နယ်စပ်ဒေသနေ တိုင်းရင်းသူလေးများ တစ်ဖက်နိုင်ငံများသို့ သွားရောက်၍ အလုပ်ရှာဖွေ လုပ်ကိုင်နေရခြင်းများကို ကာကွယ်တားဆီးပြီး ကိုယ်ပိုင်ဘဝရပ်တည်နိုင်ရေး ရည်ရွယ်လျက် အခြေခံစက်ချုပ်၊
မုန့်လုပ်နည်းပညာများဖြင့် စတင်ဖွင့်လှစ်ခဲ့သော အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများ၊ ထိုမှ ကမ္ဘာ့နိုင်ငံအသီးသီးက အသက်မွေးဝမ်းကျောင်းလုပ်ငန်းပညာရပ်များကို ပထမတန်းစားပညာရပ်အဖြစ် ဂုဏ်ယူဝမ်းမြောက်စွာ သင်ကြားပို့ချ ပေးလာသည်နှင့်အညီ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာနသည် မိမိတို့ဖွင့်လှစ်ထားသော အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများမှ သင်တန်းသူလေးများအား အဆင့်မြင့်နည်းပညာများ သင်ကြားပို့ချပေးလာသည်ကို ဝမ်းမြောက်ဖွယ်တွေ့ရ၏။
ခေတ်မီမော်တာအထည်ချုပ်စက်သင်တန်း
ခေတ်မီမော်တာ အထည်ချုပ်စက်သင်တန်းကို ၂၀၁၄ ခုနှစ် သြဂုတ်လမှ စတင်ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်သည်။
မိမိတို့ ဝန်ကြီးဌာန၏ ဗဟိုလေ့ကျင့်ရေးကျောင်းကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) အမှတ် (၅၁) ရပ်ကွက်တွင် ဖွင့်လှစ်ထားရာ အဆိုပါသင်တန်းကို ယင်းသင်တန်းကျောင်း၌ သင်ကြား ပို့ချပေးခြင်း ဖြစ်သည်။ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းများတွင် အခြေခံစက်ချုပ်သင်တန်း၊ အဆင့်မြင့်စက်ချုပ်သင်တန်း အောင်မြင်ပြီးသူ နယ်စပ်ဒေသမှ တိုင်းရင်းသူလေးများအား ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အထည်ချုပ်စက်ရုံများ၌ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်၏။ သင်တန်းအမှတ်စဉ် (၂၅) ထိ ဖွင့်လှစ်ခဲ့ပြီးဖြစ်ရာ သင်တန်းဆင်းပြီး တိုင်းရင်းသူအရေအတွက်မှာ ၂၉၄၀ ဦးဖြစ်သည်။
ခေတ်မီ မော်တာအထည်ချုပ်စက်သင်တန်းဆင်းပြီးသူများအား အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးနိုင်ရေး၊ မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းနှင့် ညှိနှိုင်းပြီး အထည်ချုပ်စက်ရုံများတွင် ကျွမ်းကျင်ဝန်ထမ်းများအဖြစ် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေးတို့ကို ဖန်တီးဖော်ဆောင်ပေးခဲ့သည်။ သင်တန်းဆင်းပြီးသူများထဲမှ တိုင်းရင်းသူ ၂၈၄၈ ဦးသည် ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံ ၂၉ ခု၌ ကျွမ်းကျင်ဝန်ထမ်းများအဖြစ် ဝင်ရောက်လုပ်ကိုင်နေကြပြီဖြစ်သည်။
ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများ
နယ်စပ်ရေးရာဝန်ကြီးဌာနက ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအသင်း (MHPA)၊ ဟိုတယ်လုပ်ငန်းရှင်များ အသင်းတို့နှင့် ညှိနှိုင်းကာ ယင်းသင်တန်းများကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း၌ နှစ်နေရာခွဲ၍ သင်ကြားပို့ချပေးခဲ့သည်။
