လက်တွေ့အသုံးချဆေးနည်းတို (ဆေးမြီးတို)များ(၁၅၆)

မေး။ ။  မင်္ဂလာပါဆရာ။  ကျွန်တော့်အမေရဲ့အသက် ၅၀ မှာ အမောရောဂါရှိပါတယ်။ ဆရာဝန်ပြတော့ ဓာတ်မှန်ရိုက်ပြီး  နှလုံးကြီးရောဂါလို့ ပြောပါတယ်။ ဆေးတွေစားနေပေမယ့် မောနေလို့ ဆေးနည်းလေးသိရင် ပြောပြပေးပါအုံးဆရာ။

ဖြေ။ ။  နှလုံးအားနည်းရောဂါ၊  နှလုံးကြီးအမောရောဂါမှာ အနေအထိုင်အစားအသောက်၊ ဆေးဝါးအလုံးစုံ ဂရုစိုက်နိုင်မှ သက်သာသော ရောဂါမျိုး ဖြစ်ပါတယ်။ ကြီးတဲ့နှလုံးက အဆုတ်တစ်ခြမ်းကို ဖိတော့ အသက်ရှူမဝတော့ မောလာတာ ဖြစ်ပါတယ်။ နှလုံးကြီးလျှင် အနေအထိုင် သတိပြုရန်မှာ အအေးမပတ်အောင် နေထိုင်ဖို့လိုပါတယ်။  လေတိုက်မခံရပါ။ သို့သော် လေလုံသော အခန်းများတွင် နေလျှင်လည်း အသက်ရှူကျပ် လာတတ်သဖြင့် လေဝင်လေထွက် မျှတသော အခန်းမှာနေပါ။ နံနက်ခင်းနေရောင်ခြည်ဝင်သော နေရာဖြစ်လျှင်ပိုကောင်းပါသည်။ အစားအသောက်မှာ  အဆီများသောအစာ၊ အချိုအဆိမ့်လွန်ကဲသောအစာများ မစားရပါ။ ငံပြာရည်နှင့် ငါးပိရည်ကဲ့သို့ပုပ်ငန်သော အစာများလည်းမတည့်ပါ။ ဆေးနည်း - (အာယုဗေဒ ဆေးကျမ်းပါနည်း) ဗောဓိညောင်အခေါက်ကို အမှုန့်ကြိတ်ပြီး ပျားရည်နဲ့တေစားရပါတယ်။ တစ်ကြိမ်လျှင် နှစ်ပဲသား ကော်ဖီဇွန်းသေးတစ်ဇွန်းသာစားပါ။ မြန်မာဆေးနည်းတို ဥသျှစ်သီးကင်း အခြောက်လှန်း အမှုန့်ကြိတ်ပြီး ပျားရည်နဲ့ရောစားပါ။ (တစ်နည်း) ရဲယိုသီးမှည့်ကို ပျားရည်နဲ့ခေါက် တစ်နေ့တစ်လုံးစားပါ။ နှလုံးကြီးလျှင်အဆုတ်ကို ဖိမိ၍ အသက်ရှူမဝ ဖြစ်တတ်သဖြင့် အဆုတ်အားကောင်းအောင် ကန်စွန်းရိုးနီကို မန်ကျည်းမှည့်နှင့် ချဉ်ရည်ဟင်းချက် တိုက်ပါ။ အလွန်မောလျှင် ကန်စွန်းရိုးနီပြုတ်ရည်မှာ ပျားရည်အနည်းငယ် ထည့်တိုက်ပါ။ ညအိပ်ရာဝင် ပျားရည်နှင့် ရှောက်ရည်စပ်သောက်ပါ။ ရင်ဘတ်တွင် ကရမတ်၊ နံ့သာဖြူရောသွေးလိမ်းအိပ်ပါ။ တိုင်းရင်းဆေးအမှတ်(၁၆) အပူငြိမ်းသွေးဆေးသောက်အိပ်ပါ။ အိပ်မပျော်လျှင် တိုင်းရင်းဆေး(၁၅) သည်းခြေဆေးသောက်အိပ်ပါ။ ဖရဲသီး၊ ပန်းသီး၊ လိမ္မော်သီး၊ ခါကျက်ဥဖျော်ရည်များသည် သင့်တော်သောဓာတ်စာများဖြစ်သည်။

