သမိုင်းဂုဏ်ဒြပ် ကြီးမြတ်သန္ဓေ တပ်မတော်(လေ)

(၇၄) နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့အကြိုဂုဏ်ပြုဆောင်းပါး

သမိုင်းဆိုသည်မှာ  မေ့ပျောက်၍ မရချန်ထား၍လည်းမဖြစ်    ဖုံးကွယ်ရန် အတွက်မူ ပို၍မလိုလားအပ်ပေ။ လူ့အဖွဲ့အစည်းတွင်  ပုဂ္ဂိုလ်ရေးအရဖြစ်စေ အစုအဝန်းအသင်း အဖွဲ့လိုက်ဖြစ်စေ ကိုယ်စီကိုယ်စီဖြစ်စဉ်  သိုင်းဝိုင်းသမိုင်းရှိနှင့် ကြပါ၏။ တကယ်တော့ ဖြတ်သန်းလာခဲ့ပြီးသည့်   အတိတ်၏ ပုံရိပ်များသည် သူ့အလိုလိုပေါင်းစပ်ပိုင်းသစ်  “သမိုင်း” အဖြစ် ဝိသေသပြုထုံးဖွဲ့ကြခြင်းပင် ဖြစ်သည်။ ကောင်းခြင်းသည် လည်းကောင်း၊ ဆိုးခြင်းသည်လည်းကောင်း  ပြကတေ့အတိုင်း ဆုံမှတ်တွင်  အမှန်တရား၌ ရပ်တည်ကာ  မှတ်တမ်းအဖြစ် ကျန်ရစ်ပေလိမ့်မည်။

၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စတင်မွေးဖွားလာသည့် တပ်မတော်(လေ)သည်  သမိုင်းစဉ်လာသဘောအရ ယနေ့ဆိုလျှင်    (၇၄)နှစ်တိုင်အောင် ရှည်လျားသော   နှစ်အပိုင်းအခြားကို ပိုင်ဆိုင် ထားနိုင်ခဲ့လေပြီ ဆိုတော့  ယခုကာလပစ္စက္ခသည် စိန်ရတုအကြိုသမိုင်းနှစ်၊ ခေတ်အပိုင်းသို့ရောက်ခဲ့ပြီဟု ဆိုရပေလိမ့်မည်။   စင်စစ်လူမျိုးအတွက်နိုင်ငံနှင့်ချီကာ၊  ခက်ခဲကြမ်းတမ်းသော ခရီးရှည်ကြီးကို   ချီတက်ဖြတ်သန်း တံခွန်ထူနိုင်ခဲ့ပြီဖြစ်၏။ ကောင်းမြတ်သည့် အတ္ထုပ္ပတ္တိနှင့်   မြင့်မားသောဥပဓိကို ယုံယုံကြည်ကြည်ရဲရဲရင့်ရင့် တည်ဆောက်နိုင်ခဲ့သည်ဟု ဆိုရပေလိမ့်မည်။ စသည် စသည်တို့အတွက် လေတပ်တော်ဂုဏ်ရည်ချင်း ဝင်းလက်ခဲ့သည်။ ပေးဆပ်ရင်းနှီးမှုများကဖြင့် အယူအပေးအသွေးအသက်၊ စစ်လက်နက်ပစ္စည်းများစွာ ဖြစ်သည်။ သို့သော်  ပြည်ထောင်စုအကျိုးတန်ဖိုးကြီးပါ၏။ “Sky is the Limit” တဲ့၊ “တက်နိုင်”  သည့်စွမ်းရည်ကြောင့် အခေါင်အဖျားရောက်ခဲ့ပြီဟု ဆိုနိုင်ပါ၏။

တပ်မတော်(လေ)အခြေခံမှာ လေကြောင်းပညာရပ်ဖြစ်ပြီး၊ အဓိကမောင်းနှင်အားမှာ “ပျံသန်းရေး” အတတ်ပညာဖြစ်၏။ ကန်ရေပြင်နှယ် တည်တည်ငြိမ်ငြိမ်သမားရိုးကျ ပုံစံမဟုတ်ပေ။ မိုးသီးဗြောင်းဆန်၊ လေထန်လှိုင်းပုတ်အလှုပ်အခတ်နှင့် မပြတ်ရှိနေသည့် ပင်လယ်ပြင်ကဲ့သို့ဟု ပုံခိုင်းစကားဆိုချင်ပါသည်။ ခေတ်သိပ္ပံပညာနှင့် စက်မှုနည်းပညာပိုင်းတို့၏ ပွတ်တိုက်မှု၊ စစ်လက်နက်စွမ်းရည်ပိုင်း အနိမ့်အမြင့်အားပြိုင်မှု၊ ယင်းအတို့အထိ၊  အပူးအခွာ၊ အရွေ့အတွန်း များကြားတွင် စီးမျောလိုက်ပါရင်းမှထိုးထွက်၊ တိုးတက်ရန် အစဉ်ကြိုးပမ်းနေရပေမည်။