ပခုက္ကူနှင့်ပုသိမ် အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်းများတွင် ဖြစ်၏။
ဧည့်ကြိုဝန်ဆောင်မှု၊ ဟိုတယ်အိပ်ဆောင်များ ခင်းကျင်းပြင်ဆင်မှု၊ အစားအသောက်နှင့် အဖျော်ယမကာ ဝန်ဆောင်မှုသင်တန်းများကို စာတွေ့ သုံးလ၊ လက်တွေ့ သုံးလ စုစုပေါင်း ခြောက်လတက်ရောက်ရသည်။ ဖော်ပြပါအိမ်တွင်းမှု သင်တန်းကျောင်းများတွင် စာတွေ့သင်တန်းများ ပို့ချပေးပြီးနောက် လက်တွေ့ သင်တန်းများအား ပခုက္ကူသင်တန်းကျောင်းအတွက် ပုဂံဟိုတယ်ဇုန်မှ ဟိုတယ်များတွင်လည်းကောင်း၊ ပုသိမ်သင်တန်း ကျောင်းအတွက် ငွေဆောင်ဟိုတယ်ဇုန်မှ ဟိုတယ်များတွင် လည်းကောင်း လျာထားသတ်မှတ်၍ သင်ကြားလေ့ကျင့်ပေးခဲ့သည်။
နည်းပြ၊ နေရာထိုင်ခင်းနှင့် အခြားကန့်သတ်ချက်အချို့ကြောင့် သင်တန်းတစ်ကြိမ်လျှင် ၇၅ ဦးသာ လက်ခံသင်ကြားပေးခဲ့ရာ ပခုက္ကူသင်တန်းကျောင်းတွင် ကျား၊ မ တက်ခွင့်ရခဲ့ပြီး ပုသိမ်တွင် မိန်းကလေးများကိုသာ လက်ခံသင်ကြားပေးခဲ့သည်။ စုစုပေါင်းသင်တန်း ငါးကြိမ်စီဖွင့်လှစ်ခဲ့ပြီး သင်တန်းသား အနေဖြင့် ကျား ၁၈၀ ဦး၊ မ ၅၇၀ ဦး စုစုပေါင်း ၇၅၀ ဦး တက်ရောက်အောင်မြင်ကာ ဟိုတယ်အသီးသီးတွင် ကျား ၁၀၉ ဦး၊ မ ၃၃၇ ဦး စုစုပေါင်း ၄၄၆ ဦး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိသွားကြပြီ ဖြစ်သည်။
သင်တန်းအမှတ်စဉ် (၅)အထိဖွင့်လှစ်ပြီးနောက် လက်ရှိကြုံတွေ့နေရသော ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေကြောင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများကို ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ ခေတ္တရပ်နား ထားကြောင်း သိရှိရသည်။ အဆိုပါ သင်တန်းများတွင် ခေတ်မီမော်တာအထည်ချုပ်သင်တန်းများ ကဲ့သို့ပင် တက်ရောက်သူ သင်တန်းသား၊ သင်တန်းသူများအတွက် အကျိုးကျေးဇူးများပြားကြောင်း တွေ့ရမည်ဖြစ်သည်။
အိမ်တွင်းမှုသင်တန်းကျောင်းများ ဘယ်ကစ
နယ်စပ်ရေးရာဝန်ကြီးဌာနဟူ၍ မဖြစ်သေးသော နယ်စပ်/စည်ပင် ဝန်ကြီးဌာနဟု အတိုကောက် ခေါ်နေသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာနပင် မဖွဲ့ရသေးသော ၁၉၉၂ ခုနှစ် မတ်လ ၁၆ ရက်တွင် တာချီလိတ် အိမ်တွင်းမှု သင်တန်းကျောင်းကို လည်းကောင်း၊ ၁၉၉၂ ခုနှစ် မတ်လ ၁၉ ရက်တွင် ကော့သောင်း အိမ်တွင်းမှု သင်တန်းကျောင်းကိုလည်းကောင်း နတလလုပ်ငန်းကော်မတီ၏ အစီအစဉ်ဖြင့် စတင်ဖွင့်လှစ် ပေးခဲ့ခြင်း ဖြစ်သည်။
ပညာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အခြေခံစက်ချုပ်သင်တန်း၊ သိုးမွေးထိုးသင်တန်း၊ ဇာထိုးပန်းထိုးသင်တန်း၊ ရွှေချည်ထိုးငွေချည်ထိုးသင်တန်း၊ အချက်အပြုတ်နှင့် မုန့်လုပ်နည်း သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ ပညာရေးဝန်ကြီးဌာနအောက်ရှိ စက်မှု၊ စိုက်ပျိုးနှင့် အိမ်တွင်းသက်မွေးပညာဦးစီးဌာနမှ ဆရာမကြီးများက အလှည့်ကျသွားရောက် တာဝန်ထမ်းဆောင်ကြရသည်။ စက်၊ စိုက်၊ သက် ဟု အတိုကောက်ခေါ်ကြသည်။
ထို့နောက်တွင်မှ ကော့သောင်းအမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်း၌ ကျောင်းအုပ်အဖြစ် ဒေါ်ခင်လှရီ (ကွယ်လွန်)၊ ဒေါ်ရင်သောင်း (ရန်ကုန်ဒီဂရီကောလိပ်၊ ကွယ်လွန်)တို့က လည်းကောင်း၊ တာချီလိတ် ကျောင်းအုပ်အဖြစ် ဒေါ်နုနုကြည်(ညွှန်မှူး(ငြိမ်း) နေပြည်တော်စည်ပင်)၊ ဒေါ်ခင်မာချို (ယခု လ/ထ ညွှန်မှူး၊ ဗဟိုလေ့ကျင့်ရေးကျောင်း)တို့ကလည်းကောင်း ထမ်းဆောင်ခဲ့ကြသည်။ ၁၉၉၂ ခုနှစ်အတွင်းမှာပင် ကျိုင်းတုံ၊ လားရှိုးနှင့် မြိတ်မြို့တို့၌ အိမ်တွင်းမှုကျောင်းများ ဆက်လက်ဖွင့်လှစ်ပေးခဲ့သည်။ ကျိုင်းတုံသင်တန်းကျောင်း၏ ပထမဆုံးကျောင်းအုပ်မှာ ဒေါ်သန်းသန်းလွင်(ဒု-ညွှန်မှူး(ငြိမ်း) ပညာ/လေ့ကျင့်)ဖြစ်သည်။ ၁၉၉၄ ခုနှစ်တွင် ပေါ်ပေါက်လာသော နယ်စပ်/စည်ပင်ဝန်ကြီးဌာနနှင့် လက်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာနတို့က သင်တန်းကျောင်းများ ဆက်တိုက် ဖွင့်လှစ်ပေးခဲ့ရာ ယနေ့အချိန်တွင် နိုင်ငံတစ်ဝန်း ၄၆ ကျောင်း ဖွင့်လှစ်ပြီး ဖြစ်သည်။
ရည်ရွယ်ချက်များ
အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းများကို အောက်ဖော်ပြပါ ရည်ရွယ်ချက်များ ထားရှိဖွင့်လှစ်ခဲ့သည်-
(က) ပြည်ထောင်စုတိုင်းရင်းသူလေးများသည် ပညာရှာမှီးရင်း တိုင်းရင်းသူအချင်းချင်း ပိုမို စည်းလုံး ချစ်ခင်လျက် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲသည့် တိုင်းရင်းသူလေးများဖြစ်လာစေရန်၊၊
( ခ) နယ်စပ်ဒေသနှင့် ဆင်းရဲနွမ်းပါးသော ဒေသများရှိ အမျိုးသမီး ငယ်များကို အိမ်တွင်းမှုသက်မွေး ပညာရပ်များ သင်ကြားပေးရန်နှင့် သင်ကြားတတ်မြောက်သည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များဖြင့် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းထူထောင်နိုင်သည်အထိ ကူညီဆောင်ရွက် ပေးရန်။
( ဂ) တိုင်းချစ်ပြည်ချစ် မျိုးချစ်စိတ်အစဉ်ရှင်သန်ထက်မြက်နေသည့် အမျိုးသမီးလေးများဖြစ်လာစေ ရန်၊၊
( ဃ) အိမ်တွင်းမှု ပညာရပ်များ သင်ကြားပေးခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိ ပြီး စားဝတ်နေရေး ဘက်စုံတိုးတက်၍ လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်၊၊
( င) အမျိုးဂုဏ်၊ ဇာတိဂုဏ်စောင့်ထိန်းပြီး အကျင့်စာရိတ္တ ကောင်းမွန်သည့် အမျိုးသမီး လေးများ ဖြစ်လာစေရန်။