မေး။  ။ သမီးအသက် (၃၆) နှစ်ပါ။ သမီးဦးခေါင်းဘယ်ခြမ်းနား အောက်ခြေနောက်နားမှာ ထိုးနေပါတယ်ရှင့်။ ဘာများဖြစ်တာပါလဲရှင့်။ ဆေးနည်းလေးလမ်းညွှန်ပေးပါဆရာ။ သမီးမှာ အတက်ရောဂါလည်း ရှိပါတယ်။   ဘယ်ဘက်ပခုံးကျီးပေါင်းလည်းရှိပါတယ်။ သင့်လျော်သော နည်းလမ်းများ ညွှန်ပြပေးပါရှင့်။

ဖြေ။  ။ လည်ပင်းရိုးဆစ်  ခုနစ်ဆစ်ရှိပါတယ်။ ပထမဆစ်၊ ဒုတိယဆစ်၊ တတိယဆစ်တို့မှာ အကြောညပ်ရင် ဇက်ထိုးပြီး ခေါင်းကိုက်တတ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပါ။ ခေါင်းငုံ့စာကြည့် ဖုန်းကြည့်များတာရှောင်ပါ။ ကျီးပေါင်းရှိတဲ့နေရာ မုန်ညင်းဆီ အပူပေးလိမ်းပါ။ ကြပ်ထုပ်ထိုးပေးပါ။ မိဿလင်ကြပ်ထုပ်ဆို ပိုကောင်းပါ တယ်။ ရေနွေးငွေ့ခံထိုးပါ။ အတက်ရောဂါကတော့ အကြောင်းရင်းသိရအောင် ဦးနှောက်နဲ့အာရုံကြော အထူးကု ဆရာဝန်ကြီးများ ပြသသင့်ပါတယ်။ အတက်ရောဂါဟာ  အကြောင်းရင်း များစွာရှိပြီး ကုသရခက်ပါတယ်။ သူ့အလိုလိုလည်း ပျောက်သွားတတ်ပါတယ်။

မေး။ ။ ဆရာရှင့်ကျွန်မ၏ သား ၂၂ နှစ်ရှိပါပြီ။ တီဘီယဉ်ပါးဖြစ်တယ်လို့စစ်တာတွေ့ရပါတယ်။ ဆေးလည်းစားနေပါတယ်။ တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် တိုင်းရင်းဆေးလည်း စားလိုပါတယ်။ ဆေးမဟုတ်ရင်လည်း ဓာတ်စာပေါ့။ တိုင်းရင်းဆေးနဲ့ ဓာတ်စာရှိပါသလားရှင့်။   ကျေးဇူးပြု၍ ဖြေပေးပါဆရာ။

ဖြေ။ ။ လောက်သေရွက်ပြုတ်ရည်တစ်ခွက်မှာ ပျားရည်တစ်ဇွန်း ထည့်တိုက်ပါ။ အထောက်အကူဖြစ်ပါတယ်။ တစ်လအထိတိုက်ပါ။ ဓာတ်စာအနေနဲ့ အဆုတ်အားကောင်းအောင် ကုန်းကန်စွန်းရွက်ကိုကြော်ကျွေးပါ။ နွားနို့စစ်စစ်ကရတဲ့  ဒိန်ချဉ်တိုက်ပေးပါ။ တမာရွက်ပြုတ်ရည်နဲ့ ရေချိုးပေးပါ။ တမာပင်၊ တမာတန်းက တိုက်ခတ်လာတဲ့ လေကိုရှူပေးရင်လည်း အဆုတ်ရောဂါ သက်သာစေတယ်လို့ဆိုပါတယ်။ အဆုတ်နာ ရောဂါ အဆုတ်ရောင်ရောဂါဖြစ်လျှင် ငါးရံ့ပတူအမြစ်ကိုသွေးပြီး ချင်းခြောက်အမှုန့်၊ ပတဲကောအမှုန့်တို့နှင့် ရော၍လျက်ပေးလျှင် သောက်ပေးလျှင် ရောဂါသက်သာပျောက်ကင်းစေနိုင်သည်။

