နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး၏ ဆင်းတုတော် အပိုင်း(၃)အား ဆီမီးခုံဆိပ်ကမ်းတွင် ဒေဝါဝင်း၊ ရာဇာဝင်း ခင်း၍ ကြိုဆိုပူဇော်ခြင်း မင်္ဂလာအခမ်းအနားကျင်းပ
နေပြည်တော်၊ စက်တင်ဘာ - ၁၈
၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၁၇ ရက်က စကျင်ကျေးရွာဆိပ်ကမ်းမှ စတင် ပင့်ဆောင်ပူဇော်ခဲ့သော ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဆင်းတုတော်အပိုင်း(၃)အား မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ဆီမီးခုံဆိပ်ကမ်းတွင် ဒေဝါဝင်း၊ ရာဇာဝင်းခင်း၍ ကြိုဆိုပူဇော်ခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် အဆိုပါ ဆိပ်ကမ်း၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဆင်းတုတော် အပိုင်း(၃)အား ပင့်ဆောင်ခဲ့သည့် ပြည်ကြီးမွန်ရတနာရွှေဖောင်တော်အား မေတ္တာပို့ဖြင့် ပူဇော် ကြိုဆိုကြပြီးနောက် ဆင်းတုတော်အပိုင်း(၃)အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား တိုင်းမှူးနှင့်တာဝန်ရှိသူများက ပရိတ်နံ့သာရည်များ ပတ်ဖြန်းပူဇော်ကြသည်။
ထို့နောက် (၃၁)ဘုံသားများနှင့် နတ်ဒေဝါများကို အမျှပေးဝေပြီးနောက် ဘူမိဖဿ မုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော် အပိုင်း(၃)အား ဒေဝါ ဝင်း၊ ရာဇာဝင်းခင်း၍ ပြည်ကြီးမွန်ရတနာရွှေဖောင်တော်မှ သြိကူမေ Modular Trailer ယာဉ်များဖြင့် ခေတ္တထားရှိမည့် ဆီမီးခုံကျေးရွာလမ်းဆုံအနီး မင်္ဂလာနေရာသို့ ပင့်ဆောင်ပူဇော်ကြသည်။
အဆိုပါ ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဆင်းတုတော် ကြီး ထုဆစ်ပူဇော်ရန်အတွက် စကျင်ကျောက်တုံးတော်ကြီး အစိတ်အပိုင်းကြီးများအား စကျင်ကျေးရွာဆိပ်ကမ်းမှ ဇူလိုင်လ ၃ ရက်နေ့မှ စတင်ကာ (၉)ကြိမ်တိုင်တိုင်သယ်ယူ ပင့်ဆောင်ခဲ့ပြီး ယနေ့ ဆီမီးခုံကျေးရွာလမ်းဆုံအနီး မင်္ဂလာနေရာသို့ ပင့်ဆောင်ပူဇော်သည့် ဆင်းတုတော်အပိုင်း(၃)မှာ နောက်ဆုံးဖြစ်ပြီး ကျောက်တုံးတော်ကြီး အစိတ်အပိုင်းကြီးများအား အောင်မြင်စွာပင့်ဆောင်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။