မိုးကုပ်စက်ဝိုင်း၏ ခြုံလွှာကောင်းကင်ပြာသည် တပ်မတော်(လေ)၏ ဖွားဘက်တော်ဟုပင် ပြောရပေလိမ့်မည်။ ဤကောင်းကင်ပြာကြီးသည်ပင်လျှင် တစ်ခါတစ်ခါလေ့ကျင့်ရေးကွင်း ဖြစ်သကဲ့သို့ တစ်ခါတရံတွင်မူ “စစ်နယ်ရပ်ခွင် ထိုးစစ်ဆင်ရာရပ်ဝန်း” ဖြစ်နေပြန်၏။ လေတပ်ဖွဲ့စစ်နည်းဗျူဟာအရကြည့်လျှင် ဆက်နွှယ်မှုမှသည် သက်ရောက်မှုသဘောတရားတို့၏  ပဉ္စလက်ဆန်သော   စေစားမှုပင်။ ဤကောင်းကင်ပြာကြီး ရှိနေသမျှ အရာရာပြီးမြောက်စေနိုင်သည့်  စွမ်းရည်ပိုင်ဆိုင်ထားသည်ကတော့    အမှန်ဖြစ်၏။ သမိုင်းအရှိ ပကတိအနေမှသည် သီအိုရီအပြင် အသိနှင့်လည်း ပြန်ကြည့်သောအခါ လေကြောင်းကဏ္ဍ အစပြုသည်မှသမိုင်းပုံရိပ်များသည် ပန်းဝင်္ကပါစကြာမှန်ပြောင်းလှည့်သလို  စူးစမ်းအသိတွင် တရိပ်ရိပ် မြင်ရှိ တွေ့သိလာပေလိမ့်မည်။

ငှက်များ၏အလေ့အထသုတေသနပြုခြင်း၊  လေယာဉ်တည်ဆောက်ခြင်း၊ စက်မှုစနစ်နှင့်လေကြောင်းပညာ၊ ပျံသန်းမှုလုပ်ငန်းအဆင့်ဆင့်၊  စက်မှုစွမ်းရည် အဆင့်မြင့်လာခြင်း၊ အာကာသနှင့်စကြဝဠာတိုင်လှမ်းယှဉ်မှု၊  ကာကွယ်ရေး လေတပ်ဖွဲ့များစသည်ဖြင့် နိုင်ငံတကာတွင် ပညာရပ်များ ကျယ်ပြန့်ဆန့်ထွက်လာခဲ့သည်။ ရာစုနှစ်များ ကျော်လွှားခဲ့ပြီဖြစ်၍  ယနေ့ဆိုလျှင်  ပညာခေတ်မြင်ကွင်းနှင့် ဂျက်အင်ဂျင်စနစ်၊ မောင်းသူမဲ့လေယာဉ်၊   ထို့ထက်မကဆန်းစစ်ရန် အားယူလာနေပြီဖြစ်သည်။ လေကြောင်းလူမှု အဖွဲ့အစည်းများမှသည် ကာကွယ်ရေး အင်အားစုကြီးများတွင် လေကြောင်းပညာရပ်ကို ထဲထဲဝင်ဝင် အသုံးချစွမ်းရည် မြှင့်တင်လာခဲ့ကြသည်ကတော့ အမှန်ပင်ဖြစ်၏။

လေကြောင်းပညာလေကြောင်းသမိုင်းတွင်   လူသားမျိုးနွယ်အဆက်ဆက် နှစ်ပေါင်းများစွာ လေ့လာဆန်းစစ် သုတေသနပြုခြင်း ဟူသည့် လက်ဆင့်ကမ်းမှု “ဘက်စုံ” များနှင့်   နှောင်တွဲရစ် ချည်ဆန်တက်နေသည်ကို တွေ့ရပါ၏။ ထူးချွန်ထက်မြက်သည့်  လူ့စွမ်းအားရင်းမြစ် ကွင်းဆက်များသည် ရလဒ်ကောင်းများကို ဖြစ်စေသည် မဟုတ်ပါလား။ ရှေးဦးဆုံး လေယာဉ်တီထွင်သူမှာ  အင်္ဂလိပ်လူမျိုး အင်ဂျင်နီယာ “အော်တိုလီလီယမ်သယ်” ဆိုသူဖြစ်၏။ နှစ်ပေါင်းနှစ်ဆယ်ကျော်မျှ ငှက်တို့၏ သဘာဝသွင်ပြင်လက္ခဏာများကို ပုံကြမ်းများအမျိုးမျိုးရာနှင့် ချီကာရေးဆွဲလေ့လာခြင်း၊ စဉ်ဆက်မပြတ်စူးစမ်း သုံးသပ်သုတေသန ပြုခြင်းတို့ကြောင့် “ငှက်လူသား” ဟု အခေါ်ခံခဲ့ရသည်။

