နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် NCA-S EAO ကိုယ်စားလှယ် နိုင်အောင်မငေးတို့ မီဒီယာများနှင့် တွေ့ဆုံ

နေပြည်တော်  သြဂုတ်  ၅

အစိုးရနှင့် NCA-S EAO အလုပ်အဖွဲ့သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၌ သြဂုတ် ၄ ရက်နှင့် ယနေ့တို့တွင် ကျင်းပခဲ့ရာ ယနေ့မွန်းလွဲပိုင်းတွင် အစည်းအဝေးအောင်မြင်စွာ ကျင်းပပြီးစီးသွားသည်။

အစည်းအဝေးအပြီးတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် NCA-S  EAO ကိုယ်စားလှယ် နိုင်အောင်မငေးတို့က မီဒီယာများနှင့် တွေ့ဆုံပြီး အစည်းအဝေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ ၎င်းင်းတို့၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်။

ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “အစိုးရနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အလုပ်အဖွဲ့အကြား (၇)ကြိမ်မြောက် အစည်းအဝေး ဖြစ်ပါတယ်။ အစည်းအဝေးကို မနေ့ကတည်းက ကျင်းပတာ ဒီနေ့မနက်ပိုင်းမှာ ပြီးသွားပါပြီ။ အစည်းအဝေးရလဒ် Union  Accord ရဲ့ အပိုင်း(၁)၊ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘာတူညီချက် အားလုံးပေါင်း ၁၄ ချက်ရပါတယ်။ ဆက်လက်ဆွေးနွေးဖို့ ကျန်ရှိတာက တစ်ချက်ပဲကျန်ပါတယ်။ ဒါကလည်း နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြင်ဆင်တဲ့အပိုင်း ဖြစ်တယ်။  နောက်ပြီး Union  Accord ရဲ့ အပိုင်း(၂)၊ ၂၀၂၀ အလွန်အဆင့်လိုက် လုပ်ငန်းစဉ်၊     အဆင့်လိုက် အကောင်အထည် ဖော်မှုတွေနဲ့ ပတ်သက်လို့ ဇယား(၁)ကတော့ ကျွန်တော်တို့ဆီမှာ ရပြီးသွားပါပြီ။ ဇယား(၁)က အဆင့်လိုက် သွားမယ့်အဆင့်တွေဖြစ်တယ်။ ဒီအပေါ်မှာ ဆွေးနွေးသွားမယ့် အကြောင်းအရာတွေ၊ အကောင်အထည်ဖော်မယ့် ဟာတွေကို ကျွန်တော်တို့   Single Test လုပ်ထားတဲ့ ခေါင်းစဉ်ကြီးရှစ်ခု ပါပါတယ်။ ပြီးရင်တော့ ဇယား(၂)ရှိတယ်။ ဇယား(၂)ကတော့ အဆင့်သုံးဆင့်မှာ  အဆင့်လိုက်  အဆင့်လိုက်ဘယ်လိုသွားမယ်ဆိုတဲ့ အသေးစိတ်တွေကို ညှိနှိုင်းနေဆဲဖြစ်တယ်။ အဲဒါတော့ ဆက်ပြီးတော့ ဆွေးနွေးဖို့ရှိပါမယ်။

