အကြောင်းအကျိုးဆင်ခြင်မှ ကောင်းကျိုးနှစ်တန် အမှန်သိမည်

အကြောင်းအကျိုးဆင်ခြင်မှ ကောင်းကျိုးနှစ်တန် အမှန်သိမည်

မြန်မာနိုင်ငံသည် ရေမြေတောတောင် စိမ်းလန်းစိုပြည်ပြီး သဘာဝအလှတရားနှင့် ပြည့်စုံသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များစွာ တည်ရှိသောကြောင့် နိုင်ငံခြားသား ခရီးသွားများ တဖွဲဖွဲ လာရောက် လည်ပတ်လေ့ရှိသည်။ ပြည်တွင်းပြည်ပ ခရီးသွားများကို  တောင်ပေါ်နှင့် မြေပြန့်ဒေသတို့တွင် သဘာဝဇီဝ အဝန်းနယ်မြေများနှင့် ရှေးဟောင်းအမွေအနှစ်တို့ စုဝေးရာဒေသတို့က အစဉ်ဆွဲဆောင်လျက်ရှိသည့်အပြင် မန္တလေး ရတနာပုံ နန်းတော်ကလည်း မြန်မာနိုင်ငံ၏ သမိုင်းပုံရိပ်တို့ဖြင့် ပြည်တွင်း၊ ပြည်ပခရီးသွားများ အထူးစိတ်ဝင်စား လည်ပတ်ကြလေ့ရှိသည်။ မန္တလေးမြို့သို့ ရောက်လျှင် နိုင်ငံခြား ခရီးသွားများ မရောက်မဖြစ် သွားလေ့ရှိသော နေရာတို့တွင် ဦးပိန်တံတားလည်း တစ်ခုအပါအဝင်ဖြစ်သည်။ အမရပူရမြို့တွင်ရှိသော တောင်သမန်အင်းကို ဖြတ်သန်း တည်ဆောက်ထားသော  ဦးပိန်တံတားသည် မှတ်သားဖွယ်ရာ သမိုင်းသင်ခန်းစာများစွာ ကျန်ရှိလျက်ရှိသည်။