၁၈၉၁ ခုနှစ်တွင် စက်မဲ့လေယာဉ်(ဂလိုက်တာ)ကိုတီထွင်နိုင်ခဲ့သည်။ လက်ဆင့်ကမ်းခဲ့သူများမှာ ရိုက်ညီနောင်ဖြစ်၏။ ရိုက်ညီနောင်သည် လေယာဉ် အင်ဂျင်ကို ၅ နှစ်ကြာ တည်ဆောက်ခဲ့ကြပြီး၊ ၁၉၀၀ ပြည့်နှစ်တွင် စက်မဲ့လေယာဉ်ကို တည်ဆောက်နိုင်ခဲ့သည်။ ထိုမှ ၂ နှစ်အကြာတွင် တောင်ပံနှစ်ထပ် (ဓာတ်ဆီအင်ဂျင်သုံး)     လေယာဉ်ကိုတီထွင်ပြီးမြောက်ခဲ့သည်။  ထိုမှတစ်ဆက်တည်း ၁၉၀၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ခရီးသည်တင်လေယာဉ်ဖြစ်လာပြီး ပျံသန်းမှုစတင်ပြုလုပ်နိုင်ခဲ့သည်။ ၁၉၀၅ ခုနှစ်တွင် ၂၅ မိုင်ထိပျံသန်းနိုင်ရာမှ ၁၉၀၈ ခုနှစ်တွင် ၅၁ မိုင်၊ ၁၉၁၈ ခုနှစ် ရောက်သောအခါ ၈ ရက်အတွင်း မိုင်ပေါင်း ၁၅၀၀၀ ထိ ပျံသန်းလာနိုင်ခဲ့ကြောင်း တွေ့ရှိရပေမည်။

ဤသည်မှာ  အခက်အခဲများကို ကျော်လွှားရင်း   ကြံ့ခိုင်သောစိတ်ဓာတ်၊ မလျှော့သောလုံ့လဖြင့် ကြိုးစားခဲ့သူများဖြစ်သဖြင့် တီထွင်ကြံဆမှုများ အောင်မြင်ခဲ့ခြင်း ဖြစ်သည်ကို  တွေ့ရှိရပါသည်။ အောင်မြင်မှုလေးများသည် တစ်စတစ်စ တိုးတက်ဆန်းသစ်လာခြင်းနှင့်အတူ ယနေ့ခေတ်မီတိုးတက်သော လေယာဉ်ကြီးများနှင့် စစ်ဘက်ဆိုင်ရာ တိုက်လေယာဉ်အမျိုးမျိုးဖြစ်တည်လာသည်အထိ မြင့်တက်လာခဲ့သည်မဟုတ်ပါလား။ တကယ်တော့ ကြောင်းကျိုးဆက်နွှယ်မှု ကွန်ရက်တွင်းမှ လေကြောင်းပညာ၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ခဲ့သဖြင့် လူ့အဖွဲ့အစည်းအတွက် အကျိုးများစေခဲ့ပါသည်။

တပ်မတော်(လေ)သမိုင်းကိုကြည့်လျှင် လေကြောင်းပညာရပ်သည် ကိုလိုနီနယ်ချဲ့လက်အောက်ခံအစ ၁၉၃၄ ခုနှစ်၊ ဧပြီလတွင် “ရန်ကုန်လေယာဉ်မောင်းကလပ်” စတင်ဖွင့်လှစ်ခဲ့ခြင်းက အခြေခံခဲ့သည်ဟု ဆိုရပေမည်။  ပညာရပ်တစ်ခုအနေဖြင့် စိတ်ပါဝင်စားသူများခဲ့သည်။   ၁၉၄၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဗမာ့အပျော်တမ်းလေတပ် (BVAU)အစုအဖွဲ့၊ ၁၉၄၁ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင်(BVAF)တပ်ဖွဲ့ စသည်ဖြင့် ဖွဲ့စည်းခဲ့သည်။ စတင်ဖွဲ့စည်းစဉ်က စစ်လက်ကျန် တိုက်ဂါးမော့သ်တွင် အော်တာအောက်စဖို့ လေယာဉ်အနည်းငယ် ပါဝင်ခဲ့ကြောင်း သိရပါသည်။ ထိုမှဆက်၍ ၁၉၄၇ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် စနစ်တကျဖွဲ့စည်းပုံနှင့် တပ်မတော်(လေ)အဖြစ် ခိုင်ခိုင်မာမာ ပေါ်ပေါက်ဖြစ်တည်လာခဲ့ခြင်း ဖြစ်ပါ၏။ လာခြင်းကောင်းပါသည်။

