အိုမီခရွန်က ကိုယ်တွင်းပဋိပစ္စည်းများကို ကျော်လွှားနိုင်သည် ဆိုသော်ငြားလည်း

အိုမီခရွန်က ကိုယ်တွင်းပဋိပစ္စည်းများကို ကျော်လွှားနိုင်သည် ဆိုသော်ငြားလည်း

ယနေ့ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်-၁၉ ရောဂါပိုးရဲ့ ဗီဇပြောင်းရောဂါပိုး တစ်မျိုးဖြစ်တဲ့ အိုမီခရွန်ဟာ လျင်မြန်စွာပဲ ပျံ့နှံ့နေပါပြီ။ ဒီလိုပျံ့နှံ့မှုနဲ့အတူ ထွက်ပေါ်လာတဲ့ သတင်းတွေအရ လူတွေသိချင်နေတဲ့ အချက်လည်းရှိပါတယ်။

အဲဒါကတော့ ကာကွယ်ဆေးထိုးခြင်းကြောင့် ရရှိတဲ့ကိုယ်ခံအား သို့မဟုတ် ယခင်ရောဂါဖြစ်ဖူးလို့ သဘာဝအလျောက် ထွက်ရှိထားတဲ့ ကိုယ်ခံအားက အိုမီခရွန် ဗီဇပြောင်းရောဂါပိုး ကူးစက်မှုကို ကာကွယ်နိုင်စွမ်းရှိ၊ မရှိနဲ့ တကယ်လို့ ကူးစက်ခံရရင်လည်း ရောဂါပြင်းထန်နိုင်ခြင်း ရှိ၊ မရှိတို့ပဲ ဖြစ်ပါတယ်။

အကယ်၍များ ယခင်ထွက်ရှိထားတဲ့ ကိုယ်ခံအားက ပြည့်စုံလုံလောက်တဲ့ ကာကွယ်မှုပေးနိုင်တယ်ဆိုရင်၊ အိုမီခရွန်ဗီဇပြောင်း ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို လျော့ကျစေဖို့ အတွက် ကြိုတင်ကာကွယ်မှု ဆောင်ရွက်ချက်တွေ လုပ်ဆောင်ခဲ့တယ်ဆိုရင်၊ အဲဒါတွေနဲ့အတူ ကာကွယ်ဆေးအကြိမ်ရေ အပြည့်ထိုးခြင်းနဲ့ ထပ်တိုးကာကွယ်ဆေး ထိုးခြင်းတို့ကိုသာ လုပ်ဆောင်ထားမယ်ဆိုရင် အခုလိုမျိုး ကျန်းမာရေးစနစ်က လက်မခံနိုင်တဲ့ ဗီဇပြောင်းရောဂါပိုး ကူးစက်မှုကနေ ကာကွယ်နိုင်မှာ အမှန်ပါပဲ။

ဒါပေမဲ့ အဲဒီလိုသာမဖြစ်ခဲ့ဘူး ဆိုရင်တော့လည်း အိုမီခရွန်ဗီဇပြောင်း ရောဂါပိုးဟာ ကမ္ဘာတစ်ဝန်းမှာ ပိုမိုပျံ့နှံ့လာမှာဖြစ်ပြီး လူတစ်ဦးနဲ့တစ်ဦး ဆက်ဆံရေးမှာ တားမြစ် ကန့်သတ်ချက်တွေကို တိုးမြှင့်ချမှတ် လာရမှာဖြစ်သလို လက်ရှိကမ္ဘာကို လွှမ်းမိုးထားတဲ့ ဒယ်တာဗီဇပြောင်း ရောဂါပိုးနေရာမှာ အစားထိုး ဝင်ရောက်လာနိုင်ပါလိမ့်မယ်။