မေး။ ။ သလိပ်ထွေးလိုက်တဲ့အခါ အမည်းစက်တွေပါနေလို့ပါဆရာ။ သလိပ်စစ်ကြည့်တော့လည်း ကောင်းတယ်လို့ ပြောပါတယ်။ ဘာဖြစ်နိုင်ပါသလဲဆရာ။ ဆေးစားဖို့လိုပါသလား။

ဖြေ။ ။ သလိပ်ပုပ်ရောဂါ ဖြစ်ချင်တဲ့အစပါ။ တိုင်းရင်းဆေးအမှတ်(၁)သေမှပုတိက (သလိပ်ပုပ်နိုင်ဆေး) လျက်ပေးပါ။ မက်လင်ချဉ်စားပေးပါ။ သလိပ်ပွားစေတဲ့ အချိုအဆိမ့်များလျှော့စားပါ။ အအေးမပတ်အောင် ဂရုစိုက်ပါ။

မေး။ ။ ဆရာရှင့် ညနေလေချိန်ဆိုတာ ဘယ်အချိန်ပြောတာပါလဲရှင့်။  အစာအိမ်လည်းအောင့်တတ်လို့ လေဆေးသောက်ရင် ထမင်းစားပြီး သောက်ရမှာလား။ မစားခင်သောက်ရမှာလား သိပါရစေရှင့်။

ဖြေ။ ။ အာယုဗေဒဆေးပညာမှာ မနက် - သလိပ်၊ နေလယ် - သည်းခြေ၊ ညနေ- လေဆိုပြီး သည်းခြေ သလိပ်တို့ ထကြွတဲ့အချိန်ကို ပိုင်းခြားထားပါတယ်။ ညဘက်ကတော့ အပုပ်ချိန်ဖြစ်ပါတယ်။ လေရောဂါကို ကုချင်တယ်ဆိုရင်   လေဆေးကိုသောက်ရပါတယ်။ အထူးသဖြင့် ညနေ ၃ နာရီမှ ၆ နာရီအတွင်း လေချိန်မှာသောက်ရင် ပိုထိရောက်ပါတယ်။ ထမင်းစားပြီး  ၁ နာရီခြားမှသာ  လေဆေးသောက်သင့်ပါတယ်။

မေး။ ။ ဆရာကြီးရှင့် သမီးနှုတ်ခမ်းကွဲနေတာ တစ်လလောက်ရှိပါပြီ။ ဘေးနှစ်ဖက်က ကျီးကန်းပါးစပ်ဖြစ် နေပါတယ်။  ပါးစပ်ဟရင်တောင်  အရမ်းနာပါတယ်။  ကျေးဇူးပြုပြီး   ဆေးနည်းလေး ပြောပြပေးပါရှင့်။

ဖြေ။ ။ ထမင်းအိုးမှဆူနေတဲ့ ထမင်းရည်အစေးကို ယူပြီး တို့ပေးပါ။  ညအိပ်ခါနီး မန်ကျည်းမှည့်ဖျော် ရည်ပုံမှန်သောက်ပေးရင်လည်း ဝမ်းတွင်းအပူငြိမ်းပြီး သက်သာစေပါတယ်။

မေး။ ။ ဆရာကြီးရှင့် အသက် ၆၀ ကျော်လူနာပါ။ ဗိုက်ကြောတွေ တင်းပါတယ်။ ဝမ်းချုပ်လေချုပ်လည်း ဖြစ်ပါတယ်။ ရှောက်ရည်နဲ့ ဆားနဲ့သောက်တာတောင် ပါးစပ်ကနေ  လေလုံးဝမထွက်ဘူးရှင့်။ မကြာခဏ လေအောင့်လေနာ ဖြစ်တတ်ပါတယ်ရှင့်။ ဘာဆေးတွေ မှီဝဲရမယ်ဆိုတာလေးရယ်  ဆောင်ရန်၊ ရှောင်ရန်လေးတွေ ညွှန်ကြားပေးပါရှင့်။ ကျေးဇူးတင်ပါတယ် ဆရာကြီးရှင့်။