တပ်မတော်(လေ)စတင်ဖွဲ့စည်းစဉ်က အသုံးပြုခဲ့သည့် ဆောင်ပုဒ်မှာ “သေမြေကြီး၊ ရှင်ရွှေထီး” ဖြစ်၏။ ၁၉၄၇ ခုနှစ်မှ ၁၉၅၇ ခုနှစ်ထိ  အသုံးပြုခဲ့ပါသည်။ ၁၉၅၇ မှ ယနေ့ထိ အသုံးပြုနေသည့် ဆောင်ပုဒ်မှာ  “တက်နိုင်ဖျားရောက်” ဖြစ်သည်။   ဆောင်ပုဒ်နှစ်ခုလုံးသည် တွန်းအားကြီးတစ်ရပ်၊ အလင်းတန်းကြီး တစ်ခုသဖွယ် ဇွဲမာန်နှင့်အနှစ်သာရပြည့်လှပါသည်။ သို့သော် ဒုတိယဆောင်ပုဒ်တွင် “နိုင်” ဆိုသည့် စကားလုံးလေးတစ်လုံးထည့်သွင်းသုံးနှုန်းထားမှုသည် စိန်ခေါ်ခြင်းနှင့် လုံ့လဝီရိယကို ဆွဲဆန့်ခြင်းကဲ့သို့ ဖြစ်စေပြီး ယင်းကြောင့်ဖြစ်တည်လာသောခွန်အားသည် ကြီးစွာသောစွမ်းရည်ကို ဖြစ်စေကြောင်း ညွှန်းပြုထားသည်သို့ခံစားမိပါသည်။ စင်စစ် “သန္နိဋ္ဌာန်စိတ်” ကို ဖော်ကျူးစိုက်ထူလိုက်သည့် ကမ္ပည်းမှတ်တိုင်များသာတည်း။

ဤနေရာတွင် ပမာပုံခိုင်းနှိုင်းညှိစရာရှိလာပါသည်။   ငှက်တို့၏သဘာဝကို ပဓာနပြုကာ တုပတွဲယှဉ် တီထွင်ခဲ့ခြင်းဖြင့် စက်လေယာဉ်များဖြစ်တည်လာသည်ဟု ဆိုကြသည်။ မှန်သောသစ္စာစကားပင်။ ငှက်တို့တွင် “လင်းယုန်ငှက်သည်” ငှက်မျိုးစိတ်တို့၏ အကြီးအမှူးဟု ဆိုနိုင်ပါ၏။ သန်မာခြင်း၊ ခွန်အားကြီးခြင်းနှင့် ရန်အပေါင်းကို ဖြိုခွင်းနိုင်သည့် စွမ်းရည်ပြည့်ဝပြည့်စုံခြင်းတို့သည် ၎င်း၏အထူးခြားဆုံးသော သွင်ပြင်လက္ခဏာ များပင်တည်း။ သားကောင်ကိုထိုးသုတ်ချုပ်နှောင်ခြင်း ပြုရာတွင် တိကျမှုနှင့် လျင်မြန်မှုတို့မှာ ထိပ်ဆုံးမှာ ရှိနေပါ၏။ ဇွဲမာန်ကြီးသည့် “သန္နိဋ္ဌာန်စိတ်”ပင်။ ထို့အတူ လေယာဉ်အမျိုးအစားများစွာ အနက်တိုက် လေယာဉ်များ ဖန်တီးတည်ဆောက်ထားသည်မှာ  ဤနမူနာ ဤစံနှုန်းအတိုင်းဟု ဆိုချင်ပါသည်။ တိုက်လေသူရဲများအပိုင်းကိုလည်း ကြည့်ပါ။ စွန့်လွှတ်စွန့်စား နှလုံးသားတွင် ဤပုံစံအတိုင်း ထွင်းထုယုံကြည် နေပေလိမ့်မည်။ ခုံမင်စိမ့်ဝင်နေပေလိမ့်မည်။ တပ်မတော်(လေ)၏ သမိုင်းအရှိကို အသိနှင့်ယှဉ် မြင်ကြည့်သောအခါ တိုက်စွမ်းရည်ပိုင်းမှာလည်း ဤမူအတိုင်းမျှညီနေ၏။ ထိုအခါ စာရေးသူသည် ဤနှလုံးသားထပ်တူမျှ၍ ကဗျာလေးတစ်ပုဒ်နှယ် ထင်သာမြင်သာ သက်ဝင်ခံစားမိလာပါသည်-

