(၇၄)နှစ်မြောက် တပ်မတော်(လေ)နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ဂုဏ်ပြုစစ်ရေးပြအခမ်းအနားနှင့် အန္တရာယ်ကင်း ပရိတ်တရားနာယူ ဆွမ်းကပ်လှူဒါန်းခြင်းအခမ်းအနား ကျင်းပပြုလုပ်

(၇၄)နှစ်မြောက် တပ်မတော်(လေ)နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ဂုဏ်ပြုစစ်ရေးပြအခမ်းအနားနှင့် အန္တရာယ်ကင်း ပရိတ်တရားနာယူ ဆွမ်းကပ်လှူဒါန်းခြင်းအခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော် ဒီဇင်ဘာလ ၁၅
    
(၇၄)နှစ်မြောက် တပ်မတော်(လေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြု စစ်ရေးပြအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာတပ်နယ်ရှိ လေကြောင်း အတတ်သင်လေတပ်စခန်းဌာနချုပ်၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(လေ)များ၊ လေတပ်စခန်းဌာနချုပ်မှူးများ၊ မိတ္ထီလာတပ်နယ်မှ အရာရှိ၊ စစ်သည်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
    
ဦးစွာ စစ်ရေးပြအခမ်းအနားအား အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ရာ နိုင်ငံ တော် အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားအပေါင်းအား အလေးပြုခြင်း၊ သစ္စာလေးချက်ရွတ်ဆိုခြင်းများ ဆောင်ရွက်၍ ကာကွယ်ရေးဦးစီးချုပ်(လေ)က စစ်ရေးပြတပ်ခွဲများအား စစ်ဆေးသည်။
    
ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(လေ)က တပ်မတော်(လေ) နှစ်ပတ်လည် နေ့အထိမ်းအမှတ် မိန့်ခွန်းပြောကြားကာ စစ်ရေးပြတပ်ခွဲများ၏ စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုခြင်းကို ခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။
    
အလားတူ (၇၄)နှစ်မြောက်တပ်မတော်(လေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ်  ပရိတ်တရားနာယူခြင်းနှင့် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားအား လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ်တွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ ဒုတိယဉက္ကဌ၊ မိတ္ထီလာမြို့ရန်မျိုးအောင်ရပ်၊ သာသနာ့ ဝေပုလ္လပါဠိတက္ကသိုလ် ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တ ကောဝိဒ အမှူးပြုသော သံဃာတော်အရှင်မြတ်များ ကြွရောက် ချီးမြှင့်တော်မူကြပြီး ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့် ဇနီး ဒေါ်အောင်မာမြင့်၊  လေတပ်စခန်းဌာနချုပ်မှူးများနှင့် ဇနီးများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
    
ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် အခမ်းအနားတက်ရောက်လာကြသူ များသည်  သာသနာ့ဝေပုလ္လပါဠိတက္ကသိုလ် ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီးနောက် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူ ကြသည့်  ပရိတ်တရားတော်များအား နာယူကြသည်။
    
ထို့နောက် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး  သာသနာ့ဝေပုလ္လပါဠိတက္ကသိုလ် ဆရာတော်ထံမှ အနုမောဒနာ တရားနာယူ ကြသည်။
    
ဆက်လက်၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှဝေကြပြီးနောက် သံဃာတော်အရှင်သူမြတ်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။