လက်ဆင့်ကမ်းအမွေပေးဖြန့်ဝေ မြဲစေနုမြစ်စွမ်းအားသစ်

လက်ဆင့်ကမ်းအမွေပေးဖြန့်ဝေ မြဲစေနုမြစ်စွမ်းအားသစ်

၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်မွေးဖွားသန့်စင်ခဲ့သည့် တပ်မတော်(လေ) သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် (၇၄)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ တပ်မတော်(လေ) အတွက်နေ့ထူးနေ့မြတ်ဖြစ်သည်သာမက တပ်မတော်နှင့် အမိနိုင်ငံတော် အတွက်ပါ နေ့ထူးနေ့မြတ်ဖြစ်ပေသည်။ တပ်မတော်ဟုဆိုရာ၌ တပ်မတော်(ကြည်း)၊ တပ်မတော်(ရေ)နှင့် တပ်မတော် (လေ)ဟူသည့် ကာကွယ်ရေး တပ်ပေါင်းစုဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါသည်။ နိုင်ငံတော်နှင့် ပြည်သူပြည်သားတို့၏ အကျိုးစီးပွားကို ကာကွယ်စောင့် ရှောက်ရန်အတွက် ခေတ်မီပြီး အင်အားတောင့်တင်းသော တပ်မတော်ကို တည်ဆောက်လျက်ရှိပေသည်။ တပ်မတော်အနေဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထုအပေါ် ကျရောက်လာနိုင်သည့် ပြည်တွင်းပြည်ပ အန္တရာယ်ဟူသမျှကို ကာကွယ်တားဆီးရန် အဓိက တာဝန်ဖြစ်ပေသည်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ခြင်းဖြင့် အဖျက်ရန်စွယ် ဟူသမျှကိုလည်း ရှင်းလင်း သုတ်သင်နေရပေသည်။ ယနေ့မျက်မှောက်ခေတ်ကာလအချိန်တွင် တပ်မတော်သည် နိုင်ငံတော်အုပ်ချုပ်မှုယန္တရား ချောမွေ့စွာ လည်ပတ်နိုင်ရေး၊ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်နှင့် အကျိုးစီးပွားတို့ အေးချမ်းစွာ လုပ်ကိုင်ဆောင်ရွက်နေထိုင်ရေး၊ ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် ကပ်ရောဂါမှ ကင်းရှင်းလွတ်မြောက်နိုင်ရေးတို့အတွက် တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက် ဖြေရှင်းပေး လျက်ရှိနေပေသည်။ နိုင်ငံတော်အတွင်း နှောင့်ယှက်ဖျက်ဆီးမှုများဖြစ်သည့် အကြမ်းဖက်တိုက်ခိုက်မှုများ၊  လက်နက် မှောင်ခိုကူးသန်းရောင်းဝယ်မှုများ၊ မူးယစ်ဆေးဝါး သယ်ဆောင်ဖြန့်ဖြူးမှုများကိုလည်း ဖော်ထုတ်ဖမ်းဆီးလျက် ဆောင်ရွက်နေရ သည်။ ပြည်သူပြည်သားတို့၏ လုံခြုံမှုအတွက် နိုင်ငံတစ်ဝန်းလုံးတွင် (ကြည်း၊ ရေ၊ လေ) တပ်မတော်သားများ တပ်ဖြန့်ချထားလျက် တိုင်းပြည်အေးချမ်းသာယာရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိကြရမည်ဖြစ်သည်။

တပ်မတော်(လေ)  အနေဖြင့်လည်း နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ပြည်သူ တို့၏ အကျိုးစီးပွားအတွက် ကာကွယ် စောင့်ရှောက် ရေးလုပ်ငန်းများအား အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိသည်။ တစ်ဖက်မှလည်း တပ်မတော်(လေ)၏ ပင်မတာဝန်ဖြစ်သည့် လေယာဉ်မောင်းသင်တန်းမှ အမျိုးသားလေသူရဲနှင့် အမျိုးသမီးလေသူရဲများ မွေးထုတ်ပေးခြင်း၊ ခေတ်နှင့်အညီ တိုးမြှင့်ဖွဲ့စည်း ထားသည့် လေယာဉ်၊ ရဟတ်ယာဉ်များ ပြင်ဆင်ရေးအတွက် စက်မှုလက်မှုအရာရှိနှင့် စက်မှုလက်မှုစစ်သည်များ မွေးထုတ်ခြင်း၊ အီလက်ထရွန်နစ်အရာရှိ/စစ်သည်များနှင့် အုပ်ချုပ်ရေးစစ်သည်များ မွေးထုတ်ပေးခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံခြား တိုင်းပြည်များ၏  လေတပ်မတော်များနည်းတူ အဆင့်မီရင်ပေါင်တန်းနိုင်ရေးအတွက် လေသူရဲ/လေယာဉ်သားများ၊  စက်မှုလက်မှု စစ်သည်များ၊  အုပ်ချုပ်မှုစစ်သည်များ မွေးထုတ်ပေးလျက်ရှိနေပေသည်။ လေယာဉ်၊ ရဟတ်ယာဉ်ဆိုင်ရာ နည်းပညာ ဖွံ့ဖြိုးတိုးတက် ရေးသာမက စာပေဘာသာရပ်၊ စစ်နည်းဗျူဟာစသည့် ဘက်စုံထူးချွန်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။   

