မျိုးဗီဇပြောင်း အိုမီခရွန်ကြောင့် ရောဂါဖြစ်ပွားမှုများပြားမလာစေရေး ကြိုတင်ပြင်ဆင်ထားရှိမှုများ

မျိုးဗီဇပြောင်း အိုမီခရွန်ကြောင့် ရောဂါဖြစ်ပွားမှုများပြားမလာစေရေး ကြိုတင်ပြင်ဆင်ထားရှိမှုများ

အိုမီခရွန်မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိရမှုကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်မှု မရှိစေရေး၊ မိဘပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါကို ဆက်လက်၍ သတိပြုကာကွယ်နိုင်ကြစေရေးနှင့် မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးများကြောင့်   ရောဂါဖြစ်ပွားမှု တစ်ကျော့ ပြန်လည်၍ များပြားမလာစေရေး ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်ထားရှိမှုများကို ပြည်သူများ သိရှိ၍ ပူးပေါင်းပါဝင်ပံ့ပိုး ဆောင်ရွက်နိုင်ရေးတို့အတွက် ရည်ရွယ်လျက် ယခုဆောင်းပါးကို တင်ပြလိုက်ရပါသည်။

ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပြင်ဆင်ဆောင်ရွက်ခဲ့

ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီတို့၏ လမ်းညွှန်မှု၊  ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီတို့၏ အနီးကပ်ကြီးကြပ် ကွပ်ကဲမှုတို့ဖြင့် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း စတင်ကျဆင်းလာချိန်ကာလကပင် မိမိတို့နိုင်ငံအတွင်းသို့ မျိုးဗီဇပြောင်း ရောဂါပိုးများ ထပ်မံဝင်ရောက်လာခြင်းကြောင့် ရောဂါဖြစ်ပွားမှုများ ပြန်လည်မြင့်တက် မလာစေ ရေးနှင့် ရောဂါဖြစ်ပွားမှု နောက်ထပ် လှိုင်းတစ်လှိုင်းအဖြစ် ကြီးမားပြင်းထန်စွာဖြစ်ပွားမလာစေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ပြင်ဆင်ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် နိုင်ငံတကာတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေများ၊ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုးအသစ်တွေ့ရှိရမှု အခြေအနေများကိုလည်း မျက်ခြည်မပြတ် စောင့်ကြပ်ကြည့် ရှုလျက်ရှိပါသည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စိုးရိမ်ဖွယ်ကူးစက်မှုများဖြစ်ပွားနိုင်သည့် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုးအုပ်စု (Variants of Concern)တွင် ငါးခုမြောက်အဖြစ် အသစ်ထပ်မံတွေ့ရှိရသည့် (B.1.1.529) မျိုးဗီဇပြောင်းရောဂါပိုးကို အိုမီခရွန်(Omicron)ဟုအမည်ပေးကာ ထပ်မံထည့်သွင်းခဲ့၍ အဆိုပါရောဂါပိုးသည် အာဖရိကတိုက် တောင်ပိုင်း၊ တောင်အာဖရိကနိုင်ငံနှင့် ဘော့ဆွာနာနိုင်ငံတို့တွင် စတင်တွေ့ရှိခဲ့ရာမှ အခြားနိုင်ငံများသို့လည်း ကူးစက်ပျံ့နှံ့လျက် ရှိကြောင်း သတင်းထုတ်ပြန်ချက်အရ  ကမ္ဘာတစ်ဝန်းလုံးတွင် အိုမီခရွန်ကူးစက်မှုနှင့်ပတ်သက်၍ စိုးရိမ်မှုများ ပေါ်ပေါက်လာခဲ့သည်။

