အင်ဂျင်နီယာစွမ်းပကား တပ်မတော်အား နည်းပညာခေတ် ဆန်းသစ်တီထွင်ထား

 

(တပ်မတော်နည်းပညာတက္ကသိုလ်ဗိုလ်လောင်း သင်တန်းအမှတ်စဉ် (၂၃) ကျောင်းဆင်းပွဲဂုဏ်ပြု ဆောင်းပါး)

အင်ဂျင်နီယာစွမ်းပကား တပ်မတော်အား နည်းပညာခေတ် ဆန်းသစ်တီထွင်ထား

ကမ္ဘာကြီးသည် လူသားတို့သတ်မှတ်ချက်အရ ၂၁ ရာစုသို့ရောက်လာပြီဖြစ်ပေရာ ထိုရာစုနှစ်ကို ပညာခေတ်ဟု ညွှန်းဆိုထားကြသည်။ ပညာခေတ်ဆိုသည်နှင့်အညီ နိုင်ငံတိုင်းက အသိပညာ၊ အတတ်ပညာနှင့်ထိုးထွင်းကြံဆတီထွင်လုပ်ဆောင်တတ်ခြင်းနည်းပညာရပ်တို့ ပိုမိုပိုင်ဆိုင်ရန် ကြိုးစားလုပ်ဆောင်လာကြသည်။ လွန်ခဲ့သော ၁၈ ရာစု၊ ၁၉ ရာစုနှစ်များက တစ်နိုင်ငံအပေါ်တစ်နိုင်ငံက အနိုင်ကျင့် ဗိုလ်ကျရာတွင် စစ်ရေးနည်းလမ်းကိုသာ အသုံးပြုခဲ့ကြသည်။ စစ်ရေးနည်းလမ်းသည် အဓိကစွမ်းအား အသွင်မျိုးဖြစ်ခဲ့သည်။ယနေ့ကာလ ကမ္ဘာကြီးတွင် စစ်ရေးနည်းလမ်းတစ်ခုတည်း မဟုတ်တော့ဘဲ ဘက်စုံစစ်ပွဲအသွင်သဏ္ဌာန်ဖြင့် ပြောင်းလဲကာ ဗိုလ်ကျနိုင်ရေးကို ကြိုးပမ်းလာကြသည်။ ထို့ကြောင့် နိုင်ငံတိုင်းရှိ တပ်မတော်တိုင်းသည် စစ်ရေးတစ်ခုတည်းသာ ကျွမ်းကျင်ရန် မဟုတ်တော့ဘဲ စစ်ရေးကို အထောက်အကူဖြစ်စေမည့် နည်းပညာ တိုးတက်မှုများကို ပိုင်ဆိုင်ရန် လိုအပ်လာပြီဖြစ်သည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်းရှည်ကြာသည့် သမိုင်းကြောင်း ရှိထားသောနိုင်ငံဖြစ်သည်။ အတိတ်သမိုင်းတွင် မြန်မာတို့နိမ့်ပါးခဲ့ရသော ကာလများကို သုံးသပ်ကြည့်လျှင် ခေတ်မီတပ်မတော်တစ်ရပ် မရှိခဲ့၍ဖြစ်ကြောင်း သိရှိနိုင်သည်။ ထို့ကြောင့် ဗမာ့လွတ်လပ်ရေး တပ်မတော်ပေါ်ပေါက်လာခြင်းဖြစ်သည်။ ယနေ့ကာလတွင် သာမန်တပ်မတော်တစ်ရပ် ရှိနေရုံမျှဖြင့် ရောင့်ရဲတင်းတိမ်နေ၍ မရသည့်အခြေအနေဖြစ်သည်။ ခေတ်မီ တပ်မတော် တစ်ရပ်အဖြစ် ကျစ်လျစ်ခိုင်မာစွာ ရှိနေရမည်ဖြစ်သည်။ ထို့ပြင် တပ်မတော်သည် အချိန်နှင့် တစ်ပြေးညီ ခေတ်မီနေရမည်ဖြစ်သည်။ ပညာရပ်ပေါင်းစုံတွင် ခေတ်မီနေနိုင်ရေးအတွက် တပ်မတော်ကို တိုးချဲ့ဖွဲ့စည်းခြင်းနှင့် အတူ ပညာရပ်ပိုင်းဆိုင်ရာ တက္ကသိုလ်များကိုလည်း တပ်မတော်တွင် ဖွင့်လှစ်ခဲ့သည်။

