ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုထိန်းချုပ်ရေးနှင့်ပတ်သက်၍ ဗြိတိန်နိုင်ငံအား လေ့လာခြင်း

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုထိန်းချုပ်ရေးနှင့်ပတ်သက်၍ ဗြိတိန်နိုင်ငံအား လေ့လာခြင်း

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍  ဗြိတိန်နိုင်ငံအားလေ့လာခြင်းသည်  ကြိုတင်မှန်းဆမှုများပြုလုပ်ရန်အတွက် အကောင်း ဆုံးဖြစ်သည်ဟု ပညာရှင်များက သုံးသပ်ကြပါသည်။ အဘယ်ကြောင့်ဆိုသော် ဗြိတိန်နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားသည့် ကာလများကတည်းက ကာကွယ်ထိန်းချုပ်မှုဆိုင်ရာ ပေါ်လစီများချမှတ်ရာတွင် စွန့်ဦးတီထွင် လုပ်ဆောင်လေ့ရှိသောကြောင့် ဖြစ်သည်။ ဗြိတိန်နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါစတင် ဖြစ်ပွားချိန်တွင် အစုလိုက်အပြုံလိုက် ကိုယ်ခံအားရရှိခြင်း (Herd Immunity)ကို ဦးတည်၍ မူဝါဒချမှတ်ဆောင်ရွက်ခဲ့သည်။ ဆိုလိုသည်မှာ ကိုဗစ်-၁၉ စည်းကမ်း သတ်မှတ်ချက်များအား  တင်းကျပ် ခြင်း မပြုလုပ်ဘဲ မိမိသဘောဆန္ဒအလျောက် သာပြုမူနေထိုင်ကြရန်  ခွင့်ပြုပေးခဲ့ရာလူအများကူးစက်ခံရပြီး ဆေးရုံ၊ ဆေးခန်းများ ပြည့်လျှံကာ မည်သည့် ကုသမှုမှ မခံယူရဘဲနေအိမ်၌ပင် သေဆုံးရမှုများရှိခဲ့သည်။

ထို့နောက်တွင် ဗြိတိန်နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ စည်းကမ်းချက်များ တင်းကျပ်ခြင်း၊ လော့ဒေါင်းများချမှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ ရသည်။ ထို့ပြင် ကာကွယ်ဆေးများရရှိသည့်အချိန်တွင် ကမ္ဘာတွင် ပထမဦးဆုံး ထိုးနှံပေးနိုင်ရန်အတွက် လျင်လျင်မြန်မြန် ဆောင်ရွက် ခြင်း၊ ကုသဆေးများ ပေါ်ပေါက်လာသည့်အခါတွင်လည်း ဦးဆုံးဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။ တစ်ဖန် ကာကွယ်ဆေးများ လွှမ်းခြုံနိုင်မှု ရာနှုန်းမြင့်မားလာသည့်အခါ တင်းကျပ်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်အားလုံး နီးပါးကို ဖြေလျော့ပေးခဲ့သည်။ ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပြီးစီးမှုမှာ ၇၅ ရာခိုင်နှုန်းခန့်ရှိပြီဖြစ်သည်။ ထိုသို့ ဗြိတိန်နိုင်ငံက လုပ်ဆောင်နေသော ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်မှုနှင့်ပတ် သက်သည့် ပေါ်လစီချမှတ်လုပ်ဆောင်မှုများသည် အခြား နိုင်ငံများထက် ရှေ့ပြေးလုပ်ဆောင်ခဲ့ခြင်းကြောင့် ၎င်းင်းနိုင်ငံ၏ရလဒ်များအား နိုင်ငံတကာအနေဖြင့် စောင့်ကြည့်လေ့လာ သုတေသနပြုနေကြသည်။

