရ အကာအကွယ်ပေးခြင်းတို့ကိုလည်း လုပ်ဆောင်ပေးရမည်'' ဟု ဖော်ပြထားသည်ကို တွေ့ရသည်။

ထို့ကြောင့် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး၊ တရားဥပဒေစိုးမိုးရေးတို့ ဆက်စပ်နေရခြင်းပင် ဖြစ်ပါသည်။ နိုင်ငံကြီးများအနေဖြင့် ယင်းတို့၏အမျိုးသား အကျိုးစီးပွားအတွက် အခြားသော နိုင်ငံများ၏ လူ့အခွင့် အရေးများကို လျစ်လျူရှုထား တတ်ကြပါသည်။ မိမိတို့အတွက်သာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး အခြားသူများ၏  ဒီမိုကရေစီစနစ်ကို ပိတ်ပင်ခြင်းသည် လူ့အခွင့်အရေး ခေါင်းစဉ်နှင့်မညီလှပေ။  ထိုအရာများ   အချိုးအစားညီစေဖို့   တရားရေးစနစ်က ထိန်းညှိပေးရပါသည်။ သို့သော် ငွေများ တရားနိုင်မဖြစ်စေဖို့ သမာသမတ် ကျစေဖို့ လိုအပ်ပါသည်။ နိုင်ငံတစ်နိုင်ငံချင်းစီအတွက် အစိုးရများ၏ ကဏ္ဍ အရေးပါသကဲ့သို့  နိုင်ငံပေါင်းစုံအတွက် ကုလသမဂ္ဂတည်းဟူသော အဖွဲ့အစည်းကြီး တရားမျှတမှုရှိဖို့ လိုအပ်လှပါသည်။ သို့မှသာ ယင်းတို့ကြေညာခဲ့သော လူ့အခွင့်အရေး ကြေညာစာတမ်းကြီးက ပီပြင်သက်ဝင်နေမည် ဖြစ်ပါသည်။ နိုင်ငံကြီးများ အကျိုးစီးပွားအတွက်သာ အကာအကွယ်ပြုထားသော ကြေညာချက်စာတမ်းကြီး ဖြစ်နေပါလျှင် ဒီမိုကရေစီစနစ်ကြီးက အားနည်းနေဆဲ ဖြစ်ကြောင်း အသိပေးသလို ဖြစ်ပါလိမ့်မည်။

လူ့အခွင့်အရေးကို အကြောင်းပြပြီး အခြားသော နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်ခြယ်လှယ်ခြင်းသည် တရားဥပဒေစိုးမိုးရေးကိုပါ ကြိုးကိုင်ချင်သည့် သဘော ပေါ်လွင်စေပါသည်။  ထိုကဲ့သို့ လူ့အခွင့်အရေး အကြောင်းပြချက်များကို ရှေ့တန်းတင် အတုယောင် ဒီမိုကရေစီပေတံများကြောင့်  ကမ္ဘာ့နိုင်ငံများစွာ ပြိုကွဲသွားခဲ့ကြဖူးပါသည်။ အချို့ တောင်နှင့်မြောက်ခြားသွားခဲ့ကြသည်။ နှစ်ပေါင်းများစွာကြာမှ ကိုယ့်တိုင်းရင်းသား ညီနောင်အချင်းချင်း ပြန်ပေါင်းစည်းနိုင်ကြသည်။ အချို့ အခုထိ ပြန်လည်ပေါင်းစည်းဖို့ ခက်ခဲနေကြဆဲ။ အချို့မှာ မိမိနိုင်ငံတွင်းရှိ တိုင်းရင်းသားပြည်သူများ၏လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးများကို ပြည့်ပြည့်ဝဝ မပံ့ပိုးပေးနိုင်ဘဲ အခြားသောနိုင်ငံများ၏ လူ့အခွင့်အရေးကို ပိုမိုအာရုံစိုက်လျက် ရှိနေကြသေးသည်။  ဧကန်စင်စစ်ရိုးသားသူများ ဖြစ်ကြပါလျှင် ကိုယ့်နိုင်ငံအရေးကိုသာ   ဦးစွာပူပန်ကြမည်သာဖြစ်၏။ ထိုကဲ့သို့ လူ့အခွင့်အရေးကို အမြတ်ထုတ်လိုသူများအတွက် တရားဥပဒေ အခန်းကဏ္ဍက အရေးပါလှပါသည်။ တရားဥပဒေစိုးမိုးမှုမရှိပါက လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးသည် အချည်းနှီးပင်ဖြစ် ပါလိမ့်မည်။