တပ်မတော်သည် မိမိနိုင်ငံနှင့် လူမျိုး ကောင်းကျိုးအတွက် မျက်မှောက်ကာလ နည်းပညာ တိုးတက်မှုများကို အသုံးပြုပြီး   နိုင်ငံတကာ တပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်ရန် အတွက် ရည်မှန်းချက်ထားရှိကာ စစ်တက္ကသိုလ်အပြင် တပ်မတော်နည်းပညာ တက္ကသိုလ်၊ တပ်မတော်ဆေးတက္ကသိုလ်၊ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်များကို ဖွင့်လှစ်ထားခြင်း ဖြစ်သည်။  တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆို အောင်မြင်ပြီးသူကျောင်းသား၊  ကျောင်းသူများကို သတ်မှတ်အရည်အချင်းများ အလိုက် အဆိုပါတက္ကသိုလ် များတွင် တက်ရောက်သင်ကြားစေပြီး တပ်မတော်တွင် ပြန်တမ်းဝင်အရာရှိ ခန့်အပ်ထိုက်သူများကို ခန့်အပ်ပေးကာ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်စေလျက် ရှိသည်။

ယခုအခါ တပ်မတော်နည်းပညာ တက္ကသိုလ်တွင် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၃)အထိ သင်တန်းပြီးမြောက်အောင် သင်ကြားပေးပြီးဖြစ်သည်။ တပ်မတော်နည်းပညာတက္ကသိုလ်၏ ရည်ရွယ်ချက်မှာ  ''တပ်မတော် (ကြည်း၊ ရေ၊ လေ) အတွက် လိုအပ်သော အရည်အချင်းနှင့် ပြည့်စုံသည့်   အင်ဂျင်နီယာဘွဲ့ကြို၊ ဘွဲ့လွန်နှင့်   ဘွဲ့ရအရာရှိများ   မွေးထုတ်ပေးရန်'' ဖြစ်သည်။  သင်တန်းကာလအတွင်း အင်ဂျင်နီယာပညာရပ်၊  ခြေလျင်တပ်စုမှူးအဆင့်ထိ  စစ်ပညာရပ်နှင့် ခေါင်းဆောင်မှု ပညာရပ်များကို  သင်ကြားလေ့ကျင့်ပေးခဲ့သည်။  နိုင်ငံတကာတွင် ဖြစ်ပေါ်တိုးတက်နေသည့် စစ်မှုသိပ္ပံနှင့်နည်းပညာများကို စဉ်ဆက်မပြတ် လေ့လာကာ သင်ကြားပေးလျက်ရှိခြင်းကြောင့် တပ်မတော်နည်းပညာ တက္ကသိုလ်ဆင်း အရာရှိများသည် သင်တန်းပြီးမြောက်သော်လည်း စဉ်ဆက်မပြတ် လေ့ကျင့်မှုပြုနေရမည်ဖြစ်သည်။    လေ့ကျင့်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှယုံကြည်၊ ယုံကြည်မှရဲရင့်၊ ရဲရင့်မှ အောင်ပွဲဆင်နိုင်မည်ဖြစ်ပေသည်။  ရဲရင့်မှု မရှိသောသူသည် မည်သည့်အောင်ပွဲမျှ ရနိုင်မည် မဟုတ်ပေ။