စစ်သည် တစ်ဦးချင်းစီ၏ ကိုယ်ရည်ကိုယ်သွေး၊ တွေးခေါ်ယူဆချက်များ မတူညီကြသော်လည်း တပ်မတော်သားတိုင်း၌ တူညီချက် တစ်ရပ်ရှိနေပေသည်။  ထိုအချက်မှာ  ရည်ရွယ်ချက်၊ ဦးတည်ချက်ပင်ဖြစ်သည်။ တပ်မတော်သားတိုင်း၏ ဦးတည်ချက်ကား  ဒို့တာဝန် အရေးသုံးပါးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး တို့ပင်ဖြစ်သည်။ 

ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် တပ်မတော်သည် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက် နေရမည်ဖြစ်သည်။ တပ်မတော်(လေ)သည်လည်း စွမ်းအားထက်မြက်သည့် လေကြောင်းစွမ်းအား ပိုင်ဆိုင်နေရမည်ဖြစ်သည်။  တပ်မတော်(လေ)ရှိ  အရာရှိ၊ စစ်သည် အဆင့်အတန်းအားလုံးကိုယ်ရည်ကိုယ်သွေးထက်မြက်ကောင်းမွန်နေရမည်။ 

အချိန်နှင့်တစ်ပြေးညီ  သင်ယူနေကြရမည်။ လေ့ကျင့်နေကြရမည်။ ရှေးအဆက်ဆက်မှဖြစ်စဉ်များအား သင်ခန်းစာရယူပြီး ဆင်ခြင် တွေးဆလျက် ကောင်းသည်ထက်ကောင်းအောင် စွမ်းဆောင်နေကြရမည်ဖြစ်သည်။