ယနေ့ ကျွန်တော်တို့မြန်မာ့လူမှု ပတ်ဝန်းကျင်တွင် လူ့အခွင့်အရေးကို အကြောင်းပြကာ ကိုယ်ကျင့်သီလ အကျင့်စာရိတ္တများ များစွာယိုယွင်းနေသည်ကိုတွေ့ရှိရသည်။ ရှေးယခင်ကထက် များစွာ ယိုယွင်းနေခြင်းဖြစ်ပါသည်။ ဒီမိုကရေစီအရေး လူ့အခွင့်အရေးဟူသော စကားလုံးကို တွင်တွင်ကျယ်ကျယ် အသုံးပြုပြီး မြန်ဆန်လွန်းလှသည့် နည်းပညာခေတ်နောက်သို့ အမီလိုက်ရာမှ အမျိုးသားရေး ယဉ်ကျေးမှုအမွေအနှစ် လက္ခဏာများ  ဆုံးရှုံးခဲ့ရသည်ကို  လျစ်လျူရှုခဲ့ကြသည်။  မြန်မာ့ ယဉ်ကျေးမှုနှင့် မဆီလျော်သည့် အနောက်တိုင်း၊ အရှေ့တိုင်း ယဉ်ကျေးမှုများကို ပုံတူကူးချမှုကြောင့် သားနှင့်အဖ ဆက်ဆံရေး၊ အမေနှင့်သမီး ဆက်ဆံရေး၊ ဆရာနှင့်တပည့် ဆက်ဆံရေးများမှသည် လူမှုနယ်ပယ်ပေါင်းသင်း ဆက်ဆံရေးများ ဆိုးဝါးလာခဲ့ပါသည်။ ဆိုးကျိုးများအဖြစ် ရှေးယခင်က မကြုံဖူး မကြားခဲ့ဖူးသည့် အမှုအခင်းမျိုးစုံဖြစ်ပေါ်လာခဲ့ပါတော့သည်။   လူ့အခွင့်အရေးနှင့် ဒီမိုကရေစီသည် နိုင်ငံအားလုံးအတွက် ဘုံပြဋ္ဌာန်းထားသည်ဆိုသော်လည်း သမိုင်းနောက်ခံ၊ ပထဝီအနေအထား၊  ရိုးရာယဉ်ကျေးမှုများအပေါ် မူတည်ပြီး ကွဲပြားခြားနားမှုများ ရှိတတ်ကြသည်ကို သတိပြုတတ်ကြဖို့လိုပါသည်။