အမရပူရမင်းနေပြည်တော်တွင် ပုဂံမင်း ထီးနန်းစိုးစံနေစဉ် မင်းလိုလိုက် မင်းကြိုက်ခစားတတ်သော မြို့ဝန်ဘိုင်ဆပ်နှင့် မြို့စာရေးမောင်ပိန်တို့ တန်ခိုးသြဇာကြီးမားခဲ့ကြသည်။ ဘိုင်ဆပ်က ပုဂံမင်းတရားကြီးထံတွင် ဘိုးတော်ဘုရား တည်ထားခဲ့သည့် ကျောက်တော်ကြီးဘုရားနှင့် ဘကြီးတော်မင်းတရားကြီး တည်ထားခဲ့သော ကောင်းမှုတော် ဘုရားနှစ်ဆူကြားတွင် တောင်သမန် အင်းကြီးကိုဖြတ်သန်း၍  တိုင်းသူပြည်သားများ သွားလာဖူးမြော်နိုင်ရန်  တံတားကြီးတစ်စင်း တည်ဆောက်မှုကို လျှောက်တင်ရာ ပုဂံမင်းတရားမှခွင့်ပြုခဲ့သည်။ ထိုသို့တည်ဆောက်ရာ၌ အင်းဝနန်းတော်ဟောင်းကို ပစ်ထားရမည့်နည်းတူ တံတားတည်ဆောက်ရာ၌ ထိုသစ်များကို အသုံးပြုရန် လျှောက်တင်ခဲ့ရာ ပုဂံမင်းက ထပ်မံခွင့်ပြုခဲ့သည်။ ကျွန်းတိုင်ပေါင်း ၁ဝဝဝ ကျော်ရှိသော ဦးပိန်တံတားအရှည်ကို တည်ဆောက်လုပ်ရာ၌ ကျွန်းတိုင်နှင့်ကြမ်းခင်းအတွက် နန်းတော်ဟောင်းမှ သစ်များကိုအသုံးပြုခဲ့ပြီး   ကျန်သောအဖိုးတန်သစ်များ ပျောက်ဆုံးခဲ့သည်။   မြို့ဝန်နှင့်မြို့စာရေးတို့ ပူးပေါင်းကြံစည်မှုဖြင့် အင်းဝနန်းတော်ဟောင်း၏ အဖိုးတန်သစ်များ ပျောက်ကွယ်ခဲ့သည်။ ယင်းတို့ နှစ်ဦးသည် မင်းနေပြည်တော် သာယာလှပတိုးတက်ရေးနှင့် လုံခြုံရေး ဆောင်ရွက်မှုထက် ရရှိထားသော ရာထူးကို အာဏာအဖြစ် အသုံးချကာ နန်းတွင်းနှင့် ပြည်သူတို့ကိုအလိုရှိတိုင်း ချယ်လှယ်ခဲ့ကြသည်။  တိုင်းသူပြည်သားတို့သာမက နန်းတွင်းသူ၊ နန်းတွင်းသားတို့မှာလည်း ထိုနှစ်ဦး၏ ရမ်းကားမှုဒဏ်ကို ခံခဲ့ကြရသည်။ မယ်တော်နှင့် အမတော်တို့မှတစ်ဆင့် ဘုရင့်ရွှေနားတော် ပေါက်ကြားရန် တင်သွင်းသောအခါ ပုဂံမင်းတရားကြီးက ဘိုင်ဆပ်ကို မနာလိုသူတွေ များနေတယ်ဟူ၍ မိန့်တော်မူခဲ့သည်။ ယင်းနောက်တွင် မိဖုရား၏ လျှောက်တင်မှုအရ အဖြစ်မှန်ကို ပုဂံမင်းသိသွားသောအခါ ဘိုင်ဆပ်နှင့် အပေါင်းအပါတို့မှာ အာဏာပါးကွက်သားတို့၏ ကွပ်မျက်မှုကိုခံရသည်။

တိုင်းပြည်ပြန်လည် ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်ရာတွင် မျိုးချစ်စိတ်နှင့် တိုင်းပြည်ချစ်စိတ်သည် အထူးပင်အရေးပါသည်။ တိုင်းပြည်အတွက်  ဦးဆောင်ဦးရွက် ဆောင်ရွက်သူနှင့် ဦးလည်မသုန် လိုက်ပါဆောင်ရွက်နိုင်မှုသည် နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်ကြသည့် နိုင်ငံ့ဝန်ထမ်းတို့နှင့် ပြည်သူ့ဝန်ထမ်းကောင်းတို့၏ တာဝန်ကျေပွန်မှုနှင့် သစ္စာစောင့်သိမှုပင်ဖြစ်သည်။ တိုင်းပြည် မတည်မငြိမ် ဖြစ်ပေါ်စေရန်နှင့် အသင်းအဖွဲ့ပြိုကွဲစေရန်လှုံ့ဆော် ဆောင်ရွက်တတ်သူတို့ကိုလည်း အထူး သတိပြုရမည်ဖြစ်သည်။   တိုင်းပြည် နှင့်ပြည်သူအပေါ် အလုပ်အကျွေးပြုခြင်းဖြင့် တာဝန်ကျေပွန်မှုသည် နိုင်ငံ၏ဂုဏ်ကို စောင့်သိရိုသေခြင်းပင်ဖြစ်သည်။

