ကျွန်ုပ်တို့၏ကံသုံးပါးအလှနှင့် အမိနိုင်ငံ

ကျွန်ုပ်တို့၏ကံသုံးပါးအလှနှင့် အမိနိုင်ငံ

ကံသုံးပါးအလှနှင့် ဘဝအလှ

လူသည် မိမိဘဝကို မိမိနေ့စဉ်ပြုလုပ်နေသော ကာယကံ၊ ဝစီကံ၊ မနောကံဟူ၍ ကံသုံးပါးဖြင့် တည်ဆောက်သည်။ ထို့ကြောင့် မိမိနေ့စဉ်ပြုလုပ်နေသောကံသုံးပါးအမျိုးအစားနှင့် ထိုက်တန်သည့် ဘဝမျိုးကို ပိုင်ဆိုင်ရသည်။ လူမျိုးတစ်မျိုးသည် မိမိတို့၏ဘဝနှင့် နိုင်ငံကို မိမိတို့နေ့စဉ်ပြုလုပ်နေသော ကံသုံးပါးဖြင့်တည်ဆောက်သည်။ ထို့ကြောင့် မိမိတို့နေ့စဉ်ပြုလုပ်နေကြသော ကံသုံးပါးနှင့် ထိုက်တန်သည့်ဘဝမျိုးနှင့် နိုင်ငံမျိုးကိုပိုင်ဆိုင်ရသည်။ ဤသဘောအတိုင်းပင် ကျွန်ုပ်တို့နိုင်ငံသူ နိုင်ငံသားအပေါင်းသည် မိမိတို့၏ ဘဝနှင့် အမိနိုင်ငံတော်ကြီးကို နေ့စဉ်ပြုလုပ်နေသော ကံသုံးပါးနှင့် တည်ဆောက်သည်။ ကျွန်ုပ်တို့သည် ဗုဒ္ဓအဆုံးအမနှင့်အညီ ကောင်းသောကံသုံးပါးကို ပြုမူနေကြပါက ကျွန်ုပ်တို့၏ဘဝနှင့် အမိနိုင်ငံတော်ကြီး သာယာလှပမည်။ အကယ်၍ မကောင်းသော ကံသုံးပါးကို ပြုမူနေကြပါက ကျွန်ုပ်တို့၏ဘဝနှင့် အမိနိုင်ငံတော်ကြီး အကျည်းတန်အရုပ်ဆိုးမည်။ ကမ္ဘာပေါ်ရှိ လူမျိုးတစ်မျိုးနှင့် တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ တိုးတက်မှုချင်း ကွာခြားနေကြရခြင်းသည် ထိုလူမျိုးတို့ပြုလုပ်နေသော ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှု စသည့်ကံသုံးပါးချင်း အဆင့်အတန်း ကွာခြားနေကြသောကြောင့်ဖြစ်သည်။ ဘဝသံသရာခရီးအတွက် ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုဟူသည့် ကံသုံးပါးအရေးပါမှုနှင့်ပတ်သက်၍ မြတ်ဗုဒ္ဓ၏ အဆုံးအမအချို့ကို အောက်ပါအတိုင်းတင်ပြလိုသည်။

