ပြင်ဦးလွင်မြို့၏ အထင်ကရနေရာ တစ်ခုဖြစ်သည့် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ ကန်တော်ကြီး အမျိုးသားရုက္ခဗေဒဥယျာဉ်

မြန်မာနိုင်ငံ၏ အထင်ကရလည်းဖြစ်ပြီး မေမြို့၊ ပြင်ဦးလွင်၊  ပန်းမြို့တော်၊  တောင်လှေကားလို့ နာမည်လှလှတွေနဲ့ ကန်တော်ကြီးရုက္ခဗေဒဥယျာဉ်ဟာ  ပိုပြီးမြို့ကိုထင်ဟပ်စေတာကတော့ အားလုံးအသိပဲ ဖြစ်ပါတယ်။  ကန်တော်ကြီး  ရုက္ခဗေဒဥယျာဉ်ကြီးသည် မန္တလေးမြို့မှ ၄၄ မိုင် (၆၉ ကီလို မီတာ) အကွာ ပင်လယ်ရေမျက်နှာပြင်အထက် ၃၆၀၅ ပေ (မီတာ ၁၀၀၀) အမြင့်ရှိ ပြင်ဦးလွင်မြို့ (မေမြို့) တွင်တည်ရှိပါတယ်။

ယင်းဥယျာဉ်အား ၁၉၁၅ ခုနှစ်တွင် ဗြိတိသျှသစ်တောဦးစီးအရာရှိ အဲလက်စ်ရော်ဂျာ (Alex Roger)က မေမြို့ရုက္ခဗေဒ ဥယျာဉ်အဖြစ် ဦးစွာတည်ထောင်ခဲ့ပါတယ်။ မူလဥယျာဉ်မှာ ဧက ၃၀ (၁၂၀၀၀၀ စတုရန်းမီတာ) ကျယ်ဝန်းပြီး အပျော်တမ်း ဥယျာဉ်မှူး Charlotte Wheeler Cuffe ၏အကူအညီဖြင့်  ဗြိတိန်နိုင်ငံ ကျူဂါးဒင်းဥယျာဉ် ခေါ် Kew  တော်ဝင်ရုက္ခဗေဒဥယျာဉ်ကို အတုယူကာ တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း  သမိုင်းအထောက်အထားများအရ သိရပါတယ်။

၁၉၁၇ ခုနှစ်တွင်  ဗြိတိသျှကိုလိုနီအစိုးရမှ တရားဝင်အသိအမှတ်ပြုခဲ့ပြီး ၁၉၂၄ ခုနှစ်တွင် အစိုးရမှ  ကာကွယ်ထိန်းသိမ်းသည့် ဥယျာဉ်အဖြစ် ကြေညာခဲ့ပါတယ်။ ၁၉၄၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် သစ်တောရေးရာဝန်ကြီးဌာနမှ ဘေးမဲ့သစ်တော အဖြစ်  ရေးဆွဲသတ်မှတ်ခဲ့ပြီး  ၂၀၀၀  ပြည့်နှစ် ဒီဇင်ဘာ  ၁၅  ရက်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်မှာကြားချက်အရ အဆင့်မြင့်တည်ဆောက်ရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့၍ ၂၀၀၁ ခုနှစ် ဧပြီ ၈ ရက်တွင် အမျိုးသားကန်တော်ကြီးဥယျာဉ်ဟု   အမည်ပြောင်းလဲ ခေါ်ဝေါ်ခဲ့ကြောင်း မှတ်သားရပါတယ်။

