၂၀၂၁ ခုနှစ် ဒီဇင်ဘာလပထမပတ်အတွင်း ဘော့စ်ဝါနာနှင့် တောင်အာဖရိကနိုင်ငံများမှ ပညာရှင်များက ကူးစက်နှုန်းမြန်လှသည့် ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်အကြောင်း အသိပေးလာခဲ့ကြသည်။ အခုဆိုရင် နိုင်ငံပေါင်း ၃၀ ကျော်မှာ အိုမီခရွန်ပိုးတွေ ပျံ့နှံ့နေကြပြီ။ အိုမီခရွန်မျိုးကွဲအကြောင်း အသေးစိတ် သိရှိနိုင်ပြီး ရုပ်လုံးပေါ်သည်အထိ ဖော်ပြနိုင်ဖို့ကတော့ ရက်သတ္တပတ်အနည်းငယ်မျှ အချိန်ယူကြရပေဦးမည်။
အိုမီခရွန် ကိုဗစ်-၁၉ မျိုးကွဲဗိုင်းရပ်၏ ကူးစက်မှုက ဘယ်လောက်အထိ လျင်မြန်နိုင်သလဲ။ ကူးစက်ခံရသူများအဖို့ ဘယ်လောက်ထိပြင်းပြင်းထန်ထန် ဝေဒနာခံစားကြရမှာလဲ၊ ကာကွယ်ဆေးထိုးပြီး သူများမှာရော ပြန်ဖြစ်နိုင်သလား၊ ကိုဗစ်-၁၉ ကူးစက်ခံရပြီးသူများမှာရော ပြန်ဖြစ်နိုင်သလား စသည့် မေးခွန်းများကို လေ့လာ
ကြည့်ကြမည်။
အိုမီခရွန်ကူးစက်မှု ဘယ်လောက်မြန်ဆန်သလဲ
ကိုဗစ်-၁၉ မျိုးကွဲတစ်မျိုးဖြစ်သည့် အိုမီခရွန်ပိုးက တောင်အာဖရိကမှာ စတင်ဖြစ်ပွားခဲ့သည်။ ကူးစက်မှုနှုန်းကလည်း အလွန်လျင်မြန်သည်။ သည်လိုကူးစက်မှုနှုန်းဖြင့်သာသွားရင် ကမ္ဘာကြီးပေါ်က တခြားနေရာဒေသများဆီကိုပါ လျင်မြန်စွာ ကူးစက်ပျံ့နှံ့သွားနိုင်သည်။ မြို့တော်ဂျိုနစဘတ်ကို အခြေပြုလျက် နိုဝင်ဘာလအတွင်းမှ စတင်ကာ တစ်ရက်တစ်ရက်ရာနှင့်ချီပြီး ကူးစက်မှုတွေ မြင့်တက်လာခဲ့သည်မှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့ရောက်သည့်အခါ တောင်အာဖရိကနိုင်ငံအတွင်း အိုမီခရွန်ကိုဗစ်ပိုး ကူးစက်ခံထားရသူ ၈၅၆၁ ဦး ရှိလာခဲ့သည်။
ရောဂါကူးစက်ပျံ့နှံ့မှု လေ့လာသူပညာရှင်များက ကူးစက်ရောဂါများ ပျံ့နှံ့မှုနှုန်းကို Rတန်ဖိုးဖြင့်ဖော်ပြလေ့ ရှိသည်။ ရောဂါပိုးရှိသူတစ်ဦးထံမှ နောက်ထပ်ဘယ်နှယောက်အထိ ကူးစက်ပျံ့နှံ့သွားနိုင်သလဲ ဟူသည့် ပျံ့နှံ့မှုနှုန်းကို R ဖြင့် ဖော်ပြကြခြင်း ဖြစ်သည်။ အိုမီခရွန် ဗိုင်းရပ်၏ရောဂါပျံ့နှံ့မှုနှုန်းက R-2 အထက်မှာရှိသည်။ သဘောက အိုမီခရွန်ပိုးကူးစက်နေသူ တစ်ဦးထံမှ နောက်ထပ်လူနှစ်ဦးနှင့်အထက် ရောဂါပိုးကူးစက် သွားစေနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။