ကောင်းသောကံသုံးပါးနှင့် သာယာသောဘဝ

ကောင်းသောကံသုံးပါးကိုပြုမူခြင်းကြောင့် ရရှိမည့်ကောင်းကျိုးနှင့် မကောင်းသောကံသုံးပါးကို ပြုမူခြင်းကြောင့် ရရှိမည့် ဆိုးကျိုးများ ကို မြတ်ဗုဒ္ဓက ပုဏ္ဏားပရိဗိုဇ်တစ်ဦးအား ဤသို့ဟောကြားခဲ့သည်- “အသင်ပုဏ္ဏား၊ စိတ်အတွင်းသို့ တပ်မက်မှုလောဘ၊ အမျက် ထွက်မှုဒေါသ၊ တွေဝေမှုမောဟတရားများ ဝင်ရောက်လွှမ်းမိုးနေသူသည် မိမိအကျိုးကိုလည်းမသိ၊ သူတစ်ပါးအကျိုးကိုလည်းမသိ၊ မိမိနှင့်သူတစ်ပါး အကျိုးကိုလည်းမသိ။ ဤသို့မသိမှုကြောင့် မိမိနှင့်သူတစ်ပါးဆင်းရဲရန်အတွက် ကိုယ်ဖြင့်မကောင်းမှု ကိုလည်းပြု၏၊ နှုတ်ဖြင့်မကောင်းမှုကိုလည်း ပြု၏၊ စိတ်ဖြင့်မကောင်းမှုကိုလည်းပြု၏။ ဤသို့ ကိုယ်၊ နှုတ်၊ နှလုံး ကံသုံးပါးဖြင့် မကောင်းမှုကို ပြုသည့်အတွက် စိတ်ဆင်းရဲခြင်း၊ စိတ်နှလုံးမသာယာခြင်းကို ခံစားရ၏။ ဒကာတော်မင်းကြီး၊ စိတ်နှလုံးအတွင်း လောဘ၊ ဒေါသ၊ မောဟတရားများကင်းစင်ပြီး အလောဘ၊ အဒေါသ၊ အမောဟ စသည့် သူတော်ကောင်းတရားများ ကိန်းအောင်းနေသူသည် မိမိအကျိုးကိုလည်းသိ၏၊ သူတစ်ပါးအကျိုးကိုလည်းသိ၏၊ မိမိနှင့်သူတစ်ပါး အကျိုးကိုလည်းသိ၏။ ဤသို့သိမှုကြောင့် မိမိနှင့် သူတစ်ပါးကောင်းကျိုးအတွက် ကိုယ်ဖြင့်ကောင်းမှုကိုပြု၏၊ နှုတ်ဖြင့်ကောင်းမှုကို ပြု၏၊ စိတ်ဖြင့်ကောင်းမှုကိုပြု၏။ ဤသို့ ကောင်း သောကံသုံးပါးကိုပြုသည့်အတွက် စိတ်ကြည်လင် ချမ်းမြေ့ခြင်း၊ စိတ်နှလုံးအေးချမ်းသာယာခြင်းတို့ကို ခံစားရ၏” ဟု မြတ်ဗုဒ္ဓက ဆုံးမမြွက်ကြားခဲ့သည်။ ဤအဆုံးအမကို ကျွန်ုပ်တို့နာယူပြီး ကောင်းသောကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတို့ကို မိမိနှင့် အမိနိုင်ငံ သာယာရေးအတွက် ပြုမူနေကြရမည်။ ဤကဲ့သို့ ကုသိုလ်ကံသုံးပါးကို ပြုမူနေပါက ကျွန်ုပ်တို့နိုင်ငံသားများ၏ဘ၀ သာယာလာမည်။ နိုင်ငံသားများ၏ဘ၀ သာယာလာမှုကြောင့် အမိနိုင်ငံတော်ကြီးသည်လည်း သာယာလာမည်ဖြစ်သည်။