အမရပူရထီးနန်းကို မင်းတုန်းမင်းတရားကြီး စိုးစံတော်မူစဉ် မင်းနေပြည်တော်ကို မန္တလေးရတနာပုံသို့ ပြောင်းရွှေ့ပြီး မြနန်းစံကျော် ရွှေကျောင်းတော်တွင် စံမြန်းတော်မူခဲ့သည်။ မန္တလေးနန်းမြို့တည်ထောင်သော ကောဇာသက္ကရာဇ် ၁၂၂၁ ခုနှစ်ကိုအစွဲပြု၍  ''အောင်ကျော်ချမ်းအေးမန္တလေး'' ဟု အမှတ်အသားပြုထားခဲ့သည်။   မန္တလေးမြို့ကို တည်ထောင်သူမှာ ရွှေဘိုမင်း၏သားတော် မင်းတုန်းမင်း(ထိပ်တင်လွင်)နှင့် အိမ်ရှေ့စံညီတော် ကနောင်မင်းသားကြီး(ထိပ်တင်ကောက်)တို့ဖြစ်ကြောင်း ပြင်စည်မင်းသားကြီး ရေးဖွဲ့ခဲ့သော မြမန်ဂီရိယိုးဒယား သီချင်းတွင် ''နန်းတည်ထောင်ညီနောင်ကို၊ ရွှေဘိုငယ်တော်ရင်း'' ဟုဖော်ပြထားသည်။ မင်းတုန်းမင်းတရားကြီး ထီးနန်းမစိုးစံမီက အင်္ဂလိပ်တို့ သိမ်းပိုက်ထားသော မြန်မာပြည်အောက်ပိုင်းကို သံတမန်နည်းဖြင့် ပြန်လည်ရရှိအောင် မင်းတရားကြီး ကြိုးပမ်းနေစဉ် ညီတော်ကနောင်မင်းသားက နိုင်ငံတော် ကာကွယ်ရေးကို စွမ်းအားမြှင့်တင်ပြင်ဆင်ခဲ့သည်။ ထိုအချိန်တွင် ဘုရင့်သားတော်သာလျှင် အိမ်ရှေ့မင်းဖြစ်သင့်သည်ဟု အစွဲရှိသူ မြင်ကွန်းမင်းသားကို နယ်ချဲ့အင်္ဂလိပ်တို့က စည်းရုံးပြီးဖြစ်သည်။ မြင်ကွန်းမင်းသားနှင့် ညီတော်မြင်းခုန်တိုင် မင်းသားတို့ဦးဆောင်သော လုပ်ကြံမှု ပေါ်ပေါက်ခဲ့ရာ  ကနောင်မင်းသားကြီး ကံတော်ကုန်ခဲ့သည်။  မြန်မာတို့၏ ကာကွယ်ရေး စွမ်းအားတိုးမြှင့်နေမှုကို ချိုးနှိမ်ခံလိုက်ရခြင်း ဖြစ်သည်။

မင်းတုန်းမင်းကြီး နတ်ရွာစံပြီးနောက် သီပေါမင်း နန်းတက်ချိန်တွင် ရနောင်မင်းသား မောင်မောင်တုတ်သည် အရှင်နှစ်ပါး၏ မြှောက်စားမှုဖြင့် ထင်တိုင်းပြုလုပ်ခြင်းကြောင့် တိုင်းသူပြည်သားများ ဆင်းရဲဒုက္ခရောက်ကြရသည့်အပြင် နန်းတွင်းအရေးမှာလည်းရှုပ်ထွေးလာခဲ့သည်။ ထိုအခွင့်အရေးကို စောင့်မျှော်နေသော နယ်ချဲ့သူလျှိုတို့ နန်းတော်အတွင်း ဝင်ရောက်ခစားနေကြသည်မှာ နန်းတွင်းရေးကို ပိုမိုရှုပ်ထွေးစေခဲ့သည်။ ယင်းနောက်တွင်  မောင်မောင်တုတ်၏ ဇာတ်ရှုပ်များ ပေါ်ပေါက်သွားသောအခါ ကွပ်မျက်ခံရပြန်သည်။ ၁၈၈၅  ခုနှစ် နိုဝင်ဘာလတွင် ဗြိတိသျှစစ်သင်္ဘောများ   ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာချိန်၌ပင်   မန္တလေးနန်းတွင်း အရေးမှာ ရှုပ်ထွေးနေလျက်ရှိသည်။ စည်းမျဉ်းခံဘုရင်စနစ်ကို လိုလားသောအုပ်စုနှင့် ပဒေသရာဇ်စနစ်ကို လိုလားသော အုပ်စုတို့ ငြင်းခုန်နေကြလျက်ရှိသည်။ နိုင်ငံတော်ကာကွယ်ရေးကို စုပေါင်းကာကွယ်ရမည့်အစား စနစ်နှစ်ခု၏ အားပြိုင်မှုတွင် ပြည်တွင်းရေးထက် နန်းတွင်းအရေးကို ဦးစားပေးခဲ့ကြသည်။ ၁၈၈၅ ခုနှစ် နိုဝင်ဘာ၂၇ ရက်တွင် မြန်မာပြည်အထက်ပိုင်းကို နယ်ချဲ့အင်္ဂလိပ်တို့ အလွယ်တကူသိမ်းပိုက်ခဲ့ရာ မြန်မာနိုင်ငံသည် သူ့ကျွန်ဘဝသို့ သက်ဆင်းခဲ့ရသည်။ နှစ်ပေါင်း ၁ဝဝ ကျော် နယ်ချဲ့လက်အောက်တွင် မြန်မာနိုင်ငံသည် လွတ်လပ်မှု ဆုံးရှုံးခဲ့ရသည်။