ရှေးခေတ်အဆက်ဆက်မှ အကြီးအကဲများ၊ ဆရာကြီးများ၏ စွမ်းဆောင်ချက်များ ကို အတုယူကြရပေမည်။ မကောင်းသည်ကိုကောင်းအောင်၊ ကောင်းသည်ကိုပို၍ ကောင်းမွန်အောင် စွမ်းဆောင်ကြရပေမည်။ တိုးတက်နေသော ခေတ်မီနည်းပညာ များကို လေ့လာကြရမည်ဖြစ်သည်။ သင်တန်းကျောင်းကြီးများမှ သင်ကြားပေးလိုက်သည့် ပညာရပ်များအား ခေတ်မီနည်းပညာများဖြင့် ပေါင်းစပ်လျက် စမ်းသပ်တီထွင်မှုများ ပြုလုပ်ကြရမည်ဖြစ်သည်။ တပ်မတော်(လေ)စတင်ဖွဲ့စည်းသည်မှ ယနေ့မျက်မှောက် ခေတ်ကာလအခြေအနေကို ခွဲခြားကြည့်မြင်နိုင်စွမ်းရှိရပေမည်။ ခေတ်စနစ်တို့သည် အဟောင်းတို့ကို အခြေခံ လျက် အသစ်သစ်တို့ကို အစားထိုးလုပ်ဆောင်ကြရပေမည်။ ခေတ်နှင့်အညီ ရင်ပေါင်တန်းလုပ်ဆောင်နိုင်ရေး ပြင်ဆင်မှုများ ပြုလုပ်ခြင်းဖြစ်သည်။ နွေ၊ မိုး၊ ဆောင်းဟူသည့် ရာသီစက်ဝန်းသည် အချိန်ကာလအလိုက် ပြောင်းလဲလျက်ရှိသည်။ သဘာဝ အလျောက် မြေမှပေါက်သည့် သစ်ပင်ပန်းပင်တို့ပင် ရာသီအလိုက် ပြောင်းလဲလျက်ရှိသည်။ ရွက်ဟောင်းတို့ ကြွေ၍ ရွက်သစ်တို့ ဝေရသည်။ အညွန့်အဖူးမှ အပွင့်အသီးတို့ဖြင့် ဝေဆာစိုပြည်နေသည်ကိုလည်းတွေ့မြင်နိုင်သည်။ တပ်မတော်(လေ) သည်လည်း ယနေ့(၇၄)နှစ်ပြည့်မြောက်ခဲ့ချိန်ထိ ပြောင်းလဲတိုးတက်လာခဲ့သည်။ တပ်မတော်(လေ)၏ စစ်လက်နက်ပစ္စည်းများဖြစ်သော လေယာဉ်၊ ရဟတ်ယာဉ် များကိုလည်း အဟောင်းများနေရာတွင် အသစ်များအစားထိုးနိုင်ခဲ့သည်။ အိမ်နီးချင်း နိုင်ငံများနှင့် ရင်ပေါင် တန်းနိုင်သည့် အခြေအနေတစ်ရပ်အထိ စွမ်းဆောင်နိုင်ခဲ့ပြီး ဖြစ်သည်။ ရုပ်အားကိုမြှင့်တင်သကဲ့သို့ လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် အရာရှိ/စစ်သည်များကိုလည်း ခေတ်မီလေယာဉ်၊ ရဟတ်ယာဉ်များ ကိုင်တွယ်မောင်းနှင် နိုင်ရေး၊ ပြင်ဆင်ဆောင်ရွက်နိုင်ရေး ပြုလုပ် နိုင်ခဲ့သည်။  အင်အားတောင့်တင်းပြီး နည်းပညာအဆင့်အတန်းမြင့်မားသည့် လေကြောင်းစွမ်းအားပိုင်ဆိုင်ရေး အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပေသည်။ ခေတ်သစ်စစ်ပွဲများ၌ လေကြောင်းစွမ်းအားသာလွန်မှုသည် စစ်ပွဲအောင်မြင်ရေးအတွက် အဓိက အားသာချက် ဖြစ်နေပေသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း လေကြောင်းအားသာမှုရရှိရေးအတွက် တိုးမြှင့်စွမ်း ဆောင်နေကြ သည်ကို တွေ့မြင်ရမည်ဖြစ်သည်။

ရှေးအခါကပင် အရံအကာလေးပါးနှင့် ပတ်သက်၍ “စာဏကျနီတိ” ၌ ဖော်ပြထားခဲ့သည်။ မြေအပြင်၏ အရံအကာကား သမုဒ္ဒရာ ဖြစ်၏။  တိုက်တာအိုးအိမ်၏ အရံအကာကား တံတိုင်းဝင်းခြံသာဖြစ်၏။ အရပ်မျက်နှာ မြို့ပြ၊ ပြည်၊ ရွာ၏ အရံအကာကား အုပ်ချုပ်သူ မင်းဖြစ်၏။ မိန်းမတို့၏ အရံအကာကား အကျင့်စာရိတ္တ ကောင်းပင်ဖြစ်၏ဟု အဆိုရှိခဲ့ပေသည်။

သို့ဖြစ်ရာ အရပ်မျက်နှာ မြို့ပြပြည်ရွာ တိုင်းနိုင်ငံ၏ အရံအကာအုပ်ချုပ်သူမင်း၏ အားကိုးရာကား တပ်မတော်ပင်ဖြစ်၏။ ခေတ် အဆက်ဆက်၌ အောင်မြင်ခဲ့သောနိုင်ငံနှင့် ဘုရင်များကား စစ်အင်အားတောင့်တင်းခိုင်မာသော ဘုရင်မင်းများဖြစ်ကြောင်း တွေ့မြင် နိုင်ပေသည်။ ကမ္ဘာ့နိုင်ငံအသီးသီးသည်လည်း မိမိနိုင်ငံကို ကာကွယ်နိုင်ရေးအတွက် စစ်အင်အားကို အခိုင်အမာ တည်ဆောက် နေကြပေသည်။ ကျွန်ုပ်တို့သည်လည်း အမိနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် တပ်မတော်ကို အခိုင်အမာ တည်ဆောက် ရမည်ဖြစ်သည်။