ကောင်းသောကံသုံးပါးနှင့် တည်ငြိမ်လုံခြုံသောဘဝ

ကျွန်ုပ်တို့သည် ရခဲလှသောလူ့ဘဝကို ရရှိနေကြသည်။ ရခဲလှသော မိမိဘဝကို တည်ငြိမ်လုံခြုံမှုရှိသောဘဝအဖြစ် တည်ဆောက်ရန် လိုသည်။ တည်ငြိမ်လုံခြုံမှုရှိသော ဘဝဖြစ်ရန်အတွက် အစောင့်အရှောက်လိုသည်။ ကျွန်ုပ်တို့၏ဘဝကို စောင့်ရှောက်ပေးရန် တာဝန်ရှိသူများမှာ ကျွန်ုပ်တို့သာဖြစ်သည်။ မြတ်ဗုဒ္ဓက ဘဝအစောင့်အရှောက်နှင့်ပတ်သက်၍ ကောသလမင်းကြီးအား ဤသို့ ဟောကြားခဲ့သည်- “ဒကာတော်မင်းကြီး၊ ကိုယ်ဖြင့် မကောင်းမှုကိုပြုသောသူ၊ နှုတ်ဖြင့်မကောင်းမှုကို ပြုသောသူ၊ စိတ်ဖြင့် မကောင်းမှုကိုပြုသောသူတို့အား ဆင်တပ်၊ မြင်းတပ်ကြီးများဖြင့် စောင့်ရှောက်ထားစေကာမူ ထိုသူတို့၏ဘဝသည် အမှန်တကယ် လုံခြုံမှုမရှိကြချေ။ အကြောင်းမူကား ထိုသူတို့သည် မိမိတို့၏ ကံသုံးပါးကိုမစောင့်ထိန်းဘဲ မကောင်းသောအကုသိုလ်ကံသုံးပါးကို အမြဲပြုမူနေကြသောကြောင့်ဖြစ်သည်။ မိမိ၏ကံသုံးပါးကို မစောင့်ထိန်းခြင်းသည် မိမိဘဝကို မစောင့်ရှောက်ခြင်းဖြစ်သည်ဟု ဆိုအပ်၏။ ဒကာတော်မင်းကြီး၊ ကိုယ်ဖြင့်ကောင်းသောအမှုကိုပြုသောသူ၊ နှုတ်ဖြင့်ကောင်းသောအမှုကို ပြုသောသူ၊ စိတ်ဖြင့်ကောင်း သောအမှုကိုပြုသောသူတို့အား ဆင်တပ်၊ မြင်းတပ်ကြီးများဖြင့် မစောင့်ရှောက်ထားစေကာမူ ထိုသူတို့၏ဘဝသည် အမှန်တကယ် လုံခြုံမှုရှိကြသည်။ အကြောင်းမူကား ထိုသူတို့သည် မိမိတို့၏  ကာယကံ၊  ဝစီကံ၊  မနောကံဟူသော ကံသုံးပါးကိုစောင့်ထိန်းပြီး ကောင်းမှုကံသုံးပါးကို အမြဲပြုမူနေကြသောကြောင့်ဖြစ်သည်။ မိမိ၏ကံသုံးပါးကို စောင့်ထိန်းနေခြင်းသည် မိမိ၏ဘဝကို စောင့်ရှောက် နေခြင်းဖြစ်သည်ဟု ဆိုအပ်၏” ဟု မြတ်ဗုဒ္ဓကဆုံးမခဲ့သည်။ မြတ်ဗုဒ္ဓ၏ အဆုံးအမအတိုင်း ကျွန်ုပ်တို့၏ကာယကံ၊  ဝစီကံ၊ မနောကံဟူသော ကံသုံးပါးကိုစောင့်ထိန်းပြီး  ကောင်းသောကုသိုလ်ကံသုံးပါးကို မိမိနှင့် အမိနိုင်ငံတည်ငြိမ်လုံခြုံရေးအတွက် အစဉ်ပြုမူ နေကြရမည်။ ဤသို့ပြုမူနေကြပါက ကျွန်ုပ်တို့နိုင်ငံသားများ၏ဘဝများသည် တည်ငြိမ်လုံခြုံမှုရှိလာမည်။ နိုင်ငံသားများ ၏ဘ၀ တည်ငြိမ်လုံခြုံမှုရှိလာသည်နှင့်အမျှ အမိနိုင်ငံတော်ကြီးသည်လည်း တည်ငြိမ် လုံခြုံမှုရှိလာမည်ဖြစ်သည်။ ကျွန်ုပ်တို့ နိုင်ငံသားအားလုံးက ဓမ္မအသိဖြင့် မိမိတို့၏ကံသုံးပါးကို စောင့်ထိန်းနေကြမှုကြောင့် အမိနိုင်ငံတော်ကြီး တည်ငြိမ်လုံခြုံမှုရှိ လာခြင်းဖြစ်သည်။