ဖြေ။ ။ ဝမ်းချုပ်သူတိုင်း လမ်းလျှောက်နည်းကြပါတယ်။ အချိန်ပေးပြီးလမ်းလျှောက်ခိုင်းပါ။ ရေများများ သောက်ပါ။ ထမင်းစားပြီးတိုင်း ဖီကြမ်းငှက်ပျောသီးတစ်လုံးစားပါ။ တစ်နေ့သုံးလုံးစားနိုင်ရင် ပိုကောင်းပါတယ်။ ဖီးကြမ်းငှက်ပျောသီးအခွံမှာ ကပ်နေတဲ့အချွဲအမြှေးတွေက အစာအိမ်ကအချွဲအမြှေးတွေကို ပြန်ဖြစ် စေပါတယ်။ ဒါကြောင့် အချို့အစာအိမ်မကောင်းသူတွေကို အခွံမှာကပ်နေတဲ အမြှေးတွေကို ဇွန်းနဲ့ခြစ်ပြီး ကျွေးပါတယ်။ အကိုက်အခဲပျောက်ဆေး အသောက်များလို့အစာအိမ်ပါးနေသူတွေအတွက် ဆေးနည်း ကောင်းဖြစ်ပါတယ်။ အစာအိမ်ကောင်းလာတဲ့အခါ အစာကြေပြီးဝမ်းလည်းမှန်လာပါတယ်။ ဝမ်းတအား ချုပ်ရင် ညနေစောင်းမှာ မန်ကျည်းဖျော်ရည်(ထန်းလျက်နဲ့) သောက်ပေးပါ။ ဆေးခါးဝယ်ပြီးလှော်ထားပါ။ ဟင်းစားဇွန်းတစ်ဇွန်း၊     ရှောက်ရည်နဲ့ရောဖျော်ညအိပ်ရာဝင်သောက်ပေးရင်လည်း  ဝမ်းသက်စေပါတယ်။

မေး။ ။ ကြို့ထိုးနေလို့ပါ။ သကြားတစ်ဇွန်း ရေမသောက်ဘဲ  ငုံပြီးတဖြည်းဖြည်း မျိုချရင်ပျောက်မယ်ဆိုလို့ လုပ်ကြည့်တာ မပျောက်လို့ပါ။

ဖြေ။ ။ ကြို့ထိုးလျှင်ငရုတ်ကောင်းစေ့ကို အပ်ဖျားတွင် စိုက်၍မီးရှို့ပြီး ထွက်လာသောအငွေ့ကိုရှူပေးပါက ကြို့ထိုးရောဂါ ပျောက်ကင်းစေနိုင်သည်။ တစ်နည်း -သနပ်ခါးအမြစ်ကို သွေးပြီးလျက်ပေးပါ။

မေး။  ။ ဆရာရှင့် သားလေး ၄ နှစ် ၃ လပါးချိတ်ရောင်တာမျိုး ညာဘက်ပါးအောက်ပိုင်းက ဖောင်းကား နေပါတယ်။  ဘာဆေးနဲ့ သက်သာနိုင်မလဲဆိုတာ ဖြေကြားပေးပါရှင့်။ ကျေးဇူးတင်ပါတယ်။

ဖြေ။ ။ ပါးချိတ်ရောင်လျှင် နလင်ကျော်တုံးသွေးလိမ်းပါ။ သောက်လည်းသောက်ပေးပါ။ အညှော်ရှောင်ပါ။ မာတဲ့အစာတွေ ဝါးမစားပါနဲ့။ ဆန်ပြုတ်၊ ပဲရာဇာဟင်းချိုတိုက်ပါ။

မေး။ ။ ဆရာကြီးခင်ဗျာ ကျွန်တော်ဦးခေါင်းအရေပြား ဗောက်ထခြင်းကြောင့် ယားလို့ခေါင်းကုတ်၊ ကုတ် လေယားလေဖြစ်ပြီး  အနာသေးဖြစ်၍မည်သည့် ခေါင်းလျှော်ရည်မှ ပြောင်းသုံးမရ၍ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။  မြန်မာဆေးနည်းလေးရှိရင်  ညွှန်ပေးပါဦးခင်ဗျ။