တပ်မတော်အနေဖြင့် “ဒို့တာဝန်အရေးသုံးပါး” ကို ကာကွယ်စောင့်ရှောက်ရုံ မျှမက နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဘေးအန္တရာယ်ကျရောက်လာပါက ကူညီဆောင်ရွက်ရန် အသင့်ရှိနေပေသည်။ (ကြည်း၊ ရေ၊ လေ) ညီနောင်များသည် တိုင်းသူ ပြည်သားတို့အတွက် အရေးကြုံလာလျှင် ရှေ့တန်းမှကူညီဆောင်ရွက်နေသူများဖြစ်သည်။ လုံခြုံရေးကိစ္စရပ်များ၊ ကူညီကယ် ဆယ်ရေး ကိစ္စရပ်များဖြစ်သည့် မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ မြေပြိုမှုဘေးစသည့် သဘာဝဘေးအန္တရာယ်များ၊ ဆေးကုသရေး လုပ်ငန်းများအား အချိန်နှင့် တစ်ပြေးညီ ကူညီဆောင်ရွက်ခဲ့ကြသည်ချည်းဖြစ်သည်။ တပ်မတော်(လေ)အနေဖြင့် လည်း  သဘာဝဘေးအန္တရာယ်ခံစားရသည့် မြန်မာပြည်ဒေသအနှံ့အပြားသို့ တပ်မတော်ပိုင် လေယာဉ်၊ရဟတ်ယာဉ်များဖြင့် ကူညီ ဆောင်ရွက်နိုင်ခဲ့သည်။ တပ်မတော်(လေ) စတင်ဖွဲ့စည်းသည်မှ ယနေ့မျက်မှောက်အချိန်ကာလတိုင်အောင် စွမ်းစွမ်းတမံ ဆောင်ရွက် နေဆဲဖြစ်သည်။

တပ်မတော်(လေ)သည် အမိနိုင်ငံတော် လွတ်လပ်ရေးမရသေးမီ ကာလကပင် ဖွဲ့စည်းတည်ဆောက်နိုင်ခဲ့ခြင်းဖြစ်သည်။ လွတ်လပ်ရေးနှင့်အတူ ရောင်စုံသောင်းကျန်းမှု များပေါ်ပေါက်လာခဲ့သည်။ အိမ်နီးချင်းနိုင်ငံအချို့၏ ကျူးကျော်မှုများကိုလည်း ခံခဲ့ရသည်။ တပ်မတော်(လေ)သည် မိမိ၌ရှိသည့် လေယာဉ်၊ ရှိသည့်လက်နက်များဖြင့်ပင် ရဲဝံ့စွန့်စားစွာ တိုက်ပွဲဝင်ခဲ့ကြသည်။ တိုင်းပြည်၏ ကျူးကျော်ရန်ကို တွန်းလှန်နိုင်ခဲ့သည်။ စတင်ဖွဲ့တည်စဉ်မှစ၍ မဆုတ်မနစ်သော ဇွဲလုံ့လဖြင့်ချီတက်ခဲ့သည်။ ယနေ့အချိန်အခါတွင် အထိုက်အလျောက် နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ အစဉ်အဆက် အကြီးအကဲများ၏ ကောင်းမွန်သည့် လက်ဆင့်ကမ်းအမွေများပင်ဖြစ်သည်။ ထိုသို့သော လက်ဆင့်ကမ်း အမွေများ ဖြစ်သည့် လေယာဉ်မောင်းနည်းပညာများ၊ အီလက်ထရွန်နစ်ဆိုင်ရာ နည်းပညာများနှင့် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ နည်းပညာများ အား ဆက်လက်ထိန်းသိမ်းကြရမည်မှာ တပ်မတော်(လေ)ရှိ အရာရှိ၊ စစ်သည်အားလုံး၏ တာဝန်တစ်ရပ်ဖြစ်ပေသည်။ လက်ရှိပိုင် ဆိုင်နေသည့် နည်းပညာရပ်များအား ခေတ်မီနည်းပညာများဖြင့် ပေါင်းစပ်လျက် အင်အားတောင့်တင်းပြီး နည်းပညာ အဆင့်အတန်း မြင့်မားသည့် လေကြောင်းစွမ်းအား  ပိုင်ဆိုင်သော တပ်မတော်(လေ)အဖြစ် တည်ဆောက်ကြပါစို့ဟု တိုက်တွန်းရေးသားလျက် (၇၄)နှစ် မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့အား  ဂုဏ်ပြုရေးဖွဲ့လိုက်ပါသည်။   ။

ရွှေညာမြေမြတ်သင်းကြိုင်