ဗြိတိန်နိုင်ငံတွင် လက်ရှိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေ

ဗြိတိန်နိုင်ငံသည် ကူးစက်မြန် ဗီဇပြောင်း မျိုးကွဲများဖြစ်သည့် အယ်လ်ဖာနှင့် ဒယ်လ်တာမျိုးကွဲများကို အခြားနေရာများတွင် ကျယ်ကျယ်ပြန့်ပြန့် ကူးစက်မှုလှိုင်းများမဖြစ်ပွားမီ ဦးစွာတွေ့ရှိခဲ့ရသည့် နိုင်ငံဖြစ်သည်။ ယခုအခါတွင် အိုမီခရွန်မျိုးကွဲသစ်ကို ဗြိတိန်နိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိလာနေပြီဖြစ်သည့်အပြင် ကိုဗစ်-၁၉ စတုတ္ထလှိုင်းဖြစ်ပွားနေဆဲဖြစ်ပြီး တစ်ရက်လျှင်    ၄၆၀၀၀ ခန့် တွေ့ရှိရသည်။ သေဆုံးမှုမှာမူ ယခင်လှိုင်းများနှင့် နှိုင်းယှဉ်ပါက များစွာကျဆင်းလာသည်။ ကိုဗစ်-၁၉ ဖြစ်ပွားမှု  အများဆုံး ကာလဖြစ်သော ၂၀၂၀ ပြည့်နှစ်  ဒီဇင်ဘာလနှင့်  ၂၀၂၁ ခုနှစ် အစောပိုင်းလများတွင် သေဆုံးမှု အမြင့်ဆုံးဖြစ်ခဲ့ပြီး တစ်ရက် လျှင် ပျမ်းမျှ ၁၂၀၀ ခန့်အထိ သေဆုံးခဲ့သော်လည်း ယခုစတုတ္ထလှိုင်းကာလတွင် တစ်ရက်ပျမ်းမျှ သေဆုံးမှုမှာ ၁၁၉ ခန့်သာရှိကြောင်း သိရှိရသည်။

ဗြိတိန်နိုင်ငံသည် အနောက်ဥရောပတွင် ပထမဦးဆုံး ကိုဗစ်စည်းကမ်းအားလုံးနီးပါး ကိုဖြေလျှော့ပေးသည့် ပထမဦးဆုံး နိုင်ငံဖြစ် သည်။ ထို့ပြင် ကာကွယ်ဆေး လွှမ်းခြုံမှုတိုးတက်နှုန်းမြန်ဆန်မှုအရှိဆုံး နိုင်ငံဖြစ်သည်။ ထိုသို့ ကာကွယ်ဆေး လွှမ်းခြုံနိုင်မှု မြင့်မားခြင်းနှင့် ကိုဗစ်စည်းကမ်းများ(ပါးစပ်၊ နှာခေါင်းစည်းတပ်ခြင်း၊ ခပ်ခွာခွာ နေထိုင်ခြင်း၊ လူစုလူဝေးတားမြစ်ခြင်း)ကို ဖြေလျှော့ ပေးကာ မိမိသဘောဆန္ဒအလျောက် နေထိုင်ခွင့်ပြုပေးသည့် ပထမဦးဆုံးနိုင်ငံဖြစ်ခြင်းတို့ကြောင့် ကမ္ဘာတစ်လွှား ပညာရှင်များ အနေဖြင့် ဗြိတိန်နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို လေ့လာသုံးသပ်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ၏ ကူးစက်မှု သဘော သဘာဝကို ကောင်းစွာလေ့လာနိုင်သည်။ သို့ရာတွင် အိုမီခရွန်မျိုးကွဲထွက်ပေါ်လာမှုနှင့်အတူ ဗြိတိန်နိုင်ငံတွင် နိုင်ငံတကာ ပြည်ဝင် ခွင့်များကို ကန့်သတ်တားမြစ်ခြင်းနှင့် ကိုဗစ်အခြေခံစည်းမျဉ်းများကို ပြန်လည်တင်းကျပ်ခြင်းများ လုပ်ဆောင်လာကြောင်း တွေ့ရှိ ရသည်။