နောက်တစ်ခုကတော့ Union  Accord ရဲ့ အပိုင်း(၃)ဖြစ်ပါတယ်။ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ လမ်းညွှန်အခြေခံမူတွေနဲ့  ပတ်သက်လို့ ကျွန်တော်တို့ကြားမှာ သဘောတူညီချက်နှစ်ချက် ရရှိထားပါတယ်။ ဆက်လက်ဆွေးနွေးဖို့က ငါးချက်ကျန်ရှိနေပါတယ်။ နောက်တစ်ချက်ကတော့ ဒီကနေ့အစည်းအဝေးကနေ ပြည်ထောင်စုသဘောတူစာချုပ်ကို ချုပ်ဆိုတဲ့အခါ  ဘယ်လိုချုပ်မလဲဆိုတဲ့ စာချုပ်ပုံစံနဲ့ ပတ်သက်လို့လည်း  ဒီကနေ့ အစည်းအဝေးကနေ အလုပ်အဖွဲ့ ဖွဲ့စည်းပေးခဲ့ပါတယ်။ အဲဒီအလုပ်အဖွဲ့ကနေ ဆက်ပြီးတွေ့မယ်။ ပြီးရင် လာမယ့်သြဂုတ်လ ၁၀၊ ၁၁ မှာ JICM အကြိုညှိနှိုင်းအစည်းအဝေးလုပ်မှာဖြစ်ပါတယ်။ ပြီးရင် JICM  အစည်းအဝေးကို ၁၃ ရက်နေ့မှာ ကျင်းပဖို့ရှိပါတယ်”ဟု ပြောသည်။

ယင်းနောက် NCA-S EAO ကိုယ်စားလှယ် နိုင်အောင်မငေးက “ဒီနေ့အစည်းအဝေးရလဒ်က ကောင်းပါတယ်လို့ပြောရ မယ်။ ကျွန်တော်တို့ ဆက်လက်ဆွေးနွေးဖို့ဆိုရင် အပိုင်း(၁)မှာ မရှိတော့ပါဘူး။ အပိုင်း (၂)နဲ့ အပိုင်း(၃)မှာပဲ ဆက်လက်ဆွေးနွေးဖို့ အနည်းငယ်ပဲ ရှိပါတော့တယ်။ အခုဆက်လက်ဆွေးနွေးဖို့ ကျန်တာကို မနက်ဖြန်နဲ့ သန်ဘက်ခါ   PPST ခေါင်းဆောင်တွေ နေပြည်တော်လာပြီး အစည်းအဝေးထိုင်မယ်။ ကျွန်တော်တို့ ရရှိထားတဲ့ ရလဒ်တွေ အပေါ်မှာ မူတည်ပြီးတော့ PPST ခေါင်းဆောင်တွေကနေပြီး ဘယ်လမ်းညွှန်ချက်တွေ ဆက်ပေးနိုင်မလဲဆိုတာ ပြန်ပြီးတော့ နားထောင်မယ်။ နောက်ပြီး အကြို JICM ကို လာမယ့်သြဂုတ် ၁၀၊ ၁၁ ရက်တွေမှာ ပြန်လုပ်မယ်။ အဲဒါဆိုရင် ကျွန်တော်တို့က အပြီးသတ်ရရှိပြီ။

ကျွန်တော်တို့က နိုင်ငံတော်အပေါ် တောင်းဆိုထားတဲ့ အပစ်အခတ်ရပ်စဲရေး မလုပ်သေးတဲ့ အဖွဲ့တွေကိုလည်း ဖိတ်ကြား ဖို့ပြောထားပါတယ်။ ဒါကိုလည်း နိုင်ငံတော်က    ဖိတ်ပေးပါ့မယ်လို့    ပြောပါတယ်။ ဒါပေမဲ့ AA ကလွဲပြီး ကျန်တဲ့ ခုနစ်ဖွဲ့ကို ဖိတ်ကြားပေးပါ့မယ်လို့ ဒီနေ့အစည်းအဝေးမှာ တရားဝင်ပြောခဲ့ပါတယ်။ သို့သော်  ထိပ်သီးခေါင်းဆောင်က ကိုယ်စားလှယ် လွှတ်လို့မရပါဘူး။ ထိပ်သီးခေါင်းဆောင် ကိုယ်တိုင်တက်မယ်ဆိုရင် တက်လို့ရပါ တယ်ဆိုပြီးတော့ နိုင်ငံတော်ကနေတစ်ဆင့် ဖိတ်ကြားပေးသွားမှာပါ။ ကျန်တာကတော့ ကျွန်တော်တို့ JICM  အစည်းအဝေးမှာပဲ အဖြေ ကောင်းကောင်း ထွက်မယ်လို့လည်း မျှော်လင့်ပါတယ်”ဟု ပြောသည်။