-        လေစုန်/ဆန် အဟုန်ပြင်း

          လင်းယုန်ငှက် ပုံသဏ္ဌာန်။

-        ရွှေတောင်ပံ ချွန်နှုတ်သီး

          ခြေသည်းမာသန်။

-        အထိုးအသုတ်ရယ်နဲ့

          အဖမ်း အချုပ် လျင်မြန်။

          အားမာန်ဖွဲ့ စွမ်းအား။

-        မိုးယံမှာ အောင်လံထူပြီကွယ့်

          စံနမူသည် အတ္ထုပ္ပတ္တိကို

          မြတ်မော်အနေ အစဉ်လာထိန်းလို့

          တပ်မတော်(လေ) ရင်မှာသိမ်း

          ကိန်းဝပ်စေသား။  ။

တကယ်လည်း တပ်မတော်(လေ)သည် လင်းယုန်၏မာန်၊ နှလုံးသားသန္ဓေမှန်နှင့် အားမောင်းသန်ခဲ့သည်။ အားမောင်းမှသည် အားမာန်ဖွဲ့စွမ်းရည် ဖြစ်တည်ခဲ့၏။ ကာကွယ်ရေးလက်ရုံး၊  နိုင်ငံ့လက်ရုံး ဖြစ်လာခဲ့သည်။ စွမ်းရည်ပိုင်းတွင် မာကြောသည့် စိတ်ဓာတ်၊ အဆင့်အတန်းပိုင်းတွင် လေကြောင်းသိပ္ပံနှင့် စက်မှုနည်းပညာ၊ ဤအကြောင်းခြင်းရာ နှစ်ရပ်၏ လွန်ဦး နှောင်ရစ်ခြင်းမှသည် ဆန်းသစ်မှုအကျိုးတရားဟူသည့်  တန်ဖိုးကိုဖြစ်စေတန်ရာ၏။ တကယ်တော့ ထက်မြက်ခြင်းနှင့် စွန့်စားခြင်းတို့သည် မြင့်မားခြင်းကို ဖြစ်စေပြီး၊  တိုးတက်မှုစာမျက်နှာသစ်ကို အမှန်ပင် ဖွင့်လှစ်နိုင်ပေလိမ့်မည်။ စင်စစ်တပ်မတော်(လေ)သည် ဖြတ်သန်းလာခဲ့သည့် (၇၄)နှစ် စစ်ခရီးကြမ်း၏ အထိအတွေ့ အတွန်းအတိုက်များကို တုံ့ပြန်ရင်းမှ   ရွှန်းလက်တောက်ပလာသည့် အရည်အသွေးများကို ပိုင်ဆိုင်လာခဲ့သည် မဟုတ်ပါလား။

ကြည့်လေ လွန်ခဲ့သော (၇၄)နှစ်တို့မှာ ဖြစ်ပါသည်။ ယင်းကာလ သမိုင်းနောက်ခံသည် မတည်ငြိမ်၊  စနစ်မုန်တိုင်းခေတ် မုန်တိုင်းဝင်စ ၁၉၄၇ ဇူလိုင် ၁၉ ရက်တွင် နိုင်ငံခေါင်းဆောင် အာဇာနည်ကြီးများ ကျဆုံးခဲ့သည်။ ထိုမှ ၄ လနှင့် ၁၆ ရက် အကြာတွင်  တပ်မတော်(လေ)  ပေါ်ထွက်ခဲ့သည်။   ခေတ်၏   အချိုးအကွေ့ အဝိုက်အထစ်များကား ဆန်းကြယ်လှပါ၏။ တပ်မတော်(လေ)ပေါ်ထွက်ခဲ့ပြီး ရက်ပေါင်း  ၂၀   ပြည့်မြောက်သည့် ၁၉၄၈  ဇန်နဝါရီလ  ၄  ရက်နေ့တွင် လွတ်လပ်ရေးရခဲ့ပါသည်။ အကျိုးဆက် တစ်ခုဟုပြောလို၏ ပြောနိုင်၏။ အမြင်မကြည်သည့် နိုင်ငံရေးပါတီအချို့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ထိုနှစ် မတ်၊ ဇူလိုင်၊ သြဂုတ်လနှင့် စက်တင်ဘာလ တို့တွင် ဆက်တိုက်ဆိုသလို တောခိုကာ ရောင်စုံသောင်းကျန်းသူများ ဖြစ်ပေါ်လာ၏။ ပြည်တွင်းစစ်မီးတောက်ကြီး အစပြုခဲ့လေပြီ။ လွတ်လပ်ရေးပန်းပွင့်စ ဒီမိုကရေစီ အခင်းအကျင်းက ဖရိုဖရဲ၊ နိုင်ငံရေးပါတီများက အကွဲအပြဲ၊ ပြည်ထောင်စုရှေးခရီးက လမ်းပျောက်စရာ၊ အဆင်းအတက် အပြင်းအခက်များဖြင့် သွေးပျက်ခမန်း ရင်ဆိုင်ခဲ့ရပေသည်။ တပ်မတော်(လေ)သက်တမ်းမှာ ၃ လသာသာခန့်သာရှိသေး၏။ နိုင်ငံတော် အင်အားချည့်နဲ့မှုကြောင့် ပြည်ပနိုင်ငံများက “ရန်ကုန်အစိုးရ” ဟု လှောင်ပြောင်ခေါ်နေချိန်  တပ်မတော်(လေ)သည်  တပ်မတော်(ကြည်း)နှင့် ကျောချင်းကပ်ကာ  ကာကွယ်တွန်းလှန် ခဲ့ရသည်။ ၁၉၄၈ မှ ၁၉၅၀ ပြည့်နှစ်အတွင်း အဆိုးရွားဆုံးသော သောင်းကျန်းမှုဒဏ်ကို ကြံ့ကြံ့ခံ ကာကွယ်ခဲ့ရပါသည်။