ရုတ်တရက် ကူးစက်မှုမြင့်တက်ခြင်းများကို ကာကွယ်နိုင်မှု

ကာကွယ်ဆေးတစ်မျိုးတည်းက ကူးစက်မှုနှုန်း ရုတ်တရက်မြင့်တက်လာခြင်းများကို ကာကွယ်နိုင်မှုမရှိပါ။ ဗြိတိန်နိုင်ငံတွင် ၂၀၂၁ ခုနှစ် ဇူလိုင်လမှ အောက်တိုဘာလအတွင်း ကူးစက်သူအရေအတွက် ၃ သန်းခန့်ရှိခဲ့ရာ အဆိုပါ အရေအတွက်သည် တင်းကျပ်သည့် လော့ဒေါင်းသတ်မှတ်ခဲ့ရသည့် ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းကာလနှင့်နှိုင်းယှဉ်ပါက ကွာခြားမှုမရှိကြောင်း တွေ့ရှိရသည်။ ဗြိတိန်နိုင်ငံတွင် အသက်  ၁၂  နှစ်နှင့်အထက် ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာ ၇၉ ဒသမ ၅ ရာခိုင်နှုန်းခန့် ရှိနေသော်လည်း ကူးစက်မှုများ  မြင့်တက်ဆဲဖြစ်ကြောင်း တွေ့ရှိရသည်။   ဗြိတိန်နိုင်ငံ၏  ကိုဗစ်ကူးစက်မှုနှုန်းမှာ ကိုဗစ်စည်းကမ်းချက်များအား ဗြိတိန်နိုင်ငံ၏ နောက်မှဖြေလျှော့ပေးသည့် ကျန်ဥရောပနိုင်ငံများထက်မြင့်မားနေသည်။   အောက်တိုဘာလအတွင်း ကူးစက်မှုနှုန်းမှာ စပိန်နိုင်ငံတွင် လူတစ်သန်းလျှင် ၂၈၆ ဦး၊ ဂျာမနီနိုင်ငံတွင် ၁၂၀၃ ဦးရှိပြီး ဗြိတိန်နိုင်ငံတွင်မူ ၄၈၆၈ ဦးရှိကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်ခုတည်းဖြင့် ကိုဗစ်-၁၉ ရောဂါအား ထိန်းချုပ်မှုမပြုလုပ်နိုင်ပါ။ ကိုဗစ်-၁၉  အခြေခံ စည်းမျဉ်း များ (Soft Public health measures)ကို တင်းကျပ်ရန် ဆက်လက်လိုအပ်နေသည်။ သို့မှသာ  တင်းကျပ်သည့်  လော့ဒေါင်းသတ် မှတ်ရခြင်းများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။

လူတစ်ဦးချင်းစီ၏ ပြုမူနေထိုင်မှုများသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုရုတ်တရက်မြင့်တက်ခြင်းကို အကျိုးသက်ရောက်မှုရှိ စေသည်။  ကပ်ရောဂါကာလတွင် အရွယ်ရောက်ပြီးသူတစ်ဦးသည် တစ်ရက်လျှင် ပျမ်းမျှ လူသုံးဦးမှ လေးဦးနှင့် ထိတွေ့ဆက်ဆံရမှုရှိသည်။ ကပ်ရောဂါ မတိုင်ခင်ကာလကမူ လူတစ်ဦးသည် တစ်ရက်လျှင် ပျမ်းမျှ လူ ၁၀ ဦးခန့်နှင့် ထိတွေ့ဆက်ဆံရမှုရှိသည်။ ကျောင်း များပြန်လည်ဖွင့်လှစ်သည့်အခါတွင် ထိုသို့ထိတွေ့ဆက်ဆံရမှုပမာဏမှာ မြင့်တက်လာတတ်သည်။ သို့ဖြစ်၍ ကိုဗစ်စည်းကမ်းများကို  လူတစ်ဦးချင်းစီက တိကျစွာ လိုက်နာမှုအားနည်းပါက ပြည်သူလူထုအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ပြန်လည်မြင့်တက် လာနိုင်သည်။ လူအချင်းချင်း ထိတွေ့ဆက်ဆံမှုများလာပါက ကာကွယ်ဆေးထိုးနှံထားသူများ များပြားစေကာမူ ရုတ်တရက် ကူးစက်မှု မြင့်တက်ခြင်းများ ဖြစ်ပွားနိုင်သည်။

ကာကွယ်ဆေး အာနိသင်လျော့ကျမှု အခြေအနေ

ဗြိတိန်နိုင်ငံသည် ကာကွယ်ဆေးလွှမ်းခြုံမှု အမြန်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည်။ ယခု အခါတွင် စတင်ထိုးနှံခဲ့သည့်ကာလမှ ရေတွက် လျှင် ၁၀ လကြာမြင့်ခဲ့ပြီဖြစ်ရာ ၎င်းအခြေအနေသည် ကိုဗစ်-၁၉ ရောဂါကာကွယ်မှုတွင် အားနည်းချက်တစ်ခု ဖြစ်လာသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ခံစွမ်းအားသည် အချိန်ကြာလာသည်နှင့်အမျှ လျော့ကျလာတတ်သောကြောင့် ဖြစ်သည်။ ဗြိတိန် နိုင်ငံနှင့် အစ္စရေးနိုင်ငံတို့တွင် လေ့လာချက်များအရ ကာကွယ် ဆေးထိုးနှံပြီးနောက် ခြောက်လကြာသည့်အခါ အထူးသဖြင့် လူအိုများ တွင် ကာကွယ်ဆေး၏ အာနိသင်လျော့ကျပြီး ကူးစက်မှု၊ ဆေးရုံတင်ရမှုနှင့် သေဆုံးမှုများမြင့်တက် လာကြောင်း တွေ့ရှိရသည်။