မိမိပြုသည့်ကံသုံးပါး မိမိထံပြန်လာမည်

ကံ၊ ကံ၏အကျိုးနှင့်ပတ်သက်၍ မြတ်ဗုဒ္ဓက ကောသလမင်းကြီးအား ဤသို့ဆုံးမဟောကြား ခဲ့သည်- “ဒကာတော်မင်းကြီး၊ အကြင်သူတို့သည် ကိုယ်ဖြင့်မကောင်းသောအမှုကိုပြု၏။  နှုတ်ဖြင့် မကောင်းသောအမှုကိုပြု၏။ စိတ်ဖြင့်မကောင်း သောအမှုကို ပြု၏။ ဤမကောင်းသောကံသုံးပါး၏ ဆိုးကျိုးသည် မခံစားရဘဲ ပျောက်ပျက်၍မသွားပေ။ ယင်းဆိုးကျိုးများကို ယခုဘဝ၌လည်း ခံစားရ၏။ နောင်ဘဝ၌လည်း ခံစားရ၏။ နောင်သံသရာအဆက်ဆက်၌လည်း ခံစားရ၏။ ဒကာတော်မင်းကြီး၊ အကြင်သူတို့သည် ကိုယ်ဖြင့် ကောင်းသောအမှုကိုပြု၏။ နှုတ်ဖြင့်ကောင်းသောအမှုကိုပြု၏။ စိတ်ဖြင့် ကောင်းသောအမှုကိုပြု၏။ ဤကောင်းသော ကံသုံးပါး၏ ကောင်းကျိုးသည် မခံစားရဘဲ ပျောက်ပျက်၍ မသွားပေ။ ယင်းကောင်းကျိုးများကို ယခုဘဝ၌လည်းခံစားရ၏။ နောင်ဘဝ၌လည်းခံစားရ၏။ နောင်သံသရာ အဆက်ဆက်၌လည်းခံစားရ၏။ ဒကာတော်မင်းကြီး၊ သေမင်းနှိပ်စက်၍ လူ့ဘဝကို စွန့်ခွာသွားရသောသူအတွက် ကိုယ်ပိုင်ဥစ္စာကား သူမသေခင်ကပြုခဲ့သည့် ကောင်းမှု၊ မကောင်းမှုပင်တည်း။ ထိုကောင်းမှု၊ မကောင်းမှုကို သူယူဆောင်၍သွား၏။ သူပြုခဲ့သည့်ကောင်းမှု၊ မကောင်းမှုသည် သူသွားရာသို့ အရိပ်ပမာပါသွားလေ၏”  ဟု မြတ်ဗုဒ္ဓ ကဆုံးမခဲ့သည်။ ဤအဆုံးအမနှင့်အညီ ကျွန်ုပ်တို့သည် ကောင်းသောကာယကံမှု၊ ကောင်းသောဝစီကံမှု၊ ကောင်းသောမနောကံမှု စသည့်ကံသုံးပါးကို မိမိနှင့် အမိနိုင်ငံ ကောင်းကျိုးအဖြာဖြာအတွက် ပြုမူနေကြရမည်။ ဤသို့ပြုမူနေကြပါက ကျွန်ုပ်တို့သည် ကောင်းကျိုးချမ်းသာ အမျိုးမျိုးကို ယခုပစ္စုပ္ပန်တွင်လည်းခံစားရမည်။ နောင်ဘဝတွင်လည်း ခံစားရမည်။ နောင်သံသရာ အဆက် ဆက်လည်း ခံစားရမည်။ ကျွန်ုပ်တို့နိုင်ငံသားများက ကောင်းမှုကံသုံးပါးကို ပြုမူနေမှုကြောင့် အမိနိုင်ငံတော်ကြီးသည်လည်း ကောင်းကျိုး ချမ်းသာအဖြာဖြာကို  ရရှိခံစားရသော နိုင်ငံတော်ကြီးအဖြစ်သို့ ရောက်ရှိလာမည်။