ဖြေ။ ။ ဗောက်ထလျှင်ကင်းမွန်းသီးကိုပြာချ သံပရာရည်၊ ပျားရည်တို့ဖြင့်ရော ဦးခေါင်းတွင်လိမ်း ခဏထားပြီးနောက် ခေါင်းလျှော်ပေးပါ။ သုံးရက်ဆက်လျှော်ပါ။ ခေါင်းချွေးအထွက်များပြီး ခေါင်းမလျှော်လျှင် ဗောက်ထတတ်သဖြင့် မကြာခဏခေါင်းလျှော်ပေးပါ။ အုန်းဆီခဲလျှင်လည်း ဗောက်ထတတ်သည်။ အုန်းဆီမခဲအောင် သံပရာရည် အနည်းငယ်ရောလိမ်းပါ။

မေး။ ။ ခုတလော အဖြစ်များနေတဲ့ ရာသီတုပ်ကွေးဖြစ်ရင် ဘယ်လိုလုပ်ရမလဲခင်ဗျ။

ဖြေ။ ။ ရာသီဥတုအကူးအပြောင်းတွင် ဖြစ်ပွားလေ့ရှိသော ကူးစက်ရောဂါအဖျားနှင့်အညောင်းအကိုက် တွဲဖြစ်တတ်သည်။ ကွမ်းရွက်၊ ချင်း၊ ထန်းလျက်ပြုတ်ရည်တွင် ဆားလှော်အနည်းငယ် ထည့်သောက်၊ ချွေးအောင်းပေးပါ။ ရှမ်းဆေးခါးပင်(အစို၊ အခြောက်)ကို ထန်းလျက်ဖြင့် ကျိုသောက်ပါ။ ချင်းခြောက်အမှုန့်၊ ကွမ်းရွက်ခြောက်၊ ကျပ်ခိုးသုံးမျိုးပြုတ်ရည်တွင် ဆားလှော်အနည်းငယ်ထည့် ပူပူသောက်ချွေးအောင်းပေးပါ။ စမုန်စပါးရွက်ကို ဘဲဥနှင့်ရောကြော်စားလျှင် တုပ်ကွေးညောင်းကိုက်များ သက်သာသည်။ ဆူးပန်းရွက်၊ ပူဒီနာရွက်အစိမ်းကို အရည်ညှစ်၊  သတ္တုရည်ကို ဆားလှော်အနည်းငယ်ထည့်သောက်ပါ။

မေး။ ။ သွေးတွင်းအဆီများတာ  အဆီကျအောင် ဘယ်လိုနေထိုင်စားသောက်သင့်ပါသလဲရှင့်။ အစာအိမ်လည်းမကောင်းပါ။ လေပွပါတယ်ရှင့်။

ဖြေ။ ။ အဆီ၊ အချို၊  သကြားရှောင်စားပါ။ အချဉ်၊ အစပ်ပိုစားပါ။ တစ်နေ့လျှင် ခြေလှမ်းတစ်သောင်း လျှောက်ပေးပါ။ အစာအိမ်အတွက် ဖီးကြမ်းငှက်ပျောသီးမီးဖုတ်စားပါ။ ရေအေးမသောက်ပါနဲ့။ ရေကျက်အေး၊ ရေနွေးကြမ်းသောက်ပါ။

မေး။ ။ ဆရာကြီးရှင့် အမေကြီးက ၈၂ နှစ်ရှိပါပြီ။ လျှာတွေနာပြီး  အစာမစားနိုင်လို့ ဆေးနည်းလေးညွှန်ပေးပါရှင့်။  ရန်ကုန်ကပါ။  အင်္ဂလိပ်ဆေးတွေ မသက်သာလို့ပါ။  ဖြေပေးပါရှင့်။  ကျေးဇူးတင်ပါတယ်။

ဖြေ။ ။ ကရမတ်ကိုသွေးလျက်ပေးပါ။ ဆန်ဆေးရည်အကြည်တစ်ဖန်ခွက်   သကြားအနည်းငယ်ထည့်တိုက်ပါ။  ။

ကြည်လွင်မြင့်(မုဒြာ)