ကန်တော်ကြီး အမျိုးသားရုက္ခဗေဒဥယျာဉ်ကို အပန်းဖြေအနားယူလေ့လာသူတို့ ဗဟုသုတရရှိစေရန်နှင့် ပိုမိုစိတ်ဝင်စားရန်အတွက် လိပ်ပြာပြတိုက်၊ အင်ကြင်းပြတိုက်နှင့် ကျောက်ဖြစ်ရုပ်ကြွင်းပြတိုက်တို့ကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာ  ၁  ရက်တွင် စတင်တိုးချဲ့ဖွင့်လှစ်ထားပါတယ်။  လိပ်ပြာပြတိုက်တွင် လိပ်ပြာကောင်ရေ သုံးသောင်းကို ပုံးပေါင်း ၂၈၀ ဖြင့် ပြသထားပြီး အင်ကြင်းပြတိုက်တွင် သဘာဝအင်ကြင်း၊ ရှေးဟောင်းကျောက်ဖြစ် ရုပ်ကြွင်းများအပြင် သီးခြား အမျိုး ၂၀၀ နီးပါးရှိကာ နိုင်ငံခြားနည်းပညာများဖြင့် အရောင်တင်ထားသည့် အင်ကြင်းကျောက်အရောင်မျိုးစုံကို ပြသထားပါတယ်။ ၆ လက်မမှ ၁၅ ပေ အတွင်းရှိ အင်ကြင်းကျောက် အရောင်အသွေးမျိုးစုံကို သွားရောက်လေ့လာသူအပေါင်း ကြည့်ရှုခံစား နိုင်မှာလည်း ဖြစ်ပါတယ်။

ထို့ပြင်  အထူးပြကွက်အနေဖြင့် ထန်းကျောက်အမျိုး ၅၀ ကိုလည်းတွေ့နိုင်ပြီး မြန်မာနိုင်ငံတွင် ထန်းပင်ပေါများသည့်အတွက် ထန်းပင်မှဖြစ်သည့် အင်ကြင်းကျောက်များကို  ပြသထားခြင်းဖြစ်ပါတယ်။ ယင်းကဲ့သို့ မျိုးကို နိုင်ငံတကာမှာပင် ပြသဖူးခြင်း မရှိကြောင်း သိရပါတယ်။ အဆိုပါ အင်ကြင်းကျောက် ပြတိုက်တွင်  အင်ကြင်းကျောက်အရောင်တင်ပုံ အဆင့်ဆင့်ကို ပြသထားသည်ကိုလည်း တွေ့ရပါတယ်။

အင်ကြင်းကျောက်မှ ထုတ်လုပ်သည့်  ပုတီး၊ လက်ကောက်၊ နားကပ်၊ နားဆွဲ၊ သော့ချိတ်၊ ဆွဲပြားနှင့် ပန်းချီကားများကိုလည်း တွေ့နိုင်ပါသေးတယ်။

ကျောက်ဖြစ်ရုပ်ကြွင်းပြတိုက်တွင် သတ္တဝါ ၁၅ မျိုး၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ပြသထားပါတယ်။ ဦးစားပေး အနေဖြင့် ၇ ပေရှိ ဆင်စွယ်အစုံလိုက်နှင့် အစိတ်အပိုင်းမျိုးစုံကိုပြသထားရာ လာရောက်လေ့လာသူများ သတ္တဝါတစ်ကောင်ချင်းစီ၏ အစိတ်အပိုင်းများကို  အသေးစိတ် လေ့လာခွင့် ရရှိနိုင်မည်ဖြစ်ပါတယ်။  ထို့ပြင်   မိကျောင်းနှင့်  ကမ္ဘာဦးလိပ် အမျိုးအစား နှစ်မျိုး၊ သုံးမျိုးကို ပြသထားသလို ဆင်၊ မိကျောင်း၊ လိပ်၊ ရေမြင်း၊ ကြံ့၊ ဝက်၊ နွား၊ အသားစား သတ္တဝါ စသည့်သတ္တဝါများ၏ ဦးခေါင်း၊ သွား၊ ချို စသည့် အစိတ်အပိုင်းများကိုလည်း ကြည့်ရှုလေ့လာနိုင်ပါတယ်။ လိပ်၊ ကဏန်း၊ ရေအောက်သတ္တဝါအချို့တို့၏ ကျောက်ဖြစ်ရုပ်ကြွင်းများကိုလည်း အကောင်လိုက်ပြထားသည်ဟု သိရပါတယ်။ သတ္တဝါများ၏ ကျောက်ဖြစ်ရုပ်<ကင်းများအပြင် သစ်ပင်ကဖြစ်သည့် ရုပ်ကြွင်းများ၊ အမြစ်များ၊ အခေါက်များ၊ ကျောက်ပိုးများကိုပါ ပြသထားပါတယ်။