လက်ရှိမှာ တခြားသိပ္ပံပညာရှင်တွေက တရားဝင်လေ့လာမှုတွေ မလုပ်ရသေးသော်လည်း ထုတ်ပြန်ထားပြီးဖြစ်တဲ့ အစောပိုင်း သုတေသနတွေအရ  ခန္ဓာကိုယ်တွင်းရှိ ကိုယ်ခံအားက အိုမီခရွန်ကိုကောင်းစွာ ထိန်းချုပ်နိုင်စွမ်း အားနည်းတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ထပ်တိုးကာကွယ်ဆေးသာ ထိုးပေးလိုက်မယ်ဆိုရင် အိုမီခရွန်ရဲ့ ကူးစက်မှုကနေ ကာကွယ်နိုင်သွားမှာဖြစ်တယ်လို့လည်း အဲဒီသုတေသနမှာ ဖော်ပြထားပါသေးတယ်။

ဒါကြောင့် သတင်းဆိုးဆိုတိုင်းလည်း ထင်သလောက်မဆိုးနိုင်သလို သတင်းကောင်း ဆိုတိုင်းလည်း သတိထားရမှာလေးတွေ ရှိနေပါတယ်။ ဘာကြောင့်လဲ ဆိုတာကိုတော့ အောက်မှာဆက်ပြီး ဖတ်ကြည့်ပေးပါဦး။

ပဋိပစ္စည်းထက် ကိုယ်ခံအားသည်သာအဓိက အစောပိုင်း သုတေသနတွေက မြန်မြန်ဆန်ဆန်နဲ့  အလွယ်တကူရရှိတဲ့ သတင်းအချက်အလက်တွေ အပေါ်မှာသာ အခြေခံပြီး လေ့လာမှုတွေ လုပ်ခဲ့တာပါ။

အဲဒီအချက်အလက်တွေက ဘာတွေလဲဆိုရင် အိုမီခရွန်ဗီဇပြောင်း ရောဂါပိုးကို ချေဖျက်တိုက်ခိုက်နိုင်တဲ့ ကိုယ်တွင်းရှိပဋိပစ္စည်း အရေအတွက်ဖြစ်ပါတယ်။

အားလုံးပြီးသွားတဲ့အခါ အဲဒီသုတေသနတွေကနေ ထွက်လာတဲ့ရလဒ်က ယခင်သုတေသနတွေရဲ့ ရလဒ်အတိုင်းပဲဖြစ်ပြီး အိုမီခရွန်က ကိုယ်တွင်းပဋိပစ္စည်းတွေကို အတိုင်းအတာတစ်ခုအထိ ကျော်လွှားနိုင်စွမ်းရှိတယ်ဆိုတဲ့ ရလဒ်သာ ထွက်ပေါ်လာတာပါ။

အိုမီခရွန်ကို ဒယ်တာဗီဇပြောင်း ရောဂါပိုးနဲ့နှိုင်းယှဉ်တဲ့အခါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသားသူတွေမှာ ရောဂါပိုးကို ချေဖျက်တိုက်ခိုက်နိုင်တဲ့ ပဋိပစ္စည်းပမာဏက ၁ဝ ဆ၊ အဆ ၂ဝ မှသည် အဆ ၄ဝ အထိလျော့နည်းသွားတာကိုလည်း တွေ့ရပါတယ်။

ကာကွယ်ဆေးကိုလည်း နှစ်ကြိမ်အပြည့်ထိုးထားတယ်။ ကိုယ်၌ကလည်း ရောဂါပိုး ကူးစက်ခံရဖူးတယ်ဆိုရင် သူတို့မှာအိုမီခရွန်ကို ချေဖျက်တိုက်ခိုက်နိုင်စွမ်းက ပိုမိုများပြားပါတယ်။

ဒါကြောင့်ပြောရမယ်ဆိုရင် ကိုယ်တွင်း ပဋိပစ္စည်းပမာဏက ရောဂါပိုးကူးစက်ခြင်းကို ကာကွယ်နိုင်မှုနဲ့ ကောင်းစွာဆက်စပ်နေတာကို အထင်ရှားဆုံး တွေ့ရမှာဖြစ်ပါတယ်။