ပြည်တွင်းရေးသည်    ပြည်တွင်းနိုင်ငံသားတို့၏ အရေးသာဖြစ်သောကြောင့် နိုင်ငံသားတို့၏ နိုင်ငံချစ်စိတ်ပေါ်တွင်  အများဆုံး မူတည်လျက်ရှိသည်။ ပြည်ပ ပယောဂကြောင့် ပြည်တွင်းမငြိမ်မသက်ဖြစ်မှုဖြင့် တိုင်းပြည်ချောက်အတွင်း သက်ဆင်းလု နီးနီးအချိန်တိုင်းတွင် တပ်မတော်သည် အသက်ပေါင်း များစွာစွန့်၍ နိုင်ငံကို ကယ်တင်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ တိုင်းရင်းသားပြည်သူများနှင့် တပ်မတော်တို့ လက်တွဲပူးပေါင်း အောင်မြင်မှုဖြင့် တိုင်းပြည် ကိုကာကွယ် စောင့်ရှောက်ခဲ့မှုသည် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို မြတ်နိုးတန်ဖိုးထားသော သွေးချင်းညီ နောင်တို့၏ နိုင်ငံချစ်စိတ်ကြောင့်ပင်ဖြစ်သည်။

ရှေးမင်းများ လက်ထက်ကပင်  မြန်မာ့နိုင်ငံရေးတွင် ပြည်ပသွေးထိုးမှုနှင့် ပြည်တွင်းရေး တည်ငြိမ်မှုမရှိစေရန် သပ်လျှိုလုပ်ဆောင်မှုတို့ကို သင်ခန်းစာယူ၍ တိုင်းရင်းသား သွေးချင်းညီနောင်တို့ အနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းပြည်အေးချမ်းသာယာရေးကို ဝိုင်းဝန်းလက်တွဲဆောင်ရွက်ရမည့် အချိန်အခါလည်းဖြစ်သည်။ အစွဲတစ်ခုနောက်သို့ လိုက်ပါခြင်းသည် တိုင်းပြည်အတွက် အကျိုးမရှိဘဲ တိုင်းရင်းသား စည်လုံးညီညွတ်မှုကိုလည်း ထိခိုက်စေလျက်ရှိသည်။  နိုင်ငံတော် ကာကွယ်ရေး၊ တည်ငြိမ်အေးချမ်းသာယာရေး၊   တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးကို ဝိုင်းဝန်းလက်တွဲ ဖော်ဆောင်ရမည့် အချိန်အခါလည်းဖြစ်သည်။ တစ်ချိန်ကအမှားများကို သင်ခန်းစာ ယူရမည်ဖြစ်သည်။