စက်တင်ဘာလအထိ တောင်အာဖရိကနိုင်ငံ Gauteng ပြည်နယ်၏ ကိုဗစ်-၁၉ ကူးစက်မှု R တန်ဖိုးက “၁” အောက်မှာပဲရှိနေသေးသည်။ ရောဂါပိုးရှိနေသူတစ်ဦးထံမှ နောက်ထပ်တစ်ယောက်ဆီကိုပဲ ကူးစက်နိုင်ခြေ ရှိသည်။ ထိုစဉ်အခါတုန်းက ကူးစက်နေခဲ့သည့် ကိုဗစ်-၁၉ မျိုးကွဲက ဒယ်လ်တာမျိုးကွဲဖြစ်သည်။ အခု အိုမီခရွန်မျိုးကွဲပေါ်လာတော့မှ R တန်ဖိုးတက်လာပြီး ပိုးရှိသူတစ်ဦးထံမှ နောက်ထပ်နှစ်ဦးထက်မနည်း ကူးစက်စေနိုင်လာခြင်း ဖြစ်သည်။ သုတေသနပညာရှင်များ၏ ခန့်မှန်းချက်အရ အိုမီခရွန်သည် ဒယ်လ်တာထက် သုံးဆမှခြောက်ဆအထိ ကူးစက်မှုပိုနိုင်ကြောင်း သိရသည်။
အိုမီခရွန်၏ ကူးစက်မှုနှုန်းကို အနီးစပ်ဆုံး ခန့်မှန်းနိုင်ဖို့က အာဖရိကနိုင်ငံများအတွင်းနှင့် ကမ္ဘာ့နိုင်ငံများအကြား အိုမီခရွန်ပျံ့နှံ့မှုကို စောင့်ကြည့်နေမှရမည်။
တောင်အာဖရိက နိုင်ငံတစ်နိုင်ငံအတွင်းမှာပဲ စောင့်ကြည့်စစ်ဆေးနေခြင်းက မလိုလားအပ်သည့် အပိုခန့်မှန်းမှုတွေဖြစ်ပွားစေနိုင်သည်။
အိုမီခရွန်သည် ကာကွယ်ဆေးထိုးပြီးသူနှင့် ကိုဗစ်ဖြစ်ပွားပြီးသူများအကြား ပြန်လည်ကူးစက်စေနိုင်သလား
တောင်အာဖရိကနိုင်ငံ၏ လူဦးရေလေးပုံတစ်ပုံက ကိုဗစ်ကာကွယ်ဆေးထိုးပြီးခဲ့ကြပြီ။ ကိုဗစ်ကာကွယ်ဆေး မထိုးရသေးသူတွေ အကြားမှာလည်း ကိုဗစ်ဖြစ်ပြီး သူကအတော်များများရှိနိုင်သည်။ သည်လိုအခြေအနေမျိုးထဲမှာမှ အိုမီခရွန်ကူးစက်မှုများ ထပ်မံပေါ်ပေါက်လာတော့ အခုမေးခွန်းက သူ့အလိုလို ဖြေပြီးသား ဖြစ်သွားသည်။ မှန်ပါသည်။ အိုမီခရွန်သည် ကိုဗစ်-၁၉ ကိုယ်ခံစွမ်းအားရှိနှင့်ပြီးသူများထံမှာလည်း ထပ်မံကူးစက်စေနိုင်သည့် အာနိသင်ရှိနေသည်။