ဒီနေရာမှာ ကိုယ်တွင်း ပဋိပစ္စည်းပမာဏနည်းတဲ့ သူတွေကျတော့ ကိုဗစ်-၁၉ ရောဂါပိုး မဖြစ်မနေ ကူးစက်ခံရလိမ့်မယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။

ပြီးခဲ့တဲ့သုတေသနတွေမှာတုန်းက ဆိုရင် ကိုယ်တွင်းပဋိပစ္စည်း ပမာဏနည်းပါးတဲ့သူအများအပြားဟာ ကိုဗစ်-၁၉ ရောဂါပိုးကြောင့်ဖြစ်တဲ့ ပြင်းထန်စွာ နာမကျန်းဖြစ်မှုကိုတောင်မှ ကောင်းစွာ ကာကွယ်ပေးနိုင်တာကို တွေ့ရပါတယ်။

ဘယ်လောက်အထိတောင်လဲဆိုရင် ဒယ်တာဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးကို ကာကွယ်ပေးနိုင်စွမ်းရှိတဲ့အတွက် အိုမီခရွန်ဗီဇပြောင်း ရောဂါပိုး ကူးစက်နိုင်မှုကိုလည်း ကာကွယ်ပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ဒီမျှော်လင့်ချက်ဟာ တကယ်ဖြစ်လာနိုင်ပါတယ်။ အကြောင်းရင်းကတော့ ရောဂါပိုးကို တိုက်ခိုက်ပြီးအသက်မဲ့စေတဲ့ ပဋိပစ္စည်းဆိုတာ ကိုယ်ခံအား တုံ့ပြန်မှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လို့ဖြစ်ပါတယ်။

အဲဒီကိုယ်ခံအားစနစ်မှာ ရောဂါပိုးကို ဒါမှမဟုတ် ရောဂါပိုးကူးစက်ခံရတဲ့ ကလာပ်စည်းများကို ကပ်ငြိပြီး သူတို့ကတော့ ရန်သူတွေဖြစ်တဲ့အတွက် တိုက်ခိုက်ကြဖို့ တခြားကိုယ်ခံအား ကလာပ်စည်းတွေကို အသိပေးတဲ့ ချည်နှောင်ပဋိပစ္စည်းတွေလည်းရှိပါသေးတယ်။

ဒါ့အပြင် ရောဂါပိုးကို တိုက်ရိုက်တိုက်ခိုက်နိုင်ပြီး နောက်ထပ် ပဋိပစ္စည်းများစွာကို ထုတ်လုပ်ပေးနိုင်တဲ့ တီကလာပ်စည်း များနဲ့ မှတ်ဉာဏ်ရှိတဲ့ ဘီကလာပ်စည်းများလည်း ပါဝင်ပါသေးတယ်။

ရောဂါပိုးကူးစက်ခံရတဲ့ အစောပိုင်းအဆင့်မှာ ရောဂါပိုးကို ချေဖျက်တိုက်ခိုက်တဲ့ ပဋိပစ္စည်းတွေမရှိဘူး ဆိုရင်တောင်မှ တခြားပဋိပစ္စည်းတွေ၊ ကလာပ်စည်းတွေကရောဂါပိုးကူးစက်မှု ဒါမှမဟုတ် အစီအစဉ်တကျ ဖြစ်တဲ့ရောဂါဖြစ်ပွားမှုတို့ကို အတိုင်းအတာ တစ်ခုအထိ ကာကွယ်ပေးနိုင်ပါတယ်။