ပုဂံမင်းလက်ထက် အမရပူရခေတ်တွင် ပုဂ္ဂိုလ်စွဲတို့ကြောင့် ပြည်သူနှင့်နန်းတွင်း ဆင်းရဲဒုက္ခရောက်ခဲ့ရပြီး မန္တလေးရတနာပုံခေတ် သီပေါမင်းလက်ထက်တွင်လည်း နန်းတွင်းအရေး ရှုပ်ထွေးမှုနှင့် ပုဂ္ဂိုလ်စွဲတို့ဖြင့် ပြည်သူတို့ ဆင်းရဲဒုက္ခကြုံတွေ့ရသည်။ ကာကွယ်ရေး လုပ်ငန်းများ အားနည်းမှုဖြင့်  နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့ရသည်။ သမိုင်းသင်ခန်းစာတို့သည် ယနေ့တိုင်ခြောက်သွေ့ခြင်း မရှိသေးသည်ကို သတိပြုဖွယ်ပင်ဖြစ်သည်။

ယနေ့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတို့သည် ယင်းတို့ကျင့်သုံးသော  နိုင်ငံရေးစနစ် မတူညီကြသော်လည်း စည်းမျဉ်းခံဘုရင်စနစ် ကျင့်သုံးရာတွင် တူညီမှုရှိသည်ကို ထောက်ရှုခြင်းအားဖြင့် လွှတ်တော်များ၏ အခန်းကဏ္ဍအရေးပါမှုကို တွေ့မြင်ရမည်ဖြစ်သည်။ လွှတ်တော်ဆိုသည်နှင့် ပါလီမန်ဒီမိုကရေစီ တစ်နည်းအားဖြင့် ပါတီစုံဒီမိုကရေစီ ဝေါဟာရများ တွဲလျက်ပါသော အဓိပ္ပာယ် သက်ရောက်မည်ဖြစ်သည်။ စည်းမျဉ်းခံ ဘုရင်စနစ်သည် ခရစ်တော်မပေါ်မီ ဘီစီ ၅ ရာစုက ဂရိ(အေသင်)မြို့ပြနိုင်ငံမှ  စတင်ခဲ့ခြင်းဖြစ်သည်။ ဘီစီ ၄၃၁ မှ ၄၆၁ ထိ အေသင်မြို့တွင် ရွေးကောက် တင်မြှောက်ခံရသော ပရီကလိစ် (Pricles) ဘုရင်လက်ထက် အေသင်မြို့ပြ အုပ်ချုပ်ရေးတွင် ဒီမိုကရေစီစနစ် ထွန်းကားလာသည်နှင့် တစ်ပြိုင်တည်း စီးပွားရေး၊ လူမှုရေးနှင့်  ယဉ်ကျေးမှုတို့  ထွန်းကားတိုးတက်မှု ဖြင့်  နိုင်ငံတော်ကာကွယ်ရေး၌ အေသင်ရေတပ်၏ အာဏာစက်သည် ဂရိအရှေ့ဘက်ဒေသထိ  ထင်ရှားခဲ့သည်။ ဂရိမြို့ပြနိုင်ငံများကို ကာကွယ်နိုင်စွမ်းရှိသောကြောင့် အေသင်၏ သစ္စာကိုခံယူခဲ့ကြသည်။ ဘီစီ ၄၃၁ တွင် အေသင်၌ ပလိပ်ရောဂါဖြစ်ပွားခဲ့ပြီး နှစ်ပေါင်း ၃ဝ အကြာတွင် သစ္စာခံထားသော မြို့ပြနိုင်ငံများနှင့် စပါတားတို့ပူးပေါင်းမှုဖြင့် အေသင်ကိုအန်တုခဲ့ရာ အေသင်တို့ စပါတားကို အညံ့ခံခဲ့ရသည်။ စပါတားတို့သည် အေသင်ကို သိမ်းပိုက်ပြီးနောက် အုပ်ချုပ်ရေးတွင် မင်း ၃ဝ ပါသော အဖွဲ့ကိုဖွဲ့စည်း၍ အုပ်ချုပ်စေခဲ့သော်လည်း ဘီစီ ၃၉၉ တွင် မင်း ၃ဝ အဖွဲ့ပျက်၍ ဒီမိုကရေစီသမားများ ပြန်လည် အုပ်ချုပ်ခဲ့ကြသည်။ ဘီစီ ၃၃၈ တွင် မက်ဆီဒိုးနီးယားနိုင်ငံမှ သက်ဦးဆံပိုင် ဘုရင်ဖိလစ်၏ လက်အောက်သို့ ဂရိဒေသတစ်ခုလုံး ကျရောက်သွားသည်မှစ၍    ဂရိနိုင်ငံနှင့်အတူ ဒီမိုကရေစီသည် ပျက်သုဉ်းခဲ့သည်။