ကိုဗစ်-၁၉ ဒယ်လ်တာမျိုးကွဲနှင့် တခြားမျိုးကွဲများ ကူးစက်ခံရပြီးသူများကိုရော၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီး သူများမှာပါ ထပ်မံကူးစက်ဖြစ်ပွားစေနိုင်သည့် အာနိသင်ရှိသောကြောင့် ယနေ့တောင်အာဖရိကနိုင်ငံ၏ အိုမီခရွန် ကူးစက်မှုများ ခေါင်းထောင်နေရခြင်း ဖြစ်သည်။
သုတေသန တွေ့ရှိချက်များအရ ကိုဗစ်ကာကွယ်ရေး ထိုးနှံပြီးသူ အများစုရှိနေသည့် ဒေသများမှာ ကိုဗစ်ကာကွယ်ရေး နည်းလမ်းများ လျှော့ချလိုက်သည်နှင့် ကိုဗစ်မျိုးကွဲသစ်များ ထွက်ပေါ်လာတတ်ကြောင်း သိရှိလာကြရသည်။
ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသည့်အခါမှာပဲဖြစ်ဖြစ် ကိုဗစ်ကူးစက်ခံရပြီး ပြန်လည်နေကောင်းလာသည့် အချိန်မှာပဲဖြစ်ဖြစ် ကိုဗစ်-၁၉ ဗိုင်းရပ်ပိုးနောက်တစ်ကြိမ်ထပ်မံဝင်ရောက်နိုင်စွမ်း မရှိစေရန် ကာကွယ်ပေးမည့် ပဋိပစ္စည်း(Antibody)များ ထွက်ပေါ်လာလေ့ရှိသည်။ ၎င်းစွမ်းရည်မြင့်ပဋိပစ္စည်းများကို Neutralizing Antibody ဟုခေါ်ကြသည်။ အိုမီခရွန်ကိုဗစ်မျိုးကွဲဗိုင်းရပ်များ၏ အပြင်ဆုံးအလွှာတွင် ရှိနေသည့် အချွန်အတက်ပရိုတိန်း(Spike protein) များက ၎င်း Neutralizing Antibody များ၏အာနိသင်ကို ပိတ်ပင်နိုင်စွမ်း ရှိကြောင်း ဓာတ်ခွဲခန်းသုတေသနများမှာ တွေ့ရသည်။
ကိုဗစ်ကာကွယ်ဆေး (mRNA vaccine)နှစ်ကြိမ်ထိုးနှံထားသူများ၏ သွေးထဲမှ Neutralizing Antibody များကို ထုတ်ယူပြီး ဓာတ်ခွဲခန်းအတွင်း အိုမီခရွန်မျိုးကွဲဗိုင်းရပ်များနှင့် ထိတွေ့စေသည့်အခါ အိုမီခရွန်များက ခံနိုင်ရည်ရှိနေကြကြောင်း တွေ့ရှိရသည်။
ကိုဗစ်ကာကွယ်ဆေးများက အိုမီခရွန်ကိုဘယ်လောက်ကာကွယ်ပေးနိုင်မလဲ
အိုမီခရွန်အမည်ရ ကိုဗစ်-၁၉ မျိုးကွဲဗိုင်းရပ်များက Neutralizing Antibody များကို ခံနိုင်ရည်ရှိကြကြောင်း သိရှိခဲ့ကြပြီ။ ဒါဆိုရင် ကိုဗစ်ကာကွယ်ဆေးများက အိုမီခရွန်ကို ကာကွယ်နိုင်စွမ်း မရှိတော့ဘူးလား။
သည်လိုတော့လည်း မဟုတ်ပါ။ ကိုဗစ်ကူးစက်မှုကို ရာနှုန်းပြည့်ကာကွယ်မပေးနိုင်ပေမယ့် Neutralizing Antibody အသင့်အတင့်ခန္ဓာကိုယ်ထဲရှိနေခြင်းက ပြင်းထန်ကိုဗစ်ရောဂါများ မဖြစ်ရအောင် ကာကွယ်ပေး နိုင်သည်ဟု ပညာရှင်များက ဆိုကြသည်။