ဒီအတွက်ကြောင့် အိုမီခရွန်ဗီဇပြောင်း ရောဂါပိုးကူးစက်ခံရလည်း ရောဂါပြင်းထန်မှုကို ကောင်းစွာ လျှော့ချပေးနိုင်တဲ့အပြင် ကျန်းမာရေးစနစ်များအပေါ် သက်ရောက်မှုကိုလည်း ကန့်သတ်ပေးနိုင်စွမ်းရှိပါတယ်။

ထပ်တိုးကာကွယ်ဆေး ထိုးခြင်းက သတင်းကောင်းလား မကြာသေးမီက လုပ်ဆောင်ထားတဲ့ သုတေသနနှစ်ခုမှာ အခိုင်အမာ ထောက်ခံယူဆထားတာက သာမန်ကာကွယ်ဆေး နှစ်ကြိမ်အပြင် ထပ်တိုး ကာကွယ်ဆေးထိုးခြင်းဟာ ဒယ်တာဗီဇပြောင်း ရောဂါပိုးကို ချေဖျက်တိုက်ခိုက်နိုင်တဲ့ ပဋိပစ္စည်းပမာဏကို သိသာထင်ရှားစွာ တိုးမြင့်လာစေတယ်လို့ ဆိုပါတယ်။

ဒီအတွက်ကြောင့် ထပ်တိုးကာကွယ် ဆေးထိုးခြင်းက အိုမီခရွန်ဗီဇပြောင်း ရောဂါပိုးကို ချေဖျက်တိုက်ခိုက်နိုင်တဲ့ ပဋိပစ္စည်းပမာဏကိုလည်း   တိုးမြင့်စေနိုင်ပါလိမ့်မယ်။

ဒါ့အပြင် အဲဒီသုတေသန နှစ်ခုအနက်တစ်ခုမှာ ဖော်ပြထားတာက ထပ်တိုးကာကွယ်ဆေးထိုးခြင်းကြောင့် အိုမီခရွန်ကို ကောင်းစွာတိုက်ဖျက်နိုင်တဲ့ ပဋိပစ္စည်းပမာဏသိသာစွာမြင့်တက်လာတယ်ဆိုပြီး ဖြစ်ပါတယ်။ အဲဒီသုတေသနကို ထုတ်ပြန်ထားတာကတော့ ဖိုင်ဇာကုမ္ပဏီပါ။

ဒီနေရာမှာ လူတွေရဲ့ကုသိုလ်ကံနဲ့လည်း သက်ဆိုင်နေမယ့်အချက်ကို ပြောချင်ပါသေးတယ်။ အဲဒါကတော့ တချို့လူတွေ ဟာ ကာကွယ်ဆေးကြောင့်ဖြစ်စေ၊ ရောဂါပိုး ကူးစက်ခံရဖူးလို့ဖြစ်စေ ထွက်ရှိထားတဲ့ ပဋိပစ္စည်းတွေကြောင့် အိုမီခရွန်ရဲ့ကူးစက်မှုကနေ ကောင်းစွာ ကာကွယ်နိုင်ပါတယ်။

ဒါပေမဲ့ တချို့လူတွေကျတော့ ထပ်တိုးကာကွယ်ဆေးထိုးပြီးသည့်တိုင် ရောဂါပိုးကို ချေဖျက်တိုက်ခိုက်မယ့် ပဋိပစ္စည်း စိုးစဉ်းမျှထွက်လာခြင်း မရှိတာကိုလည်း တွေ့ရပါတယ်။

ထပ်တိုးကာကွယ်ဆေး ထိုးပြီးသည့်တိုင် ပဋိပစ္စည်းမထွက်လာတဲ့သူတွေ အနေနဲ့ ရောဂါပိုးကူးစက်မှုကနေ ကာကွယ်နိုင်မှာလား ဆိုတာနဲ့ပတ်သက်ပြီး အတိအကျပြောဖို့ခက်ခဲပါလိမ့်မယ်။