ထိုကာလအတွင်းမှာပင် ၁၉၄၉ ခုနှစ်ကတည်းက ကျူးကျော်စပြုလာခဲ့သည့် ပြည်ပ ကူမင်တန်တပ်များသည်  ၁၉၅၀ တွင်  ရှမ်းအရှေ့ပိုင်းမြို့များကို သိမ်းသည် အထိ အင်အားကြီးလာခဲ့သည်။ ၁၉၅၃ သို့ရောက်သောအခါ နယ်ပယ်ချဲ့အခိုင်အမာ ပြုလာသည်။ ယင်းကိစ္စ ကုလသမဂ္ဂသို့ တိုင်ကြားရုံမျှဖြင့်   မလုံလောက်တော့။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေးမူကို ကိုင်စွဲကာ တရားသောစစ်ပွဲကို ဦးတည်ခဲ့ရပေတော့သည်။ ၁၉၅၃ မတ်လတွင် မဟာစစ်ဆင်ရေး၊ မတ်လနှင့်ဧပြီလတွင် နဂါးနိုင်စစ်ဆင်ရေး၊ ၁၉၅၄ မတ် ၂ ရက်နေ့တွင် ဘုရင့်နောင်စစ်ဆင်ရေး၊ ၁၉၆၀ ဒီဇင်ဘာ  ၃၀ တွင် မဲခေါင်စစ်ဆင်ရေးစသည်ဖြင့် စစ်ဆင်ရေးကြီးများ ဆင်နွှဲကာ ခက်ခက်ခဲခဲ ပြင်းပြင်းထန်ထန် တွန်းလှန်ခဲ့ရသည်။ တပ်မတော်(လေ)မှ လေယာဉ်များဖြင့် လေကြောင်းအကူပါဝင်ခဲ့ရပါ၏။ ချိစ်မန့်၊ ပရိုပိုစ်၊ ဗင်ပါယာ၊ စပစ်ဖိုင်းယား၊ ဘဲလ် (၄၇- G)၊ ဗာတော့ ရဟတ်ယာဉ်စသည်ဖြင့် လေယာဉ်များ ပါဝင်ခဲ့ပြီး လေယာဉ်သစ်များ ဝယ်ယူ ၍လည်း အားဖြည့်တင်းမှုများ ပြုလုပ်ခဲ့ရပါသည်။ 

၁၉၅၀ မှ ၁၉၅၆ အတွင်း ပြည်တွင်းသောင်းကျန်းသူများ၏  အရှိန်အဟုန် အနည်းငယ်အားလျော့သလို ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ခေါင်းထောင် လာကာ အင်အားများလာခဲ့ပြန်သည်။ စစ်ဆင်ရေးများစွာ၊   တိုက်ပွဲများစွာဖြင့် ရေရှည်စစ်ပွဲအသွင် အကြိမ်ကြိမ် နှိမ်နင်းခဲ့ရသည်။   အောင်သီဟစစ်ဆင်ရေး၊ ဟိုက်ကမ်းပါးတိုက်ပွဲ၊ ကွမ်းလုံရက် ၄၀၊ ထော်ပိုင်စစ်ဆင်ရေး၊ အောင်စိုးမိုး၊ အောင်တံခွန်၊  အောင်သံလွင်၊  ရဲရန်အောင်၊ ရွှေလင်းယုန်စသည့်  စစ်ဆင်ရေးများ၊ စီစီဝမ်တာပန်၊ ပါဂျိုနားဖော့၊ မိုင်းယန်း၊ မဲသဝေါ အစရှိသည့် စစ်ဆင်ရေးများတွင် တပ်မတော်(ကြည်း)နှင့်တွဲကာ တပ်မတော်(လေ) တိုက်ပွဲဝင်ခဲ့ရပါသည်။ စစ်ဆင်ရေးများခဲ့ပြီး ပေးဆပ်မှုများ နှစ်ပေါင်းရှည်ကြာများခဲ့ပါ၏။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင်လည်း တပ်မတော်(လေ)သည် အမျိုးသားရေး လှုပ်ရှားမှု တာဝန်တစ်ရပ် အနေဖြင့် ပါဝင်ခဲ့ရပါသည်။ ပန်ပိစစ်ဆင်ရေး (၁၉၇၅)၊ မဲလုံးစစ်ဆင်ရေးနှင့် ဇင်နူးစစ်ဆင်ရေး (၁၉၇၆)၊  မိုးဟိန်းစစ်ဆင်ရေး(၁၉၇၆ နောက်ပိုင်း)၊ တောင်ရန်ရှင်းစစ်ဆင်ရေး (၁၉၈၄ နှင့်နောက်ပိုင်း) ၊ ငရဲပန်းစစ်ဆင်ရေး၊ ဘိန်းခင်းများနှင့် ဘိန်းချက်စခန်းများ ဖျက်ဆီးရန်အပြင် ဘိန်းဓားပြများ ချေမှုန်းရန်အတွက်လည်း  ဆောင်ရွက်ရခြင်း ဖြစ်ပါသည်။