ထိုသို့ ကာကွယ်ဆေးအာနိသင်လျော့ကျမှုနှင့် ဒယ်လ်တာမျိုးကွဲ  ပေါ်ပေါက်လာမှု တို့ကြောင့် ကာကွယ်ဆေးထိုးနှံထားသော်လည်း ကူးစက်ခံရမှုများ (Breakthrough Infection) များ ဖြစ်ပွားကြောင်းတွေ့ရှိရသည်။ သို့ရာတွင် သေဆုံးမှုနှင့် ဆေးရုံတင် ကုသရမှုများ ကိုမူ ကာကွယ်ပေးနိုင်ဆဲဖြစ်ကြောင်း တွေ့ရှိရသည်။ ဗြိတိန်နိုင်ငံတွင် လေ့လာချက်အရ ၂၀၂၁ ခုနှစ် ဇူလိုင်မှ အောက်တိုဘာ လအတွင်း လူပေါင်း ၇၅၀၀၀ ခန့်သည် ဆေးရုံတင်ရန် လိုအပ်ခဲ့ပြီး ကာကွယ်ဆေးမထိုးခင် ယခင်လှိုင်းများ ဖြစ်ပွားခဲ့သည့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီအတွင်း လူပေါင်း ၁၈၅၀၀၀ ခန့် ဆေးရုံတင်ကုသရန် လိုအပ်ခဲ့သည်။ ကာကွယ် ဆေးထိုးနှံထားခြင်းဖြင့် ဆေးရုံတင်ကုသမှုကို  လျှော့ချပေးနိုင်ကြောင်း တွေ့ရှိရသည်။

ရုတ်တရက် ကူးစက်မှုမြင့်တက်ခြင်းကို ထိန်းချုပ်နိုင်ရန် အားဖြည့်ကာကွယ်ဆေး လိုအပ်မှုအခြေအနေ

ဗြိတိန်နိုင်ငံတွင် အသက် ၅၀ နှစ်နှင့် အထက်ရှိသူများနှင့် ရောဂါအခံရှိသူများအား အားဖြည့်ကာကွယ်ဆေးထိုးနှံပေးမှုများကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၆ ရက်မှစတင်၍ ဆောင်ရွက်ခဲ့သည်။ အားဖြည့် ကာကွယ်ဆေးထိုးနှံမှုများ၏ အကျိုးသက်ရောက်မှုနှင့် ပတ်သက်၍ အစ္စရေးနိုင်ငံတွင် လေ့လာတွေ့ရှိချက်များအရ ဆေးရုံတင် ကုသရမှုကို အဆ ၂၀  လျှော့ချပေးပြီး သေဆုံးရမှုကို ၁၀ ဆ ခန့် လျှော့ချပေးနိုင်ကြောင်း တွေ့ရှိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကမူ အားဖြည့်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပတ်သက်၍  ဆင်းရဲသည့် နိုင်ငံများနှင့်နှိုင်းယှဉ်ကာ ဝေဖန်မှုများပြုလုပ်ခဲ့သည်။

ကူးစက်မြန်ဗီဇပြောင်း မျိုးကွဲများပေါ်ထွက်လာမှု

ဗိုင်းရပ်ပိုးသည် လက်ခံကောင်(လူ) အတွင်းတွင် ကူးစက်ပြန့်ပွားမှုများလေလေ ဗီဇပြောင်းမျိုးကွဲများ ပေါ်ထွက်လာရန် အခွင့်အလမ်း များလေလေ ဖြစ်သည်။ အသစ်ပေါ်ထွက်လာသည့် မျိုးကွဲများသည် ကူးစက်မှုပိုမိုမြန်ဆန်ခြင်း၊ ကာကွယ်ဆေးမတိုးခြင်း၊ ကုသမှုဆေးများ မတိုးခြင်းစသည်တို့ ဖြစ်လေ့ရှိရာ မျိုးကွဲသစ်များပေါ်ထွက်လာမှုသည် ကိုဗစ်ရောဂါ ထိန်းချုပ်နိုင်ရေးတွင် ကြီးမားသည့် စိန်ခေါ်မှုဖြစ်သည်။

ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့သည့်ကာလမှစ၍ ရှာဖွေတွေ့ရှိထားသည့် ကိုဗစ်-၁၉ မျိုးကွဲများအနက် အန္တရာယ် ရှိသည့်မျိုးကွဲများအဖြစ် သတ်မှတ်ထားသည့် မျိုးကွဲများမှာ အယ်လ်ဖာ၊ ဘီတာ၊ ဂမ်မာနှင့် ဒယ်လ်တာမျိုးကွဲများ ဖြစ်ကြသည်။  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် နောက်ထပ်အသစ်တွေ့ရှိရသည့်  မျိုးကွဲတစ်ခုကို အိုမီခရွန်ဟု အမည်ပေးကာ အန္တရာယ်ရှိသည့်မျိုးကွဲအဖြစ် သတ်မှတ်ခဲ့သည်။ အဆိုပါ မျိုးကွဲသစ်ကို အာဖရိကတိုက်ရှိ နိုင်ငံများဖြစ်သည့် တောင်အာဖရိကနှင့် ဘော့ဆွာနာနိုင်ငံများတွင် စတင်စမ်းသပ် တွေ့ရှိခဲ့သည်။ နိုင်ငံများအနေဖြင့် အထူးသတိထား စောင့်ကြည့် စမ်းသပ်လေ့လာမှုများပြုလုပ်ခဲ့ရာ  ဥရောပတိုက်ရှိ အချို့ နိုင်ငံများတွင်ပါ တွေ့ရှိခဲ့ကြောင်းသိရှိရသည်။ ယခုအခါ နိုင်ငံပေါင်း ၄၀ ကျော်အထိ ကူးစက်ပျံ့နှံ့ရောက်ရှိပြီဖြစ်ရာ တိုတောင်းသော အချိန်ကာလအတွင်း ထိုမျှ ကူးစက်မြန်ဆန်ခြင်းကြောင့် ကမ္ဘာ တစ်လွှားအထူးသတိထား စောင့်ကြည့်နေကြသည်။ ဗြိတိန်နိုင်ငံသည်ပင်လျှင် အဆိုပါမျိုးကွဲနှင့်ပတ်သက်၍ သေချာ ရေရာမသိရ သေးသည့်ကာလတွင် ကိုဗစ် စည်းကမ်းများကို ပြန်လည်တင်းကျပ်ကာ နိုင်ငံတကာ ခရီးသွားများကိုလည်း ပိတ်ပင် တားမြစ်မှုများ ပြုလုပ်လာကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် ကူးစက်မြန်မျိုးကွဲသစ်များ ပေါ်ထွက်လာမှုသည် ကိုဗစ်ထိန်းချုပ်ရေးနှင့် ကမ္ဘာကြီး ပြန်လည်ပြီး နဂိုအတိုင်းဖြစ် စေရေး ကြီးမားသည့်စိန်ခေါ်မှုဖြစ်စေသည်။

ပညာရှင်များ၏ သုံးသပ်ချက်အရ ဗြိတိန်နိုင်ငံတွင် အားဖြည့်ကာကွယ်ဆေး ထိုးနှံခြင်းနှင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေး အခြေခံစည်း ကမ်းချက်များအား ချမှတ် ဆောင်ရွက်ခြင်း (Soft public health measures)အားဖြင့် လာမည့်ဆောင်းရာသီတွင် ဖြစ်ပွားနိုင်သည့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများကို ထိန်းချုပ်နိုင်မည်ဟု ခန့်မှန်းကြောင်း  သိရှိရသည်။  ဆောင်းရာသီတွင် ရာသီဥတုအေးခြင်းကြောင့် လူအများစုအနေဖြင့် အချိန်အများစုကို အဆောက်အအုံများအတွင်း၌သာ ကုန်လွန် ဖြတ်သန်းရခြင်းကြောင့် ကူးစက်မှုပိုမိုဖြစ်စေ ခြင်းဖြစ်သည်။  ထို့ပြင်  ကူးစက်မြန် ဗီဇပြောင်းအိုမီခရွန် မျိုးကွဲပေါ်ထွက်လာမှုကြောင့် အချို့သောကိုဗစ်စည်းကမ်းချက်များ(ဥပမာ-ပါးစပ်၊ နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်စေခြင်း၊ နိုင်ငံတကာ ခရီးသွားများအား ကွာရန်တင်းဝင်စေခြင်း၊ တားမြစ်ပိတ်ပင် ခြင်းများ) ပြန်လည်တင်းကျပ် လုပ်ဆောင်မည်ဖြစ်သည်။ လုပ်ဆောင်ရန်စီစဉ်ထားရှိသည့် ဆောင်းရာသီတွင် ကိုဗစ်ကူးစက်မှုကို ထိန်းချုပ် နိုင်ရန်အတွက် အားဖြည့်ကာကွယ်ဆေးထိုးနှံခြင်းကို အားပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။ သို့ရာတွင် တင်းကျပ် သည့် လော့ဒေါင်း (LOCK DOWN)  ချမှတ်ခြင်းကိုမူ လုပ်ဆောင်မည်မဟုတ်ဟု သိရှိရပါကြောင်း ရေးသားလိုက်ရပါသည်။   ။

ကိုဇေ