တပ်မတော်၏ လေ့ကျင့်ရေးဆိုင်ရာ မျှော်မှန်းချက်များ ဖြစ်သည့်  ''ကျန်းမာကြံ့ခိုင်ရမည်၊   ကျွမ်းကျင် ရမည်၊ ရဲစွမ်းသတ္တိရှိရမည်''ဆိုသည့်အတိုင်း ရည်မှန်းချက်များကို အောင်မြင်စေရန် လုပ်ဆောင်ကြရမည် ဖြစ်သည်။  စည်းကမ်းအရာမှာ  စံနမူနာပြဖြစ်ပြီး ကျင့်ဝတ်တီထွင်စွမ်းအားရှင် ဆိုသည့်ဆောင်ပုဒ်နှင့် အညီ နိုင်ငံတော်နှင့် တပ်မတော်က အားကိုးအားထားရသည့် အင်ဂျင်နီယာ အရာရှိကောင်းများအဖြစ် ကြိုးစားကြရတော့မည်ဖြစ်သည်။ ထို့ပြင် အရာရာကိုတီထွင် ဖန်တီးလိုသည့် စိတ်ကူးစိတ်သန်းဖြင့် လက်တွေ့အကောင် အထည်ဖော်နိုင်သည့် စွမ်းရည်ရရှိအောင် ကြိုးစားရမည့်အပြင်   တီထွင်ဖန်တီးမှု ရလဒ်များကိုလည်း နိုင်ငံတော်နှင့် နိုင်ငံသားများ ကောင်းကျိုးအတွက် စွမ်းဆောင်နိုင်ရမည်ဖြစ်သည်။

ခေတ်မီတပ်မတော် တည်ဆောက်ရာတွင်  ''အင်ဂျင်နီယာစွမ်းပကား  တပ်မတော်အား''ဆိုသည့်  ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်နှင့် တပ်မတော်က အားထားရသည့် ထူးချွန်သော အင်ဂျင်နီယာပညာရှင်များ မွေးထုတ်ပေးကြရသည်။ ယနေ့ခေတ်သည် သတင်းအချက်အလက် စီးဆင်းမှု လွယ်ကူမြန်ဆန်လာခြင်းနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုများသည် အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲလျက်ရှိသည်။ နည်းပညာကဏ္ဍ တစ်ခုတည်းဖြင့် ခေတ်မီနိုင်ငံတော်ကို မတည်ဆောက်နိုင်သော်လည်း ခေတ်မီနိုင်ငံတော် တည်ဆောက်ရာတွင် နည်းပညာသည် မရှိမဖြစ် ပါဝင်နေပါသည်။ ကမ္ဘာ့နိုင်ငံတိုင်းတွင် နိုင်ငံတော်လုံခြုံရေးကို စစ်ရေးအင်အား အခြေပြု သမားရိုးကျနည်း တစ်ခုတည်းဖြင့် လုံလောက်အောင် ကာကွယ်စောင့်ထိန်းနိုင်ခြင်း မရှိတော့သည့်အတွက် နည်းပညာသုံး ကာကွယ်ရေးစနစ်များ ပြောင်းလဲလာကြရသည်။