တပ်မတော်သည်   နိုင်ငံတော်ကို အကြိမ်ကြိမ်ကာကွယ်ခဲ့ရပေသည်။  သမိုင်း သည်မပြီးဆုံးသေး။   အပြုနှင့်အဖျက် လွန်ဆွဲမှုက ရှိနေဆဲ၊ တပ်မတော်(လေ)သည် ပြည်ထောင်စုကို နှစ်ပေါင်းရှည်ကြာ နိုင်ငံရေး အကြပ်အတည်းနှင့်  ပြည်ပပြည်တွင်းစစ်ကာလ  ယန္တရားကြီး၏ မျိုဝါးမှုဘေးမှ လွတ်ကင်းအောင် ကာကွယ်စောင့်ရှောက်ရာတွင် ပါဝင်ခဲ့သည်။ တာဝန်ကျေခဲ့သည်။  ယင်းအထိအတွေ့များကို ဆယ်စုနှစ်များစွာ ရင်ဆိုင်လာရင်းမှ မီးနာသည့် သံကောင်းပီပီ အသွားထက်သည့် ဓားကောင်းတစ်လက်ဖြစ်ခဲ့လေပြီ။ စစ်နယ်ရပ်ဝန်းတစ်ခွင် စွန့်လွှတ်စွန့်စား တိုက်လေသူရဲကောင်းများ ပေါ်ထွက်လာခဲ့သည်။ “သူရဲကောင်းဟူသည်  စစ်မြေတွင် မှတ်ကျောက်တင်၏”တဲ့ ဆိုထုံးစကား တစ်ခုရှိနှင့်ပါသည်။ တပ်မတော်(လေ)အတွက်မူ  မိုးပြာကောင်းကင် စစ်နယ်ခွင်ပေါ့ ။  လက်ရုံးတပ်အဖြစ် တပ်မတော်(လေ)သည်  အင်အားနည်းကောင်း နည်းပါလိမ့်မည်။ ရဲစွမ်းသတ္တိအရာ၌မူ သွေးသတ္တိမနည်းလှကြောင်း တွေ့ရပေလိမ့်မည်။ ယနေ့ကာလတိုင် စွမ်းရည်ဘွဲ့တံဆိပ် ရရှိသူစာရင်းတွင် သီဟသူရဘွဲ့ ၁ ဦး၊ သူရဘွဲ့ ၂၅ ဦး၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်ရရှိသူများလှကြောင်း တွေ့ရှိရပေသည်။ စွမ်းရည်ဘွဲ့ရရှိသူများမှာ ထူးခြားသူများဖြစ်၍ ဂုဏ်ဒြပ်ကြီးလှပါ၏။ ပို၍ထူးခြားသည်မှာ   စွမ်းရည်ဘွဲ့ရရှိသူများတွင် နှစ်ကြိမ်ရရှိသူ ၂ ဦးကို တွေ့ရှိရခြင်းပင်။ လေသူရဲအရာရှိများဖြစ်သည့်  ဗိုလ်မှူး သူရသီဟသူရအောင်မြတ် ( ၁၉၅၀/၁၉၆၁) နှင့် ဗိုလ်မှူး ထပ်ဆင့်သူရခင်မောင်စော (၁၉၇၃/၁၉၇၈) တို့ဖြစ်၏။ ပြောင်မြောက်သော သတ္တိသွေးနှင့် တပ်မတော်(လေ)ဂုဏ် အရည်အချင်းလင်း လက်စေခဲ့သူများအဖြစ် မော်ကွန်းထူနိုင်ခဲ့လေပြီ။