သင်တန်းကာလနှင့် အမျိုးအစားများ
အသက် ၁၆ နှစ်နှင့် ၃၀ နှစ်အကြား ကျန်းမာရေးကောင်းသူ၊ အရေးအဖတ်တတ်မြောက်၍ အိမ်တွင်းမှု ပညာရပ်များကို စိတ်ပါဝင်စားသူဖြစ်ရပါမည်။ တစ်နှစ်လျှင် သင်တန်းနှစ်ကြိမ် လျာထား၍ တစ်ကြိမ်လျှင် ရက်သတ္တ ၁၈ ပတ်ကြာမြင့်မည်။
သင်တန်းအမျိုးအစားများမှာ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း၊ သိုးမွေးစက်ဆွဲသင်တန်း၊ ကနုကမာ ကျောက်စီပန်းချီသင်တန်း၊ အခြေခံလက်ရက်ကန်းသင်တန်း၊ ရိုးရာဂျပ်ခုတ်သင်တန်း၊ အိမ်တွင်း လက်မှုသင်တန်း (ကြိမ်/ဝါး) စသည်တို့နှင့် အထက်တွင်တင်ပြခဲ့သော ခေတ်မီမော်တာ အထည်ချုပ် စက်သင်တန်း၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများဖြစ်သည်။ အဆင့်မြင့်အိမ်တွင်းမှု သက်မွေး ပညာရပ်များကို သင်တန်းကျောင်းများတွင် ကျွမ်းကျင်စွာ ပြန်လည်ပို့ချနိုင်ရန်အတွက် သင်တန်း ကျောင်းအုပ်များ၊ ဒု-ကျောင်းအုပ်များ၊ နည်းပြများကိုယ်တိုင် ဗဟိုလေ့ကျင့်ရေးကျောင်းတွင် မွမ်းမံသင်တန်းများ တက်ရောက်စေခဲ့သည်။
ဘဝကိုအလှဆင် ဒေသကိုအကျိုးပြု
အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းများ စတင်ဖွင့်လှစ်သည့် ၁၉၉၂ ခုနှစ်မှ ယနေ့ထိသင်တန်းသူဦးရေ စုစုပေါင်း ၉၁၉၅၆ ဦး လေ့ကျင့်သင်ကြားပေးပြီး ဖြစ်သည်။ ယင်းသို့ လေ့ကျင့်ပျိုးထောင်ပေးခြင်းဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ထိန်းသိမ်း စောင့်ရှောက်သော တိုင်းချစ်ပြည်ချစ်စိတ်၊ မျိုးချစ်စိတ်တို့ဖြင့် မိမိတို့အမျိုးသားယဉ်ကျေးမှုကို တန်ဖိုးထားလေးစားမြတ်နိုးတတ်သော အမျိုးကောင်းသားသမီးများစွာ ပေါ်ထွက်စေခဲ့သည်။ နယ်စပ်ဒေသ အသီးသီးမှ အမျိုးသမီးငယ်များ၏ လူမှုဘဝကို မြင့်မားတိုးတက်စေခဲ့သည်။ လက်မှုအတတ်ပညာများကို မိမိတို့ဒေသအလိုက် လက်ဆင့်ကမ်း ပြန့်ပွားစေခဲ့သည်။
တစ်နည်းဆိုရသော် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများသည် တိုင်းရင်းသူလေးများ၏ ဘဝကို အလှဆင်ပေးသော၊ နယ်စပ်ဒေသ အသီးသီးကိုလည်း အကျိုးပြုနေသော သင်တန်းကျောင်းများ ဖြစ်သည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာနသည် နယ်စပ်ဒေသများတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရေး၊ သက်မွေးဝမ်းကျောင်းပညာရပ်များ (Vocational Training)ကို အလေးထားသင်ယူကြစေရေး၊ နယ်စပ်ဒေသများအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များအတွင်းက ဆင်းရဲနွမ်းပါးသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးဖော်ဆောင် ပေးနိုင်ရေးတို့အား ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။
မြင့်စိုး(နတလ)