ကမ္ဘာ့နိုင်ငံများအနေဖြင့် မျက်မှောက်ကာလ နယ်ပယ်အသီးသီးတွင် နည်းပညာဆိုင်ရာဖွံ့ဖြိုး တိုးတက်မှုနှင့်အတူ စိန်ခေါ်မှုများစွာကိုလည်း ရင်ဆိုင်နေကြရသည်။ နည်းပညာဆိုသည်မှာ စိတ်ကူးများကို လက်တွေ့ အကောင်အထည်ဖော် အသုံးချနိုင်အောင် ဆောင်ရွက်သည့် ပညာရပ်ဖြစ်သည်။ နည်းပညာဖွံ့ဖြိုးသည့် နိုင်ငံနှင့်နည်းပညာ မဖွံ့ဖြိုးသည့်နိုင်ငံများအကြား ကွာဟမှုသည် နိုင်ငံ၏အချုပ်အခြာ အာဏာထိပါးခံရမှု၊ ဆုံးရှုံးနိုင်မှုတို့ကို ဖြစ်ပေါ်စေနိုင်သောကြောင့် နိုင်ငံတိုင်းရှိ တပ်မတော်တိုင်းသည် နည်းပညာအခြေပြု ခေတ်မီတပ်မတော် တည်ဆောက်ရေးကို  အပြိုင်အဆိုင် လုပ်ဆောင်လျက်ရှိကြသည်။ ထို့ကြောင့် တပ်မတော်ကို နည်းပညာအခြေပြု ခေတ်မီတပ်မတော်အဖြစ် တည်ဆောက်နေခြင်းဖြစ်သည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပေးထားသည့် တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာ မဆုံးရှုံးစေရေး၊ နိုင်ငံတော်၏ အကျိုးစီးပွားနှင့်နိုင်ငံသူ၊ နိုင်ငံသားများကို ကာကွယ်ရေးဖြစ်သည်။ နိုင်ငံတော်တွင် မည်သည့်နိုင်ငံရေးစနစ်၊ မည်သည့်အစိုးရ ဦးဆောင်သည်ဖြစ်စေ တပ်မတော် အနေဖြင့် တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် အမျိုးသားရေး မူဝါဒဖြစ်သည့် ဒို့တာဝန် အရေးသုံးပါးကို ဆက်လက်ထိန်းသိမ်း ကာကွယ်ကြရမည်ဖြစ်သည်။ ဒို့တာဝန်အရေးသုံးပါးကို အစဉ်တစိုက် ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် တပ်မတော်သည် အရာရာတွင် ခေတ်မီနေရမည်ဖြစ်သည်။ ခေတ်မီတပ်မတော် တစ်ရပ်အဖြစ် စဉ်မြဲမပြတ် ရပ်တည်နေနိုင်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ တည်နေရာနှင့် ပတ်ဝန်းကျင် အိမ်နီးချင်းနိုင်ငံများ အနေအထားအရ နိုင်ငံသားတိုင်းတွင် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်နေရမည်ဖြစ်သည်။

ရှေးကမြန်မာများသည် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ကာ အမျိုးဘာသာ သာသနာကို ထိန်းသိမ်းနိုင်ခဲ့ကြသည်။ ထိုအမွေကောင်းကို ယနေ့ မျိုးဆက်သစ်တို့က လက်ဆင့်ကမ်းခံယူပြီး လာမည့်မျိုးဆက်သစ်တို့ထံ လွှဲပြောင်းပေးကြရမည်ဖြစ်သည်။

မျိုးချစ်စိတ်ဓာတ်ရှိသူ လူငယ်များဖြင့် စတင်ဖွဲ့စည်းဖြစ်ပေါ်လာခဲ့သော တပ်မတော်ကြောင့် မြန်မာနိုင်ငံတွင် တပ်မတော်တစ်ရပ် ပေါ်ပေါက်လာခဲ့ပြီး မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု၊ ပြည်တွင်းသောင်းကျန်းမှု၊ ပြည်ပ ကျူးကျော်မှုတို့  အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့သည်။