ရောဂါပြင်းထန်စွာဖြစ်ပွားမှုမတွေ့ရသေးသော်လည်း ကူးစက်မှုနှုန်းမြင့်မားသည်ကိုတွေ့ရ

လတ်တလောတွေ့ရှိမှုများအရ အိုမီခရွန် မျိုးဗီဇပြောင်းမျိုးကွဲသည် ကူးစက်မှုနှုန်းမြင့်မားစွာဖြင့် ကူးစက်နိုင်သည့်အနေအထားကို  တွေ့မြင်နေရသော်လည်း ရောဂါပြင်းထန်စွာဖြစ်ပွားနိုင်မှု အခြေအနေနည်းပါး၍ အိုမီခရွန်ရောဂါ ဝင်ရောက်ဖြစ်ပွားမှုကြောင့် သေဆုံးရမှုများကို ဒီဇင်ဘာ ၄ ရက်အထိတွေ့ရှိရခြင်း မရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ တာဝန်ရှိသူထံမှ သိရှိရသည်။ မျိုးဗီဇပြောင်း ရောဂါပိုးများ၏ သဘာဝအရ ရောဂါပြင်းထန်စွာ ဖြစ်ပွားနိုင်မှုနှင့်ပတ်သက်၍ ရက်သတ္တပတ်အနည်းငယ် ထပ်မံ စောင့်ကြည့်ရဦးမည်ဖြစ်ပါသည်။ ရောဂါဖြစ်ပွားမှု ပြင်းထန်ခြင်းမရှိဘဲ လျင်မြန်စွာကူးစက်ဖြစ်ပွားခြင်းဖြင့် ရောဂါပိုးကူးစက်ခံရ သူများအနေဖြင့် ပြန်လည်ကောင်းမွန်လာသည့်အခါတွင် ရောဂါခုခံနိုင်သည့် ပဋိပစ္စည်းများ ခန္ဓာကိုယ်အတွင်း ထွက်ပေါ်လာစေသည့် ကိုယ်ခံအားရရှိခြင်းကိုဖြစ်ပေါ်စေနိုင်ပါသည်။ သို့ရာတွင် နိုင်ငံတကာမှ ပညာရှင်များ၏ သုံးသပ်ချက်အရ ရောဂါကူးစက်ဖြစ်ပွားသူ များလာပါက ကာကွယ်ဆေးထိုးနှံခြင်း အကြိမ်ပြည့်ခံယူရခြင်းမရှိသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ခံအားနည်းသူများ အကြား ရောဂါပြင်းထန်စွာ ခံစားရသူအရေအတွက်လည်း များပြားလာနိုင်ရာမှဆက်လက်၍ ကျန်းမာရေးစနစ်အပေါ် ဝန်ပိမှုများ လည်း ဖြစ်ပေါ်လာနိုင်ပါသဖြင့် အိုမီခရွန်ရောဂါပိုး၏ ဆက်လက်ဖြစ်ပေါ်လာနိုင်သည့် သဘောသဘာဝကို သတိဖြင့် စောင့်ကြည့်၍ No-one is safe until everyone is safe ဖြစ်သည်နှင့်အညီ အားလုံးကိုယ်စီကာကွယ်မှုများအလေးထား၍ ဆောင်ရွက်ရမည်ဖြစ် သကဲ့သို့ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ၊ ကုသရေးလုပ်ငန်းများ စသည့်ကျန်းမာရေး စနစ်တောင့် တင်းခိုင်မာစေရေး လုပ်ငန်းများကိုလည်း  အဘက်ဘက်မှ ကြိုတင်ပြင်ဆင်အားဖြည့် ဆောင်ရွက်နေရခြင်းဖြစ်သည်။

ရောဂါဝင်ရောက်လာနိုင်သည့် လမ်းကြောင်းများတွင် လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်                

မိမိတို့နိုင်ငံအတွင်းသို့ ကိုဗစ်-၁၉ ရောဂါဝင်ရောက်ဖြစ်ပွားမှုဖြစ်စဉ်များတွင် ပထမလှိုင်းကာလတွင် လေကြောင်းမှတစ်ဆင့် ဝင်ရောက်ခဲ့ခြင်း၊ ဒုတိယလှိုင်းနှင့် တတိယလှိုင်းကာလများတွင် အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်နေသည့်  နယ်စပ်ဒေသများမှတစ်ဆင့် စတင်ဝင်ရောက်ခဲ့ရာမှ အဆင့်ဆင့် ကူးစက်ဖြစ်ပွားခဲ့ရမှုများကို အားလုံးအသိပင်ဖြစ်ပါသည်။ မိမိတို့နိုင်ငံအနေဖြင့် အိုမီခရွန် အပါအဝင် မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးများကြောင့် ရောဂါဖြစ်ပွားမှုတစ်ကျော့ပြန် များပြားမလာစေရေးအတွက် ရောဂါ ကာကွယ်ထိန်းချုပ်ရေး အစီအမံများအား ပိုမိုအားဖြည့်ဆောင်ရွက်ခဲ့ရာတွင် တောင်အာဖရိကနှင့် ဘော့ဆွာနာနိုင်ငံတို့တွင် နေထိုင်သူများနှင့် အဆိုပါနိုင်ငံများသို့ လွန်ခဲ့သော ၁၄ ရက်အတွင်း ခရီးသွားရာဇဝင်ရှိသူများအား ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ခြင်း၊ အသွားအလာကန့်သတ်ခြင်းကို ၁၄ ရက်ထားရှိခြင်း၊ RT-PCR နည်းဖြင့် ဓာတ်ခွဲစစ်ဆေးခြင်း (၃)ကြိမ်တို့အား နှီးနွှယ်ဝန်ကြီး ဌာနများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါသည်။ ဆက်လက်၍လည်း အိုမီခရွန်ရောဂါပိုး ကူးစက်မှုများပြားလာသည့် နိုင်ငံ/ဒေသ များမှ လာရောက်သူများနှင့်ပတ်သက်၍ လိုအပ်သည့် ရောဂါကာကွယ်ထိန်းချုပ်ရေးဆောင်ရွက်မှုများအား လိုအပ်ပါက နိုင်ငံအရေ အတွက် တိုးချဲ့ဆောင်ရွက်နိုင်ရေး နှီးနွှယ်ဝန်ကြီးဌာနများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ကိုဗစ်-၁၉ မျိုးဗီဇပြောင်း  ရောဂါပိုး အိုမီခရွန်သည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင်ပါ တွေ့ရှိလာရပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ နယ်စပ်ဒေသ ဝင်/ထွက်ဂိတ်များမှ ဝင်ရောက်လာသူများမှတစ်ဆင့် ရောဂါကူးစက်မှုအား တားဆီးနိုင်ရေးအတွက် နိုင်ငံခြားမှ ပြန်လည်ဝင်ရောက်လာသူများအား ဝင်ရောက်လာသည့် နယ်စပ်ဂိတ်မြို့များတွင်ရှိသည့် ကွာရန် တင်း စင်တာများတွင် ခုနစ်ရက်ထားရှိ၍ သုံးရက်မြောက်နေ့တွင် (၁)ကြိမ်နှင့် ခုနစ်ရက်မြောက်နေ့တွင် (၁)ကြိမ် စုစုပေါင်း RTPCR နည်းဖြင့် (၂)ကြိမ်စစ်ဆေး၍ ရောဂါပိုးမတွေ့ရှိမှသာ သက်ဆိုင်ရာနေရပ်ဒေသများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းများ နှင့်အညီ ပြန်လည်စေလွှတ်၍ ကွာရန်တင်းဝင်ရောက်ခြင်းအား မိမိတို့နေထိုင်ရာဒေသတွင် သုံးရက် ဆက်လက် ဆောင်ရွက်ရ မည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ ကွာရန်တင်းစင်တာများ တိုးချဲ့စီစဉ်ခြင်းအပါအဝင် ရောဂါပိုးဝင်ရောက်မလာစေရေး လုပ်ငန်းများကို အထူးအားဖြည့် ဆောင်ရွက်လျက်ရှိသည်။