 နှစ်ပေါင်းရာကျော်တိုင်းတစ်ပါး လက်အောက်ကျရောက်ခဲ့သော မြန်မာနိုင်ငံသည် တပ်မတော်၏ ဦးဆောင်မှုနှင့် ပြည်သူလူထု ပါဝင်မှုဖြင့် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်လာခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက် တိုင်းပြည်ကိုတာဝန်ယူ အုပ်ချုပ်သောအစိုးရမှာ ပါလီမန်ဒီမိုကရေစီ အစိုးရဖြစ်သည်။ ထိုပါတီအတွင်း၌လည်း ပဋိပက္ခများစွာရှိခဲ့ပြီး   အတိုက်အခံပါတီများနှင့် အားပြိုင်လျက်ရှိကာ တိုင်းပြည်အရေးထက် ပါတီအရေးကိုသာ ဦးစားပေးခဲ့ကြသည်။ တိုင်းရင်းသား လူမျိုးစုများကို ပစ်ပယ်ခဲ့ပြီး အစွန်းရောက် လုပ်ရပ်များကို လုပ်ဆောင်ခဲ့ခြင်းကြောင့် လက်နက်ကိုင်ပြည်တွင်း သောင်းကျန်းမှုကြီးဖြစ်ပေါ်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် မြန်မာပြည်တွင် ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲနှင့် အယူစွဲတို့ကြောင့် ပြည်တွင်းရေး မငြိမ်မသက်မှုများ ဖြစ်ပေါ်ခဲ့ရာ တပ်မတော်ကပင် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ခဲ့သည်။ တပ်မတော်သည် ပြည်သူတို့ လိုလားသော ဒီမိုကရေစီစနစ်ကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်လျက်ရှိသည်။

လွတ်လပ်ရေးကြိုးပမ်းမှုတွင်  သန္ဓေတည် ပေါက်ဖွားလာသော တိုင်းရင်းသား ညီအစ်ကိုများဖြင့်  ဖွဲ့စည်းထားသည့်   မြန်မာ့တပ်မတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ထွန်းကားရေးအတွက် အခြေခံအဆောက်အဦများ  တည်ဆောက်ပေးခြင်း၊ ချမှတ်ထားသောဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းတို့နှင့် အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည်။   ရွေးကောက်ပွဲအခြေခံ  ဒီမိုကရေစီစံဆောင်ပုဒ်ကို   လေးနက်စွာ ခံယူထားရာ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်  တပ်မတော်က အားပေးကူညီခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်သည်။ တိုင်းရင်းသား ပြည်သူတို့၏ တူညီသောဆန္ဒဖြစ်သည့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးကိုလည်း နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့်  တပ်မတော်အနေဖြင့် လက်တွဲဆောင်ရွက်နေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။

၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလက ပြုလုပ်ခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသည်   နိုင်ငံရေး ရည်မှန်းချက်ရှိရှိဖြင့် ဆောင်ရွက်ခဲ့သော မဲမသမာမှုတို့ကြောင့်  ရွေးကောက်ပွဲကော်မရှင်၊ တည်ဆဲအစိုးရ၊ ပြည်ထောင်စုလွှတ်တော်၊ နိုင်ငံရေးခေါင်းဆောင်များနှင့် ညှိနှိုင်းဆွေးနွေးရန် တပ်မတော်အနေဖြင့် နည်းမျိုးစုံဆောင်ရွက် ခဲ့သော်လည်း သက်ဆိုင်သူတို့က နှုတ်ဆိတ်နေခဲ့ကြသည်။ ရွေးကောက်ပွဲသည် တရားမျှတပြီး သန့်ရှင်းရိုးသားမှုရှိပါက သက်ဆိုင်သူတို့အနေဖြင့် တရားဥပဒေနှင့်အညီ ဖြေရှင်းပေးရမည်ဖြစ်သော်လည်း ဖြေရှင်းမှုမရှိသည့်အတွက် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြဋ္ဌာန်းချက်အရ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်က နိုင်ငံတော်အာဏာကို  ထိန်းသိမ်းခဲ့ရသည်။ နေပြည်တော်တွင် ရောက်ရှိနေသော လွှတ်တော်ကိုယ်စားလှယ်များကိုလည်း  နေရပ်ဒေသ အသီးသီးသို့ပြန်လည်စေလွှတ် ပို့ဆောင်ပေးခဲ့သည်။   NLD  ပါတီလွှတ်တော် ကိုယ်စားလှယ်အများစုသည် ဥပဒေဖြင့်ဖြေရှင်းသော နည်းလမ်းကိုအသုံးမပြုဘဲ လူထုအား အကြမ်းဖက်ဆန္ဒပြသော နည်းလမ်း၊ လက်နက်ကိုင် ဆန့်ကျင်သော နည်းလမ်းတို့ဖြင့် တိုင်းပြည်အခက်အခဲ နွံအတွင်းသို့တွန်းပို့ခဲ့ကြသည်။ 

ဖေဖော်ဝါရီ  ၇   ရက်မှစတင်၍ ဆန္ဒပြမှုဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း  လက်နက်ကိုင် အကြမ်းဖက်သောအသွင်ဖြင့် လုပ်ဆောင်ခဲ့ကြသည်။ PDF  အကြမ်းဖက်အဖွဲ့အစည်းများ ဖွဲ့စည်း၍ ယင်းတို့အား မထောက်ခံသည့်    ပြည်သူတို့အား တိုက်ခိုက်သတ်ဖြတ်ခြင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် နိုင်ငံ့ဝန်ထမ်းတို့ကို တိုက်ခိုက်သတ်ဖြတ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြသည်။

ထို့ပြင် စာသင်ကျောင်း၊ ဆေးရုံဆေးခန်းအပါအဝင် နိုင်ငံပိုင် အဆောက်အဦနှင့် လမ်းတံတားတို့ကိုလည်း မီးရှို့ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းတို့ လုပ်ဆောင်ခဲ့ကြသည်။ NLDနှင့် CRPH အမည်ခံအဖွဲ့တို့သည် အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် နိုင်ငံတော်က ကြေညာထားခဲ့ပြီး ဖြစ်သည်။

တပ်မတော်အနေဖြင့် နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာ၍  ထိန်းသိမ်းခဲ့ရသည့် အကြောင်းရင်းကို  ပြည်သူအများ သိရှိနိုင်ရန် အသံလွှင့်ဌာနနှင့် နိုင်ငံပိုင်ပုံနှိပ်မီဒီယာတို့မှတစ်ဆင့် အသိပေးကြေညာခဲ့ပြီး ဖြစ်သည်။ ပြည်သူတို့အနေဖြင့် နိုင်ငံပိုင်မီဒီယာ၏ ထုတ်လွှင့်မှုကို ကြားသိတွေ့မြင်မှုဖြင့် သတင်းမှန်တို့ကို သိရှိကြမည်ဖြစ်သည်။ ရှုပ်ထွေးသော လူ့ဘောင်လူ့လောကတွင် အကျိုးကိုသိရှိရုံဖြင့် အကြောင်းရင်းကို မသိနိုင်သည်များ မြားမြောင်လှသည်။ ထို့ကြောင့် အကြောင်းရင်းကိုသိမှသာ ဖြစ်ပေါ်လာသည့် ကောင်းဆိုးနှစ်တန်ကို ဝေဖန်ဆန်းစစ်မှုဖြင့် အမှန်တရားကို သိရှိနိုင်ကြပါစေကြောင်း ရေးသားလိုက်ရပါသည်။  ။