ယင်းပြတိုက်တွင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင်တွေ့ရှိရသည့် ကျောက်ဖြစ်ရုပ်ကြွင်းများကိုသာ ပြသထားသည်ကိုလည်း သိရပါတယ်။ ၁၉၁၄ ခုနှစ်တွင် မေမြို့ (ပြင်ဦးလွင်)၏ အရှေ့တောင်ဘက်တွင် သဘာဝအလျောက် ဒေသခံသစ်မျိုးများ စုံလင်စွာ ပေါက်ရောက်သော ယခုနေရာ၌ ဥယျာဉ်တည်ထောင်ရန် မြေနေရာ ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ ၁၉၁၅ ခုနှစ်တွင် မြန်မာ့သစ်တောထွက်ပစ္စည်းများ "Forest products of Burma" စာအုပ်ပြုစုသူ Mr.Charls alex rodger သည် မြေတိုင်းခြင်း၊ မြေပုံထုတ်ခြင်း၊ နယ်နိမိတ်သတ်မှတ်ခြင်းနှင့် မျိုးရင်းတူ အပင်များစိုက်ရန် Family plot များ စတင်ခွဲခြား သတ်မှတ်ခြင်းတို့အား ဆောင်ရွက်ခဲ့ပြီး ၁၉၁၇ ခုနှစ်တွင် ရုက္ခဗေဒပညာရှင် Mr.Lady Charlotte wheeler cuffe သည်   အပင်များ၏ သွင်ပြင်လက္ခဏာကို ရှုချင့်စဖွယ်ဖြစ်အောင် ကန်၊ မြက်ခင်း၊ ဥယျာဉ်တို့အား ဖော်ဆောင်ခဲ့တယ်လို့ သမိုင်းအထောက်အထားများက ဆိုထားပါတယ်။

ဥယျာဉ်အားစတင်တည်ထောင်စဉ်က ဧက ၃၀ သာရှိပြီး တည်ထောင်ကုန်ကျစရိတ်အား ၁၉၂၀ ပြည့်နှစ်တွင် သစ်တောဌာနရန်ပုံငွေမှ ပြန်လည်ကျခံစေခဲ့ပါတယ်။ ဥယျာဉ်ပထမဆုံး ကြီးကြပ်ရေးမှူးမှာ Mr.r.e.copper ဖြစ်ပြီး ၎င်းအနေဖြင့် ဥယျာဉ်အပြင် ရန်ကုန်နှင့် မန္တလေးရှိ အစိုးရအိမ်တော်များနှင့် ဥယျာဉ်များကိုပါ ထိန်းသိမ်းရသူဖြစ်ပါတယ်။ ၁၉၂၄ ခုနှစ် သစ်တောဥပဒေနှင့်အညီ မေမြို့ရုက္ခဗေဒဥယျာဉ်ကြိုးဝိုင်း အဖြစ် ကြေညာခဲ့စဉ် ထိုအချိန်၌ ဥယျာဉ်အကျယ်အဝန်း ၂၄၀ ဧက ရှိနေပြီ ဖြစ်ပါတယ်။