ယင်းနောက် သတင်းမီဒီယာများ၏ မေးမြန်းမှုများနှင့်စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “လက်မှတ်မထိုးရ သေးတဲ့အဖွဲ့ခုနစ်ဖွဲ့ကို ဖိတ်ကြားပါမယ်။ တချို့အဖွဲ့အစည်းတွေကို ဥပဒေအရဖိတ် ကြားဖို့ အကန့်အသတ်ရှိတဲ့အတွက် ဖိတ် ကြားနိုင်မှာမဟုတ်ပါဘူး။ ဖိတ်တဲ့အခါမှာ လက်မှတ်ထိုးပြီးသားအဖွဲ့တွေကို ညီလာခံ တက်ရောက်ဖို့အတွက် ထိပ်သီးခေါင်းဆောင် နှစ်ယောက်စီ ဖိတ်ကြားမှာဖြစ်သလို လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေကိုလည်း ထိပ်သီး ခေါင်းဆောင် နှစ်ယောက်စီ ဖိတ်ကြားမယ်။ ဖိတ်ကြားတဲ့အခါမှာလည်း လူစားထိုး တက်ရောက်ခွင့်မရှိဘူး။ ဖိတ်ကြားတဲ့ ထိပ်သီးခေါင်းဆောင်တွေပဲ ကိုယ်တိုင်တက်ရပါမယ်။  အနိုင်ရနိုင်ငံရေးပါတီ  (၂၁)ပါတီရှိ တယ်။ ဒီပါတီတွေကိုလည်း ခေါင်းဆောင် နှစ်ယောက်စီဖိတ်ကြားမယ်။ သူတို့ကိုလည်း အစားထိုး တက်ရောက်ခွင့်မရှိဘူးဆိုတဲ့ ပုံစံနဲ့ ဖိတ်သွားမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက CSO  Forum က အဖွဲ့တွေကိုလည်း ငါးယောက်ဖိတ်ဖို့ လျာထားတယ်။ ကျန်တာကတော့ ယခင်ညီလာခံတွေမှာ ဖိတ်ကြားခဲ့တဲ့ လေ့လာသူတွေကို COVID  ကာကွယ်၊ ထိန်းချုပ်၊  ကုသရေးကာလဖြစ်တဲ့အတွက် ဒီညီလာခံမှာဖိတ်ကြားမှာ မဟုတ်ဘူး။

အဓိကကတော့ လာမယ့် ၁၃ ရက်နေ့မှာ JICM  လုပ်မယ်။  UPDJC ကို ကျွန်တော်တို့က ၁၇ ရက်မှာ ခေါ်ထားတယ်။ ဒီမတိုင်ခင်မှာလည်း ၁၄ ရက်မှာ နိုင်ငံရေးပါတီ အစုအဖွဲ့ကို ရှင်းပြမယ်။ UPDJC အတွင်းရေးမှူး အစည်းအဝေးက ၁၅ ရက်နေ့ဖြစ်မယ်။ ပြီးရင် ညီလာခံကို ၁၉၊ ၂၀၊ ၂၁ လုပ်မှာ ဖြစ်ပါတယ်။ အဲဒီတော့ ညီလာခံမတိုင်ခင်မှာ UPDJC အစည်းအဝေး တစ်ကြိမ်လုပ်မယ်။ ဒီ UPDJC က သဘောတူလိုက်တာတွေကို့ UPDJC မှာထပ်ပြီးတော့ ကျွန်တော်တို့က အတည်ပြုမယ်။ အဲဒီမှာလည်း ကျွန်တော်တို့က စာချုပ်ပုံစံ အတည်ပြုမယ်။ သဘောတူညီချက်တွေ  အတည်ပြုမယ်။  ပြီးရင် ဘယ်လို Signing လုပ်မလဲဆိုတာတွေဆွေးနွေးပြီး အတည်ပြုမှာဖြစ်တယ်။  အထူးသဖြင့်ကတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို ဦးဆောင်ရတာက UPDJC  ဖြစ်ပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့နဲ့  EAO ကြားမှာ Deadlock ဖြစ်သွားတယ်။ Deadlock ဖြစ်သွားတဲ့အတွက် JICM  က ပြန်စရတဲ့ သဘောဖြစ်သွားတယ်”ဟု ပြောသည်။

စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ အစည်းအဝေး ကျင်းပရန် လျာထားမှုနှင့် စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “ညီလာခံက သုံးရက်ကျင်းပမှာဖြစ်ပါတယ်။ ပထမနေ့က ယခင်ညီလာခံတွေနည်းတူ ဖွင့်ပွဲ အခမ်းအနားကျင်းပပြီး သက်ဆိုင်တဲ့ ခေါင်းဆောင်တွေက     မူဝါဒမိန့်ခွန်းပြောကြားမယ်။ နေ့လယ်ပိုင်းမှာ UPDJC အတွင်းရေးမှူး အစည်းအဝေးလုပ်မယ်။ ဒုတိယနေ့မှာ UPDJC အစည်းအဝေး ဆက်လုပ်မယ်။ တတိယနေ့မှာ Signing Ceremony  လုပ်မယ်။ ပြီးရင် ပြည်ထောင်စုသဘောတူ စာချုပ်အစိတ်အပိုင်း(၃)ပေါ့။ ပြီးခဲ့တဲ့ (၈)ကြိမ်မြောက် JICM  က ဆုံးဖြတ်လိုက်တာကို (၉)ကြိမ်မြောက်မှာ အတည်ပြုမယ်။ အတည်ပြုပြီးသွားရင် ညီလာခံကိုဆက်သွားမယ်။ UPDJC  အစည်းအဝေးညီလာခံ မတိုင်ခင် တစ်ကြိမ်၊ ညီလာခံကာလအတွင်း တစ်ကြိမ်ပေါင်းနှစ်ကြိမ်လုပ်ပါမယ်”ဟု ပြောသည်။

ဆက်လက်၍ ဦးဇော်ဌေးက “ယခင်က Deadlock ဖြစ်ခဲ့တဲ့ အနေအထားထက် ပိုပြီးတော့ ပျော့ပျောင်းညင်သာတဲ့ ဖြေရှင်း ချက်မျိုးကို နှစ်ဖက်ညှိနှိုင်းနေတယ်။ တချို့အပိုင်းတွေမှာလည်း စိုးရိမ်မှုတွေရှိတယ်။ စိုးရိမ်မှုတွေကိုလည်း ဒီနေ့အစည်းအဝေးမှာ  ပွင့်ပွင့်လင်းလင်း ပြောခဲ့တယ်။ ဥပမာလာမယ့် ပြည်ထောင်စုသဘောတူစာချုပ်မှာ ချုပ်ဆိုမယ့် သဘောတူစာချုပ်ရဲ့ အနေအထားက ဘာလဲဆိုတော့ ၂၀၂၀ အလွန် အဆင့်လိုက်သွားမယ့်  ပုံစံကအဓိကကျတယ်။ ပြီးရင် အပိုင်း(၃)ဖြစ်တဲ့ Guilding Principle ကလည်း   အဓိကကျတယ်။ NCA ကို အကောင်အထည်ဖော်တဲ့အခါမှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေကို ကျော်လွှားဖို့က အပိုင်း(၁) ဖြစ်တယ်။ ဒါကတော့ စာချုပ်ချုပ်ပြီးသွားရင် ရွေးကောက် ပွဲပြီးလို့ နောက်တက်လာမယ့် ဘယ်အစိုးရလက် ထက်မှာပဲဖြစ်ဖြစ် ဆက်သွားနိုင်မယ့် Blue Print တစ်ခုရှာသွားမယ်”ဟု ပြောသည်။

မျိုးမြင့်၊ ဟန်လင်းနိုင်