အထက်မှာပြောခဲ့တဲ့အတိုင်းပဲ ပဋိပစ္စည်းမရှိသည့်တိုင် ကိုယ်ခံအားစနစ်ရဲ့ အခြားသောပဋိပစ္စည်းတွေ၊ ကလာပ်စည်းတွေက ဘယ်လောက်အတိုင်းအတာအထိ ကာကွယ်ပေးနိုင်မလဲ ဆိုတာကို မိမိတို့အနေနဲ့ အတိအကျ မသိနိုင်သေးတဲ့ အခြေအနေ ဖြစ်နေပါသေးတယ်။

ဒါကြောင့် ထပ်တိုးကာကွယ်ဆေး ထိုးပြီးသည့်တိုင် ပဋိပစ္စည်းပမာဏ နည်းပါးနေသေးတဲ့ လူတွေအနေနဲ့ တခြားသော ကိုယ်ခံအား အကာအကွယ်တွေကြောင့် ကာကွယ်မှုရပါစေလို့ မျှော်လင့်ယုံမှတစ်ပါး   အခြားမရှိပါ။

ယုံကြည်မှုရှိပါ၊ အကောင်းမြင်ပါ အလုံးစုံခြုံ ငုံပြောရမယ်ဆိုရင် ကာကွယ်ဆေး ထိုးခြင်းကြောင့်ဖြစ်စေ သို့မဟုတ် ယခင်ရောဂါ ကူးစက်ခံရဖူးသောကြောင့် ဖြစ်စေ  ထွက်ရှိထားတဲ့ ပဋိပစ္စည်းတွေက အိုမီခရွန်ကို အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဒါ့အပြင် ထပ်တိုး ကာကွယ်ဆေးထိုးပြီးသူတွေမှာ ဆိုရင် လူအများစုမှာ ရောဂါကူးစက်မှုကို ကာကွယ်မှုက ပိုမိုမြင့်တက်လာသင့်တာပါ။

ဒီကြားထဲမှာမှ ထပ်တိုးကာကွယ်ဆေး ထိုးသည့်တိုင် ပဋိပစ္စည်း မထွက်လာဘူးဆိုရင်တော့လည်း    သူ့ထိုက်နဲ့သူ့ကံလို့သာ သတ်မှတ်ရမလို ဖြစ်နေပါတယ်။

မည်သို့ပင်ဆိုစေကာမူ ကိုယ်ကကံကောင်းတဲ့သူလား၊ ကံနည်းတဲ့သူလားဆိုတာကို ကောင်းစွာမသိရှိနိုင်တာကြောင့် ကိုဗစ်-၁၉ ရောဂါပိုးနဲ့ ပတ်သက်လာရင် ဘယ်လိုစိုးရိမ်သောကမှ ဖြစ်မနေဘဲ အကောင်းမြင်စိတ်ထားပါ။

ဒါတင်မကဘဲ ထိုးခွင့်ရသမျှသော ကာကွယ်ဆေးကို ထိုးခွင့်ရသမျှသော အကြိမ်ရေအတိုင်း ယုံကြည်မှုရှိရှိ ထိုးထားခြင်းကသာ မိမိအတွက်သာမက  မိမိပတ်ဝန်းကျင်အတွက်ပါ ကြိုတင်ကာကွယ်ရာ ရောက်စေမှာဖြစ်ပါတယ်။

ဒါကြောင့် နိဂုံးချုပ်အနေနဲ့ပြောရရင် အိုမီခရွန်ဗီဇပြောင်း ရောဂါပိုးက ကိုယ်တွင်းပဋိပစ္စည်းကို ကျော်လွှားနိုင်တယ်ဆိုသော်ငြားလည်း တခြားသော ပဋိပစ္စည်းတွေ၊ ကလာပ်စည်းတွေ၊ ထပ်တိုးကာကွယ်ဆေး ထိုးခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါပိုး တိုက်ဖျက် ပဋိပစ္စည်းတွေကိုတော့ ကျော်လွှားနိုင်မှာ မဟုတ်ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။