နောက်တစ်ချက်က ကိုဗစ်-၁၉ ဗိုင်းရပ်ပိုးကို ခုခံတိုက်ဖျက်ဖို့က ပဋိပစ္စည်းတွေမှာပဲ တာဝန်ရှိတာမဟုတ်။
T Cell ဟုခေါ်သည့် ကိုယ်ခံစွမ်းအားဆဲလ်တွေမှာလည်း တာဝန်ရှိသည်။ အိုမီခရွန်က ၎င်း T Cell များ၏ အာနိသင်ကို အနှောင့်အယှက်ပေးနိုင်ခြင်းမရှိ။ ထို့အတွက်ကြောင့် ပြင်းထန်ကိုဗစ်ရောဂါများ ကုသရေးအတွက် ကိုယ်ခံစွမ်းအားဆဲလ်တစ်မျိုးဖြစ်သည့် T Cell အကြောင်းကို သုတေသနပြုဖို့ ကြိုးစားနေကြသည်။
တောင်အာဖရိကနိုင်ငံမှာက ကိုဗစ်ကာကွယ်ဆေး အမျိုးအစားသုံးမျိုးကို အသုံးပြုနေကြသည်။ အမေရိကန်ပြည်ထောင်စုမှ ထုတ်လုပ်သည့် Johnson & Johnson နှင့် Pfizer-BioNTech ၊ ယူကေနိုင်ငံမှ ထုတ်လုပ်သည့် Oxford-AstraZeneca ဆေးများဖြစ်သည်။
၎င်းကိုဗစ်ကာကွယ်ဆေး အသီးသီး၏ အိုမီခရွန်အပေါ် ကာကွယ်နိုင်စွမ်းကိုတော့ လေ့လာနေကြဆဲဖြစ်သည်။
တောင်အာဖရိကနိုင်ငံမှာပဲ ၂၀၂၀ နှစ်ကုန်ပိုင်းက စတင်ပေါ်ပေါက်ခဲ့သည့် ကိုဗစ်-၁၉ ဘီတာမျိုးကွဲကိုတော့ ယူကေနိုင်ငံထုတ် Oxford-AstraZeneca ဆေးက ရာနှုန်းပြည့်ကာကွယ်ပေးနိုင်စွမ်း မရှိခဲ့။ ကာကွယ်ဆေး ထိုးနှံပြီးသူများမှာ ဘီတာမျိုးကွဲကူးစက်မှုကိုခံရပြီး မပြင်းထန်သည့် ကိုဗစ်လက္ခဏာများ ခံစားခဲ့ကြရသည်။ ကနေဒါနိုင်ငံမှာ ပြုလုပ်သည့် သုတေသနတစ်ခုမှာတော့ အောက်စဖိုဒ့်ဆေးသည် ဘီတာမျိုးကွဲကြောင့် ဆေးရုံတက်ရသည်အထိ ရောဂါမပြင်းထန်အောင် ၈၀ရာခိုင်နှုန်းကာကွယ်ပေးနိုင်ကြောင်း ဖော်ပြထားသည်။
အခု ၂၀၂၁ နှစ်ကုန်ပိုင်းမှာ စတင်ပေါ်ပေါက်လာသည့် အိုမီခရွန်မျိုးကွဲ ကိုဗစ်ပိုးကိုလည်း သူ့နောင်တော် ဘီတာမျိုးကွဲလိုပဲ ပြုမူသွားလိမ့်မည်ဟု ခန့်မှန်းထားကြသည်။ အိုမီခရွန်ကြောင့် ကိုဗစ်ဖြစ်ပြီးသူတွေ ထပ်ဖြစ်ကြမည်။ ကာကွယ်ဆေးထိုးပြီးသူတွေမှာလည်း ကိုဗစ်ပိုးတွေ့ကြလိမ့်မည်။ ကိုဗစ်ဖြစ်နှုန်းတွေ များလာမည်။ သို့ပေမယ့် ဆေးရုံတက်ရလောက်အောင် ရောဂါပြင်းထန်ပြီး အသက်သေဆုံးမှုတော့ နည်းလိမ့်မည်ဟု ခန့်မှန်းမျှော်လင့် ထားကြပါသည်။