၁၉၈၄ ခုနှစ်တွင် ဥယျာဉ်အား Mr.e.H.Dickmann က တာဝန်ယူကြီးကြပ် ဆောင်ရွက်ပြီး ၁၉၄၉ တွင် သစ်တောဝန်ထောက် ဦးစုမှ တာဝန်ယူဆောင်ရွက်ခဲ့သည်ဟု သိရပါတယ်။ ၁၉၅၀ ပြည့်နှစ်တွင် ပြည်တွင်း၊ ပြည်ပမှသစ်မျိုးများကို ဥယျာဉ်တွင်း ဖြည့်စွက်စိုက်ပျိုးခဲ့ပြီး ၁၉၅၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကမ္ဘာ့သစ်ပင်ပွဲတော်များနေ့ ကို စတင်ကျင်းပလာခဲ့ရာ ၁၉၅၈ ခုနှစ် မေ  ၂၀  ရက်တွင် ကမ္ဘာ့သစ်ပင်ပွဲတော်များနေ့ အခမ်းအနားကို ဥယျာဉ်အတွင်း ကျင်းပခဲ့ကြောင်း သိရပါတယ်။ ၁၉၅၈ ခုနှစ်မှစ၍ သစ်ပင်တောအုပ်ငယ်များ၊ သစ်မျိုးစုံ စိုက်ကွက်များ၊ ဥယျာဉ်အမျိုးမျိုးနှင့် မြေယာရှုခင်းတို့ကို တိုးချဲ့ တည်ထောင်ခဲ့ပြီး ယခုအခါ ဥယျာဉ်အကျယ်အဝန်း ၄၃၆ ဒသမ ၉၆ ဧကရှိကြောင်း သိရပါတယ်။

အမျိုးသားကန်တော်ကြီးဥယျာဉ်သည် အင်္ဂလန်နိုင်ငံအခြေစိုက် Botanic gardens conservation international (BGC)မှ အသိအမှတ်ပြုသော ဥယျာဉ်တစ်ခုဖြစ်ပြီး ဥယျာဉ်အတွင်း ပြည်တွင်းသစ်မာ ၅၁၄ မျိုး၊ ပြည်ပသစ်မျိုး ၇၅ မျိုး၊ ဝါး ၇၅ မျိုး၊ ရွက်လှပင် ၇၅ မျိုး၊ ဘယဆေးပင် ၄၁၀ မျိုးနှင့် သစ်ခွမျိုးစိတ် ၂၇၀ မျိုးတို့အား ပြုစုပျိုးထောင်ပြသလျက်ရှိပါတယ်။

ကန်တော်ကြီး အမျိုးသားရုက္ခဗေဒဥယျာဉ်တွင် နှစ်ပေါင်းလေးဆယ်ကျော်အတွင်း ပထမဦးဆုံးအကြိမ် ရေခန်းခြောက်မှု ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့မှုကြောင့် နောင်အခါတွင် အလားတူရေခန်းခြောက်မှုဖြစ်စဉ်မျိုး မဖြစ်ပေါ်စေရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က  စက်တင်ဘာလ ခရီးစဉ်အတွင်း အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ ရောက်ရှိစဉ် အမျိုးသားကန်တော်ကြီးဥယျာဉ်နှင့် ပြင်ဦးလွင်သည် ခွဲခြား၍ရနိုင်မည်မဟုတ်ဘဲ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူပြုနေသည့် ဥယျာဉ်ကြီး ဖြစ်သည့်အတွက် ဥယျာဉ်သာယာလှပရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေးလုပ်ငန်းများကို အထူး အလေးထား ဆောင်ရွက်နေကြရမည် ဖြစ်ကြောင်း၊ ကန်များရေခန်းခြောက်မှုများကို ကာကွယ်နိုင်ရေးအတွက် ရေရရှိနိုင်မည့် ရေဝင်လမ်းကြောင်းများကို အမြဲမပြတ် စစ်ဆေးထိန်းသိမ်းနေမှသာလျှင် ရေစီးဆင်းမှု ကောင်းမွန်မည် ဖြစ်ကြောင်း၊ သစ်တောဦးစီးဌာနမှလည်း ပြုန်းတီးသစ်ပင်များနေရာတွင် အစားထိုးပြန်လည်  စိုက်ပျိုးလုပ်ဆောင်သွားရန် လိုကြောင်း၊ ပြင်ဦးလွင်မြို့၌ ယခင်ကအရိပ်မဲ့ကော်ဖီစိုက်ပျိုးခြင်းများ လုပ်ဆောင်ခဲ့ရာမှ သစ်ပင်သစ်တောများပြုန်းတီးမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း၊  ခွင့်ပြုပေးထားသည့် စိုက်ပျိုးမြေများတွင် စိုက်ပျိုးရေး လုပ်ဆောင်ခြင်းမရှိဘဲ လူနေထိုင်ခြင်း၊    ကွန်ကရစ်လမ်းများခင်းခြင်း၊ ရေထွက်ပေါက်များမထားရှိဘဲ   အပိတ်ပုံစံဖြင့် အဆောက်အဦများ ဆောက်လုပ်ခြင်းများကြောင့်လည်း ရေအရင်းအမြစ် ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့် သတ်မှတ်စည်းကမ်းများနှင့် ကိုက်ညီမှုရှိစေရေး စနစ်တကျ ကြပ်မတ်ထိန်းသိမ်းလုပ်ဆောင်ကြရန် လိုကြောင်း၊  ဥယျာဉ်အတွင်းရှိ  ကန်များမှ ရေစိမ့်ထွက်မှုမရှိစေရေးနှင့်  ပြုန်းတီးမှုမဖြစ်ပေါ် စေရေးအတွက်လည်း နည်းပညာပိုင်းဆိုင်ရာများ အရတွက်ချက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန်လိုအပ်မည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့တယ်လို့ သိရပါတယ်။