ယနေ့အချိန်အခါတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲကို မှန်ကန်စွာရှုမြင်နိုင်ခြင်း မရှိသည့်  နိုင်ငံအချို့အနေဖြင့် မြန်မာနိုင်ငံအစိုးရက တရားဝင်အကြမ်းဖက်အဖွဲ့ ကြေညာထားသည့် လူပုဂ္ဂိုလ် အဖွဲ့အစည်းကို အားပေးအားမြှောက်ပြုကာ  မြန်မာ့ပြည်တွင်းရေးကို စွက်ဖက်ရန်ကြိုးစားလျက်ရှိသည်။ ပြည်ပအားကိုးပုဆိန်ရိုးတို့ကလည်း တိုင်းပြည်မျက်နှာကို မထောက်ညှာဘဲ တိုင်းပြည်ပျက်စီးရေးကို တစိုက်မတ်မတ် လုပ်ဆောင်နေသည်။  အကြမ်းဖက်မှုကို မည်သည့် နိုင်ငံကမျှ လက်မခံသော်လည်း ထိုနိုင်ငံအချို့က အားပေး လက်ခံနေခြင်းမှာ မြန်မာလူမျိုးတို့အပေါ် စော်ကားနေခြင်းဖြစ်သည်။ မြန်မာပြည်သူ တစ်ရပ်လုံးကလည်း ထိုအကြမ်းဖက်သမားများကို ရွံရှာမုန်းတီးစက်ဆုပ်နေကြပြီဖြစ်သည်။ မိမိနိုင်ငံနှင့်လူမျိုးကို မချစ်သူတိုင်းကို မြန်မာပြည်သူများက အားမပေးသည်မှာ မှန်ကန်သော လုပ်ရပ်ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံအတွက်   လိုအပ်သောအရာကို ညွှန်ပြရမည်ဆိုလျှင် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်နေရေးဖြစ်သည်။ အခြားသောကမ္ဘာ့ နိုင်ငံများကို လေ့လာကြည့်လျှင်လည်း   ထိုနိုင်ငံအပေါင်းသည် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်မှုနှင့် ရပ်တည်နေကြောင်း တွေ့ရပေလိမ့်မည်။ မြန်မာနိုင်ငံ မြန်မာလူမျိုးတို့ ထာဝစဉ်ရှင်သန် ရပ်တည်နေနိုင်ရေးအတွက်လည်း ပြုစုပျိုးထောင် ပေးနေရမည်မှာလည်း မျိုးချစ်စိတ်ဓာတ်ပင်ဖြစ်သည်။ဤနေရာတွင်  မြန်မာလူမျိုး ဟူသော အသုံးအနှုန်းကို ရှင်းလင်းအောင် ဖွင့်ဆိုချင်ပါသည်။  မြန်မာလူမျိုးဆိုသည်မှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတို့မှဖြာထွက်လာသော တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးကိုကိုယ်စားပြုဆိုလိုခြင်းဖြစ်ပါသည်။