အိုမီခရွန်မျိုးကွဲက နောင်တော်ကိုဗစ်မျိုးကွဲတွေထက် ပိုပြင်းထန်မှာလား
လက်ရှိကာလ တွေ့ရှိချက်များအရတော့ အိုမီခရွန်ကြောင့် ရောဂါပြင်းထန်သူရှားသည်။ သို့ပေမယ့် အခိုင်အမာ တွေ့ရှိထားချက်တွေတော့ မဟုတ်သေး။ စောင့်ကြည့်သုတေသနတွေ များစွာ လုပ်ကြရဦးမည်။
အခု အိုမီခရွန်အဖြစ်များနေသည့် တောင်အာဖရိကနိုင်ငံမှာက လူငယ်တွေများသည်။ ကိုဗစ်ဖြစ်ဖူးသူတွေ များသည်။ ဒါကြောင့် ရောဂါမပြင်းထန်တာလည်း ဖြစ်နိုင်သည်။ ကိုဗစ်နှင့်မထိတွေ့ဖူးသေးဘဲ အသက်ကြီးပိုင်းတွေ များသည့်ဒေသကို အိုမီခရွန်ရောက်သွားရင်တော့ အခြေအနေက တစ်မျိုးတစ်ဖုံ ဖြစ်သွားနိုင်သေးသည်။
ထို့အတွက်ကြောင့် ပညာရှင်တွေက အိုမီခရွန်ပျံ့နှံ့ရောက်ရှိသွားမည့် နေရာသစ်၊ နိုင်ငံသစ်များကို စောင့်ကြည့်နေကြသည်။ ၎င်းဒေသများမှာ အိုမီခရွန်က ဘယ်လိုပုံစံနှင့် ထွက်ပေါ်လာမလဲ ပြင်ဆင်စောင့်ကြည့်နေကြသည်။
အိုမီခရွန်က ဘယ်နိုင်ငံတွေဆီ ဆက်လက်ပျံ့နှံ့မှာလဲ
ပညာရှင်တွေကဘယ်လိုခြေရာခံကြမလဲ
ကိုဗစ်-၁၉ မျိုးကွဲတွေကို ဖော်ထုတ်ဖို့က သမားရိုးကျ ကိုဗစ်စစ်ဆေးနည်းများနှင့် စစ်ဆေးလို့မရ။ Sequencing ခေါ်သည့် မျိုးဗီဇအစီအစဉ်ဖော်ထုတ်နိုင်သည့် နည်းပညာဖြင့်သာ ကိုဗစ်မျိုးကွဲများကို ဖော်ထုတ်နိုင်သည်။ ၎င်း Sequencing နည်းပညာများကလည်း ငွေကြေးတောင့်တင်းသည့် နိုင်ငံများမှာသာ ရှိနေတတ်သည်ဖြစ်ရာ အိုမီခရွန်၏ပျံ့နှံ့မှုအစောပိုင်းကာလများမှာ ချက်ချင်းဖမ်းမိနိုင်ဖို့မလွယ်ကူလှပါ။
တချို့လမ်းညွှန်ချက်တွေမှာတော့ အသစ်တွေ့ရှိသည့် ကိုဗစ်လူနာများ၏ အနည်းဆုံး ၅ ရာခိုင်နှုန်းကို Sequencing နည်းပညာဖြင့် စစ်ဆေးနေသင့်ကြောင်း တိုက်တွန်းထားကြသည်။ ဒါမှသာ အိုမီခရွန်ကို တိုင်းပြည်အတွင်း ဝင်လာလာချင်း သိဖို့ လွယ်ကူမည်။ သို့မဟုတ်ပါက အိုမီခရွန်ဘယ်အတိုင်းအတာထိ ကမ္ဘာပတ်နေသလဲဆိုတာကို ခြေရာခံမိဖို့ အချိန်အတိုင်းအတာတစ်ခု စောင့်ဆိုင်း နေကြရပါမည်။