သတိပညာနှင့်ဆင်ခြင်၍ ကံသုံးပါးကိုပြု

ကျွန်ုပ်တို့သည် ကာယကံ၊ ဝစီကံ၊ မနောကံ စသည့်ကံသုံးပါးကို နေ့စဉ်ပြုမူနေကြရသည်။ အဝိဇ္ဇာဟူသောအမှောင်ထု၏ လှည့်စားမှု ကြောင့် မပြုလုပ်သင့်သည့်ကံသုံးပါးကို ပြုလုပ်မိသည်။ ထို့အတူ ပြုလုပ်သင့်သည့်ကံသုံးပါးကို မပြုလုပ်ဘဲနေသည်။ ထို့ကြောင့် ထိခိုက်ဆုံးရှုံးမှု အမျိုးမျိုးကို ကြုံတွေ့ခံစားရသည်။ မြတ်ဗုဒ္ဓက ပြုလုပ်သင့်သည့်ကံသုံးပါး၊ မပြုလုပ်သင့်သည့် ကံသုံးပါးတို့နှင့် ပတ်သက်၍ သားတော်ရာဟုလာအား ဤသို့ဆုံးမခဲ့သည်- “ချစ်သားရာဟုလာ၊ ဆင်ခြင်၍ဆင်ခြင်၍ ကိုယ်ဖြင့်အလုပ်ကိုလုပ်ရမည်။ ဆင်ခြင်၍ဆင်ခြင်၍ နှုတ်ဖြင့်ပြောဆိုရမည်။ ဆင်ခြင်၍ဆင်ခြင်၍ စိတ်ဖြင့်ကြံစည်ရမည်။ ချစ်သားရာဟုလာ၊ သင်သည် ကိုယ်ဖြင့် အလုပ်တစ်ခုကို ပြုလုပ်မည်ရှိသောအခါ ငါပြုလုပ်မည့်အမှုသည် မိမိဆင်းရဲခြင်းငှာဖြစ်မည်လော၊ သူတစ်ပါးဆင်းရဲခြင်းငှာ ဖြစ်မည်လော၊ မိမိနှင့်သူတစ်ပါးဆင်းရဲခြင်းငှာဖြစ်မည်လော။ ဤအမှုသည် အကုသိုလ်လော၊ ဆင်းရဲဒုက္ခကို ပွားစေတတ်သလောဟု ဆင်ခြင်ရမည်။ ဤသို့ဆင်ခြင်ပြီးနောက် ငါပြုလုပ်မည့်အမှုသည် မိမိဆင်းရဲခြင်းငှာဖြစ်၏၊ သူတစ်ပါးဆင်းရဲခြင်းငှာဖြစ်၏၊ မိမိနှင့် သူတစ်ပါးဆင်းရဲခြင်းငှာဖြစ်၏၊ ဤအမှုသည် အကုသိုလ်တည်း၊ ဆင်းရဲဒုက္ခကိုပွားများစေတတ်၏ဟု သိလျှင် ထိုအမှုကို မပြုလုပ် အပ်ချေ။ အကယ်၍ ငါပြုလုပ်မည့်အမှုသည် မိမိဆင်းရဲခြင်းငှာလည်းမဖြစ်၊ သူတစ်ပါးဆင်းရဲခြင်းငှာလည်းမဖြစ်၊ မိမိနှင့်သူတစ်ပါး ဆင်းရဲခြင်းငှာလည်းမဖြစ်၊ ဤအမှုသည်ကုသိုလ်တည်း၊ ချမ်းသာသုခကိုပွားစေတတ်၏ဟု သိလျှင် ဝမ်းမြောက်ကျေနပ်စွာဖြင့် ထိုအမှုကို နေ့ရောညပါ ကြိုးပမ်းဆောင်ရွက်လေလော့” ဟု မြတ်ဗုဒ္ဓက ဆုံးမမြွက်ကြားခဲ့သည်။ ဤအဆုံးအမကို ကျွန်ုပ်တို့ လိုက်နာ ကြရမည်။ မြတ်ဗုဒ္ဓ၏အဆုံးအမအတိုင်း သတိပညာဖြင့်ဆင်ခြင်၍ ကောင်းသောကံသုံးပါးမျိုးကိုသာ အစဉ်ကြိုးပမ်း လုပ်ဆောင် ကြရမည်။ ဤသို့လုပ်ဆောင်သည့်အခါ ထိခိုက်ဆုံးရှုံးမှုများကိုရှောင်ရှားနိုင်ပြီး အောင်မြင်မှုများကို ကျွန်ုပ်တို့ ဆွတ်ခူးရရှိနိုင်မည်။ အောင်မြင်မှုများကို ကျွန်ုပ်တို့နိုင်ငံသားများရရှိနေမှုကြောင့် အမိနိုင်ငံတော်ကြီး သည်လည်း အောင်မြင်ခြင်း အမျိုးမျိုးနှင့် ပြည့်စုံ နေသော နိုင်ငံတော်ကြီးအဖြစ်သို့ ရောက်ရှိလာမည် ဖြစ်သည်။