နိုင်ငံတစ်နိုင်ငံအတွက် နိုင်ငံသားများ၏ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးသည် အထူးအရေးကြီးလှပေသည်။ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ထိန်းသိမ်းရေး တို့သည်  တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့်ကိစ္စဖြစ်သည်။ မျိုးချစ်စိတ်ဓာတ် ဆိုသည်မှာ မိမိတိုင်းပြည်၊ မိမိလူမျိုး၊ မိမိဘာသာ၊ စာပေ၊ ယဉ်ကျေးမှုကို ချစ်မြတ်နိုးသည့်စိတ်၊ တိုင်းပြည်နှင့်လူမျိုးကိုထိပါက မချိအောင်နာတတ် သည့်စိတ်၊  ကိုယ်ကျိုးမငဲ့ဘဲ  တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စားမည် ဆိုသည့်စိတ်ဓာတ်ပင်ဖြစ်ပေသည်။  တပ်မတော်သို့ ဝင်ရောက်တာဝန် ထမ်းဆောင်နေကြသူများမှာ အမျိုးကိုထိက မချိအောင်နာတတ်သူများ ဖြစ်သည်။ တပ်မတော်သား တစ်ယောက်ဖြစ်လာသည်နှင့် စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှု၊ စွမ်းရည်သုံးရပ် ပြည့်စုံမှုဟူသော အခြေခံအရည်အချင်း ငါးပါးတို့ပြည့်စုံအောင် ဖြည့်ဆည်းကြရသည်။ စိတ်ဓာတ်ဟု ဆိုလိုက်သည်နှင့် စိတ်ကောင်းစိတ်မြတ် ထားရှိကြသည်။  အဓိကမှာ တိုင်းပြည်နှင့်လူမျိုးကို ချစ်သောစိတ်ဖြစ်သည်။ စည်းကမ်းဆိုသည်မှာ တပ်မတော်၏ ကျောရိုးမဏ္ဍိုင်ဖြစ်ပေရာ တပ်မတော်သားတိုင်းသည် စည်းကမ်းနှင့်အညီ နေထိုင်ပြုမူပြောဆိုကြရသည်။ တပ်မတော်သားတိုင်းသည် ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေကို လိုက်နာကြရသည်။ ထို့ပြင် နယ်ဘက်တရား ဥပဒေများကိုလည်း လိုက်နာကြရသည်။ တပ်မတော်သားတိုင်းသည် နိုင်ငံတော်အပေါ် သစ္စာစောင့်သိရသည်။ ပြည်သူလူထုအပေါ် သစ္စာစောင့်သိရသည်။ ရဲဘော်အချင်းချင်းအပေါ် သစ္စာစောင့်သိရသည်။ စည်းလုံးမှုဆိုသော အရည်အချင်းမှာ  တပ်မတော်သားတို့သည်  ရဲဘော်စိတ်ဖြင့် နေထိုင်ကြရသည်။ ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းအပေါ် ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှု တရားပင်ဖြစ်၏။  ရဲဘော်အချင်းချင်း အသက်ပေးဆောင်ရွက်ရသူများဟု မှတ်ယူကြကာ အေးအတူ ပူအမျှ အားအကိုးရဆုံးဟု မှတ်ယူထားကြသည့်အတွက် စည်းလုံးမှု ရှိနေခြင်းဖြစ်သည်။ တပ်မတော်သားတို့တွင် ထူးခြားသည်မှာ အချင်းချင်းခိုက်ရန် ဒေါသဖြစ်ပွားမှုမရှိအောင် နေထိုင်ကြ ရခြင်းပင်ဖြစ်သည်။