သူရဲကောင်းတို့သမိုင်းကား လေးစားဂုဏ်ယူစရာကောင်းလှပါ၏။ လေကြောင်း စွမ်းရည်သည်  စွမ်းရည်တကာ တို့တွင် အကြီးမားဆုံးသော စွမ်းရည်ဖြစ်သည် ဟူသောအဆိုကို လက်ခံလျှင် ယင်းစွမ်းရည်၏ အဓိက သော့ချက်မှာ လေသူရဲများပင် ဖြစ်သည်ကို လက်ခံရပေလိမ့်မည်။ စစ်သူရဲကောင်းတို့မည်သည် လူတိုင်းလုပ်နိုင်ခဲ့သည့်အလုပ်ကို လုပ်နိုင်စွမ်းရှိကြပါ၏။

နိုင်ငံအတွက် ကိုယ်နှင့်စပ်၍ နောက်ဆုံးထွက်သက်တိုင် ပေးဆပ်စွန့်လွှတ်သူများ ဖြစ်ကြပါသည်။ 

တပ်မတော်(လေ)သည် အသက်ကိုရင်း သွေးကိုခင်း၍  သေမင်းနှင့်ဆိုင်  သတ္တိပြိုင်ကာ “သမိုင်းဝင်စာမော်ကွန်း” ရေးထိုးခဲ့ကြသည့် နောင်တော်နောင်တော် “တိုက်လေသူရဲကောင်း” တို့၏ နှလုံးသားဝိညာဉ်များ ထွေးပိုက်လွှမ်းမိုးနေဆဲဖြစ်၏။  အစဉ်အလေးပြု ဦးညွှတ်ရပါ၏။ သူတို့၏ “သစ္စာသွေးပန္နက်”  ခံယူချက်ကိုလည်း လေးစားပါ၏။ တကယ်တော့ သူတို့သည် မိမိနှင့် မိမိပါဝင်မည့် အဖွဲ့အစည်းသမိုင်းကို အလှဆုံးဖြစ်အောင် ခြယ်မှုန်းခဲ့ကြသူများသာတည်း။

ယနေ့ဆိုလျှင် တပ်မတော်(လေ)သည် မြန်မာ့ကာကွယ်ရေး သမိုင်းတံတားကြီး တစ်ခုအဖြစ် ပါဝင်ရပ်တည် လာနိုင်လေပြီ။ အလွန်မြင့်မားလာနေပြီဖြစ်သည့် လေကြောင်းစွမ်းရည်ကိုမီအောင်  ဆုပ်ကိုင်ရန်မှာ လေယာဉ်/ရဟတ်ယာဉ် စက်မှုပိုင်းဆိုင်ရာ ပညာရှင်များအပိုင်း၊ ပျံသန်းရေး ထူးချွန်သည့် လေသူရဲများအပိုင်း စီကာစဉ်ကာ အလေးထားရပေသည်။ ဟန်ချက်ညီညီဆောင်ရွက်လာရသည်။ တပ်မတော် (လေ)၏ လေကြောင်းပညာရပ်တို့ဆုံရာ ဗဟိုချက်ကား မိတ္ထီလာမြို့ကလေးပင်တည်း။ ပြည်တွင်းသင်တန်းကျောင်းဖြင့် အရှိန်မြှင့်ထူးဆဲ၊  ဌာနချုပ်/စခန်း/အုပ်/တပ်များကို တိုးချဲ့ဖွဲ့စည်းခြင်း၊ တပ်တော်ဝင်အခမ်းအနားများဖြင့် လေယာဉ်/ရဟတ်ယာဉ်များ ဝယ်ယူဖြည့်တင်းလွှဲပြောင်းခြင်းများဖြင့် စီမံခန့်ခွဲမှုများ ရှိလာနေပြီဖြစ်၏။ တစ်ခေတ်ဆန်းစေသည့်  အမျိုးသမီးလေသူရဲများလည်း မွေးထုတ်ပေးလာနိုင်ပြီဖြစ်၏။

စင်စစ်တပ်မတော်(လေ)သည် လှပသော သမိုင်းကို ပိုင်ဆိုင် ထားနိုင်ခဲ့ပြီဟု ဆိုရပေမည်။ ဤသမိုင်းကို  ပစ္စုပ္ပန်နှင့် မျှညီယူကာ အနာဂတ်တိုင် ယူဆောင်သွားပေလိမ့်မည်။ ထို့အတူ တပ်မတော်(လေ)၏ တည်မှီရာ မြန်မာ့တပ်မတော် အစုအဝန်းကြီး တစ်ခုလုံးမှာလည်း သမိုင်းအလှတရားတို့ဖြင့် ပြည့်စုံထုံမွမ်းနေပါသည်။ ပြည်ထောင်စုအတွက် မပြီးဆုံးသေးသည့် ခရီးလမ်းကို ဆက်၍ ဆက်ကာချီတက်နိုင်ပါစေကြောင်း ဆုမွန်တောင်းလျက် ဂုဏ်ပြုတင်ပြအပ်ပါသည်။    ။

မောင်လတ်(ကမ်းရိုးတန်း)