မနောကံလှရေးသည် အဓိက

ကျွန်ုပ်တို့ပြုလုပ်သည့်ကံသုံးပါး လှပမှန်ကန်မွန်မြတ်ရေးသည် ကျွန်ုပ်တို့နိုင်ငံသားတစ်ဦးချင်း၏ ဘဝအတွက်သာမကဘဲ နိုင်ငံနှင့် လူမျိုးအတွက်ပါ များစွာအရေးကြီးသည်။ ကာယကံ၊ ဝစီကံ၊ မနောကံဟူသော ကံသုံးပါးအနက် မနောကံသည် အရေးကြီးဆုံး ဖြစ်သည်။ မနောကံပေါ်မူတည်ပြီး ကာယကံနှင့်ဝစီကံတို့ ဖြစ်ပေါ်လာရသည်။ မနောကံလှနေလျှင် ကာယကံနှင့် ဝစီကံလည်း လှပါသည်။ မနောကံလှပရေးအတွက် ကျွန်ုပ်တို့၏နှလုံးသားများသည်  ဓမ္မနှလုံးသားများ ဖြစ်ကြရပါမည်။ ဓမ္မနှလုံးသားဆိုသည်မှာ ဗုဒ္ဓအဆုံးအမတရားများဖြင့် ပြည့်လျှမ်းနေသောနှလုံးသား ဖြစ်ပါသည်။ ဓမ္မနှလုံးသားကိုပိုင်ဆိုင်ထားမှသာ ကျွန်ုပ်တို့၏ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှု စသည့် ကံသုံးပါးလှပပါမည်။  ကျွန်ုပ်တို့၏ကံသုံးပါးလှပနေပါက အမိနိုင်ငံအေးချမ်းသာယာမည်။ တည်ငြိမ် လုံခြုံမှုရှိမည်။ နိုင်ငံသားများ၏ ကံသုံးပါးအလှသည် နိုင်ငံကိုတည်ငြိမ်အေးချမ်းစေသည်သာမကဘဲ နိုင်ငံ၏ဂုဏ်သိက္ခာကိုပါ မြင့်မား စေသည်။ ထို့ကြောင့် အမိနိုင်ငံတော်ကြီး အေးချမ်းသာယာစေရန်၊ တည်ငြိမ်လုံခြုံမှုရှိစေရန်၊ ဂုဏ်သိက္ခာမြင့်မားနေရန်အတွက် ကျွန်ုပ်တို့ နိုင်ငံသားများ၏ ကာယကံ၊ ဝစီကံ၊ မနောကံစသည့် ကံသုံးပါး အစဉ်လှပ မှန်ကန်မွန်မြတ်နေရန် လိုအပ်ပါကြောင်း နိဂုံးချုပ်အနေဖြင့် တင်ပြအပ်ပါသည်။  ။

 

ကျော်ကျော်သန်း(မဟာဝိဇ္ဇာ)