အိုမီခရွန်ကြောင့် နိုင်ငံဖြတ်ကျော်သွားလာမှု ကန့်သတ်တာတွေ လုပ်သင့်သလား
အိုမီခရွန်ရောက်လာမည်ကို ကာကွယ်နိုင်ရေးအတွက် နိုင်ငံပေါင်း ၅၀ ကျော်က နိုင်ငံဖြတ်ကျော်သွားလာမှုတွေကို ကန့်သတ်လိုက်သည်။ ပညာရှင်တချို့ကတော့ ထိုသို့ကန့်သတ်ခြင်းကို မနှစ်သက်ကြ။ အကြောင်းရင်းမှာ နံပါတ်(၁) အိုမီခရွန်က အခုအချိန်မှာ ကမ္ဘာပတ်ပြီးလောက်ပြီ။ ထိန်းချုပ်ဖို့မမှီနိုင်တော့ဟုဆိုသည်။ နံပါတ်(၂) ခရီးသွားလာမှု၊ ကုန်စည်စီးဆင်းမှုပိတ်ပင်ခြင်းကြောင့် အရေးကြီးသည့် ဓာတ်ခွဲခန်းသုံးပစ္စည်း ထောက်ပံ့မှုတွေ ကြန့်ကြာ သွားရသည်ဟုဆိုသည်။ နံပါတ်(၃) ကိုဗစ်အရေးသည် ကမ္ဘာ့အရေးဖြစ်သည်။
ခရီးသွားလာမှုပိတ်ပင်ခြင်းကြောင့် သုတေသနပညာရှင်များ၏ ခရီးသွားလာမှုတွေ ခက်ခဲသွားသည်။ ကိုဗစ်သုတေသန လုပ်ငန်းများကို နှောင့်နှေးစေသည်ဟု ဆိုသည်။
ကိုဗစ်ကာကွယ်ရေးအတွက် ခရီးသွားလာမှုပိတ်ပင်ခြင်း ပြုလုပ်မည်ဆိုရင် စောစီးစွာ လုပ်ဖို့လိုသည်။ လူဦးရေ သိပ်သည်းမှုများပြီး နယ်မြေခြင်း ထိစပ်နေသည့်နိုင်ငံ၊ ဒေသများမှာ ခရီးသွားလာမှု ပိတ်ပင်ခြင်းက သိပ်ပြီးမထိ
ရောက်လှဟု ဆိုသည်။ နယူးဇီလန်နှင့်သြစတြေးလျလို ရေပြင်ကြီးခြားနေသည့် နိုင်ငံများအတွက်တော့ ခရီးသွားလာမှု ပိတ်ပင်လိုက်ခြင်းက ထိရောက်မှုရှိနိုင်ပါသည်။ အခုဆိုရင် အိုမီခရွန်ကို နိုင်ငံပေါင်း ၃၀ကျော်မှာ တွေ့နေရပြီ။
ပြည်ပမှဝင်ရောက်လာသည့် ကိုဗစ်ပိုးများကို ကာကွယ်ဖို့က ခရီးသွားလာမှုကန့်သတ်ခြင်းအပြင် ပိုးရှိ၊မရှိ များများ စစ်ဆေးခြင်း၊ အနည်းဆုံးတစ်ပတ်ကြာ ကွာရန်တင်းထားရှိခြင်း စသည့်လုပ်ဆောင်ချက်များပါ ပါဝင်ပါမှ ထိရောက်လိမ့်မည်ဖြစ်ပါသည်။
Ref: HOW BAD IS OMICRON? WHAT SCIENTISTS KNOW SO FAR by Ewen Callaway & Heidi Ledford from Nature , December 9,2021