စွမ်းရည်သုံးရပ်ပြည့်စုံမှု ဆိုရာဝယ် စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေး စွမ်းရည်၊ စည်းရုံးရေးစွမ်းရည်တို့ကို ဆိုလိုခြင်းဖြစ်သည်။ စွမ်းရည်သုံးရပ်နှင့်ပြည့်စုံရန် ရဲဘော်တစ်ဦးချင်းကလည်း လိုက်နာကြိုးစားရန် လိုအပ်သည်ဟူ၍ သတ်မှတ်ထားသည်။ စွမ်းရည်သုံးရပ်နှင့်ပြည့်စုံမှသာ အရာရာကိုအောင်မြင်နိုင်မည်ဖြစ်သည်။

တပ်မတော်နည်းပညာတက္ကသိုလ်  ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၃) ကျောင်းဆင်းဗိုလ်လောင်းများသည် မနက်ပိုင်းတွင် သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနား ပြီးမြောက်သည်နှင့် ပြန်တမ်းဝင်အရာရှိ ခန့်အပ်ခြင်း အခမ်းအနားသို့ တက်ရောက်ကြရသည်။ နေ့လယ်ပိုင်းတွင် တပ်မတော်နည်းပညာ တက္ကသိုလ် (၂၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားသို့ တက်ရောက်ကာ မိမိတို့နှင့်သက်ဆိုင်ရာဘွဲ့များ လက်ခံရယူ ကြရသည်။ သူတို့သည် ပြန်တမ်းဝင်အရာရှိ အင်ဂျင်နီယာဘွဲ့ရများ ဖြစ်အောင် အမိတက္ကသိုလ်တွင် (၆)နှစ်ကြာမျှ ပညာရပ်များကို လေ့လာလေ့ကျင့် လိုက်နာခဲ့ကြရသည်။ နိုင်ငံတော်နှင့် တပ်မတော်အတွက် ကြိုးစားခဲ့ရခြင်းနှင့်အတူ မိမိအတွက်လည်း ဂုဏ်ယူဖွယ်၊ မိဘများအတွက်လည်း ဂုဏ်ယူဖွယ် သားကောင်းသားမြတ်များ အဖြစ်  ရပ်တည်နေနိုင်ပြီဖြစ်သည်။ စစ်တိုက်နိုင်သော အင်ဂျင်နီယာအရာရှိများ၊ အရည်အချင်းရှိသော အင်ဂျင်နီယာ အရာရှိများ၊ စည်းကမ်းကောင်းသော အင်ဂျင်နီယာ အရာရှိများဖြစ်အောင် တပ်မတော်နည်းပညာ တက္ကသိုလ်မှ သင်ကြားပေးလိုက်ပြီး ဖြစ်ပေသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင်က ဒီဇင်ဘာ ၁ဝ ရက်တွင်ကျင်းပသော တပ်မတော်နည်းပညာ တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၃) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်း ပြောကြားရာ၌ ''တပ်မတော်ကို နိုင်ငံတော်ကာကွယ်ရေး တာဝန်များ ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် အတွက် သမားရိုးကျစစ်ပွဲများ ဆင်နွှဲနိုင်သည့် ခေတ်မီတပ်မတော် (Standard Army)တစ်ရပ်အဖြစ်   ရည်မှန်းချက်ထား ဖွဲ့စည်းတည်ဆောက်ရာတွင် အင်ဂျင်နီယာများ၏ အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် အင်ဂျင်နီယာကျင့်ဝတ်များကို လိုက်နာပြီး အရာရာတွင် တီထွင်ဖန်တီးလိုသည့် စိတ်ကူးစိတ်သန်းနှင့် လက်တွေ့အကောင်အထည် ဖော်နိုင်သည့်စွမ်းရည်များ ရှိအောင် ကြိုးစားလေ့လာ သင်ယူကြရမည် ဖြစ်ကြောင်း၊   အရည်အသွေး အာမခံမှုရှိသည့် အင်ဂျင်နီယာပညာရေး စနစ်တစ်ခုမှ ပေါက်ဖွားလာသည့် အရာရှိငယ်များသည် ''အင်ဂျင်နီယာ စွမ်းပကား တပ်မတော်အား''ဟူသည့် ဆောင်ပုဒ်နှင့်အညီ မိမိတို့ တပ်မတော်အတွက် အတတ်ပညာရှင် အသိပညာရှင်များအဖြစ် ပံ့ပိုးလုပ်ဆောင် သွားကြရမည်ဖြစ်ကြောင်း'' ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးမှုကို  လူ့စွမ်းအား အရင်းအမြစ်များဖြင့်သာ တည်ဆောက်နိုင်သည့် နည်းတူ စွမ်းရည်ရှိသော စံပြုတပ်မတော်ကိုလည်း စစ်သည်စွမ်းအား အရင်းအမြစ်များဖြင့်သာ တည်ဆောက်နိုင်မည်ဖြစ်ပေသည်။ တပ်မတော်၏ တိုက်စွမ်းရည်မြင့်မားရေးအတွက် ရုပ်ပိုင်း၊ စိတ်ပိုင်းကောင်းမွန်နေရန် လိုအပ်ပေသည်။ ရုပ်ပိုင်းကဏ္ဍကို အမြင်အားဖြင့်ဖော်ဆောင်ရာတွင် အင်ဂျင်နီယာတပ်ဖွဲ့၏ တည်ဆောက်ရေး လုပ်ငန်းများလည်း ပါဝင်သည်။ နည်းပညာ၊ စက်မှုပညာ၊ စစ်ဘက်စက်မှုပညာ၊ အဆောက်အဦပညာ စသည့်နယ်ပယ် အသီးသီးတွင် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ကြရပေမည်။  သို့မှသာ နည်းပညာခေတ် ဆန်းသစ်တဲ့ အချိန်အခါမှာ   နိုင်ငံတော်နှင့် တပ်မတော်အတွက် အင်ဂျင်နီယာစွမ်းပကား ပြည်ထွန်းကားမည် ဖြစ်ပါကြောင်း  တပ်မတော်နည်းပညာ တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၃) သင်တန်းဆင်းများအား ဂုဏ်ပြု ရေးသားလိုက်ရပေသည်။    ။