  အနှစ်ချုပ်ဆိုရလျှင်   လူ့အခွင့်အရေးသည် လူသားအားလုံး တန်းတူညီမျှ ခံစားပိုင်ခွင့်အတွက် ပြဋ္ဌာန်းထားခဲ့သော အရာဖြစ်ပါသည်။ လူ့အခွင့်အရေးကို အသုံးချရာတွင် မိမိအတွက်သာမက မိမိပတ်ဝန်းကျင်အတွက်ပါ ထည့်သွင်းစဉ်းစားတတ်ကြဖို့ အရေးကြီးပါသည်။ မည်သည့်လူမျိုး၊ မည်သည့်ဘာသာ ကိုးကွယ်သူများဖြစ်စေ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီလမ်းစဉ်ကို ကျင့်ကြံရာ၌ ဟီရိသြတ္တပ္ပ တည်းဟူသော မကောင်းမှုကိုပြုလုပ်ရာတွင်ရှက်ခြင်းနှင့်  ကြောက်ခြင်းတို့ကို အစဉ်သတိချပ်ဖို့ လိုအပ်ပါသည်။  လူသားတိုင်း၏ မျိုးရိုး၊ ဂုဏ်သိက္ခာနှင့် လူတိုင်းအညီအမျှ ခံစားခွင့်ရှိသည့် အခွင့်အရေးများကို အသိအမှတ်ပြုပေးခြင်းသည် လွတ်လပ်မှု၊ တရားမျှတမှု၊ တည်ငြိမ်အေးချမ်းမှုတို့၏  အခြေခံအုတ်မြစ်ပင်ဖြစ်ပေသည်။

လူ့အခွင့်အရေးများကို  မထီမဲ့မြင်ပြုခြင်းသည်  လူသားတို့၏ ကိုယ်ကျင့်သိက္ခာနှင့်  ရက်စက်ကြမ်းကြုတ်သော အပြုအမူများကို ဖြစ်ပေါ်စေခဲ့သည့် နည်းတူ  လူ့အခွင့်အရေးကို  လွဲမှားစွာ အသုံးချခြင်းသည်လည်း အကျိုးမဲ့သော လူမှုဝန်းကျင် တစ်ခုကိုသာ ဖြစ်ပေါ်စေခဲ့ပါသည်။ ထိုမှတစ်ဆင့် မိမိနိုင်ငံ မိမိလူမျိုးတို့၏ စစ်မှန်သောအမျိုးသားရေးလက္ခဏာ ယဉ်ကျေးမှု အမွေအနှစ်များဆီ ရိုက်ခတ်ခဲ့ပါတော့သည်။ အစိုးရများအနေဖြင့်လည်း လူ့အခွင့်အရေး မူဝါဒများကို ပုံဖော်ရာတွင် သူချည်းသက်သက် ဆောင်ရွက်၍မရဘဲ မိမိနိုင်ငံနှင့် ကိုက်ညီမည့် ဒီမိုကရေစီရေးနှင့် တရားဥပဒေစိုးမိုးရေးကိုပါ ယှဉ်တွဲ ဆောင်ရွက်ရမည်ဖြစ်ပေသည်။  ကမ္ဘာသူကမ္ဘာသား အားလုံးတို့အနေဖြင့် လူ့အခွင့်အရေးနှင့်အတူ ဒီမိုကရေစီအရေး၊ တရားဥပဒေအရေးတို့ကို လေးစားမှုရှိစွာ လိုက်နာကျင့်သုံး ကြမည်ဆိုပါလျှင် ဟီရိသြတ္တပ္ပ တရားများကိုပါ အလိုလိုလိုက်နာပြီးသား ဖြစ်ကြပါလိမ့်မည်။ ထို့ကြောင့် ကုလသမဂ္ဂ အထွေထွေညီလာခံက ပြဋ္ဌာန်းခဲ့သည့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ ဆိုင်ရာ ကြေညာစာတမ်း အပိုဒ်(၂) တွင် အစိုးရများ ဆောင်ရွက်သင့်သည့် ကိစ္စများကို ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ စာရေးသူအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ဘုံပြဋ္ဌာန်းထားသော   လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်များထဲမှ  ကိုယ့်အရပ် ကိုယ့်ဇာတ်နှင့် လျော်ညီသော လူ့အခွင့်အရေးများကို  ဟီရိသြတ္တပ္ပတရား ရင်ဝယ်ထားကာ အသုံးချခြင်းအားဖြင့် ဒီမိုကရေစီစနစ်ကို ပီပီပြင်ပြင် အသုံးချနိုင်သူများ ဖြစ်စေလိုမိပါသည်။  ။