ထို့ကြောင့် ကန်တော်ကြီး ရုက္ခဗေဒဥယျာဉ်ကြီး၏ ရည်ရွယ်ချက်များဖြစ်သည့် ပြည်တွင်း၊ ပြည်ပဧည့်သည်များ  အပန်းဖြေရန်  (Recreation)၊ သစ်တောသစ်ပင်နှင့်  သဘာ၀၀န်းကျင်၏တန်ဖိုးနှင့် အရေးကြီးပုံကို ပြည်သူလူထုအများစုက သဘောပေါက်တန်ဖိုးထားတတ်စေရန် (Education)၊ ရုက္ခဗေဒပညာရှင်များ ၊ ပန်းဝါသနာရှင်များ၊ သုတေသနပြုသူများအတွက် အသုံးပြုအားထားရာ နေရာတစ်ခုဖြစ်စေရန်  (Natural  Laboratory)၊   မျိုးတုံးရန် အန္တရာယ်ရှိသည့်အပင်နှင့် သစ်မျိုးပန်းမျိုးများ မျိုးမပျောက်စေရန် ပြုစုထိန်းသိမ်းရန် (Conservation of Rare & Endangered Species)၊ ပြည်တွင်း၊ ပြည်ပသဘာဝအခြေခံ  ခရီးသွားဧည့်သည်များ အတွက်ဆွဲဆောင်မှုရှိသော အပန်းလည်းပြေဗဟုသုတလည်း ဖြန့်ဝေပေးသော အထင်ကရနေရာဖြစ်စေရန် (Promotion of Ecotourism)နဲ့ နိုင်ငံ့ဂုဏ်ဆောင် နိုင်ငံတကာကျော်ကြားသော   ဂုဏ်ယူဖွယ်နေရာ တစ်ခုအဖြစ်ပြသရန်   (National Symbol) ရည်ရွယ်ထားလို့ ဒေသခံများအနေဖြင့် ပြင်ဦးလွင်မြို့၏ပြယုဂ်၊ ကိုဗစ်-၁၉အလွန် မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍတိုးတက်စေဖို့ နိုင်ငံခြားဝင်ငွေရရှိလာမည့် မိမိတို့ နိုင်ငံ၏နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိသည့် ကန်တော်ကြီး အမျိုးသား ရုက္ခဗေဒဥယျာဉ်ကို ဝိုင်းဝန်းထိန်းသိမ်း ကြစေရန်နှင့် အမျိုးသားကန်တော်ကြီး ဥယျာဉ်သို့ လာရောက်လည်ပတ်ကြမည့်  ခရီးသွားပြည်သူများအတွက် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ထားသောကြောင့် ဗဟုသုတများအပြင် စိတ်အပန်းပြေစေရန် လာရောက်လည်ပတ် လေ့လာနိုင်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရပါသည်။    ။

ဇော်မျိုး(မြဝတီ)