နယ်စပ်ဒေသများတွင် RT-PCR နည်းဖြင့်ဓာတ်ခွဲစစ်ဆေးခြင်းတိုးမြှင့်ဆောင်ရွက်

နယ်စပ်ဒေသများမှ ပြန်လည်ဝင်ရောက်လာသူများအား RT-PCR နည်းဖြင့် စစ်ဆေးနိုင်ရန်အတွက်   RT-PCR နှင့် Gene X pert စက်များ တပ်ဆင်ထားခြင်းအနေဖြင့် နယ်စပ်ဝင်/ထွက်ဂိတ်ရှိသည့် မြို့များဖြစ်သည့် မြဝတီ၊ တာချီလိတ်၊ ကျိုင်းတုံ၊ မူဆယ်မြို့တို့ တွင်လည်းကောင်း၊ မော်လမြိုင်၊ တောင်ကြီး၊ လားရှိုး၊ ကွမ်းလုံ၊ မြစ်ကြီးနား၊ စစ်တွေ၊ ပဲခူး၊ ဘားအံမြို့တို့တွင်လည်းကောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ သင်ကြားရေးဆေးရုံကြီး၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၊ ရန်ကုန်၊ ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၊ မန္တလေးနှင့်ခုတင်-၁၀၀၀ ဆေးရုံကြီး၊ နေပြည်တော်တို့တွင်လည်းကောင်း စက်များ တပ်ဆင် ထားရှိ၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။ တပ်မတော်ဆေးရုံများအနေဖြင့်လည်း RT-PCR နည်းဖြင့် စစ်ဆေးပေး နိုင်သည့် ဆေးရုံကြီးများအနေဖြင့် ခုတင်-၁၀၀၀ တပ်မတော်ဆေးရုံကြီး၊ မင်္ဂလာဒုံ၊ ခုတင်-၁၀၀၀ တပ်မတော် ဆေးရုံကြီး၊ နေပြည်တော်၊ တပ်မတော်ဆေးသုတေသနတပ်၊ ၁/၇၀၀ ပြင်ဦးလွင်တပ်မတော်ဆေးရုံနှင့် ၁/၁၇ တပ်မတော်ဆေးရုံ၊ စစ်တွေမြို့တို့မှ လည်း ဆောင်ရွက်ပေးနေခြင်းဖြစ်ပါသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ခွင့်ပြုထားသော RT-PCR နည်းဖြင့် စစ်ဆေးပေးနိုင် သည့် ပုဂ္ဂလိကဓာတ်ခွဲခန်းအရေအတွက် ၁၀ ခုအထိရှိပြီဖြစ်သည်။

ပြည်တွင်း/ပြည်ပ လေကြောင်းခရီးစဉ်များမှတစ်ဆင့် ဝင်ရောက်မလာစေရေးတိုးမြှင့်ဆောင်ရွက်

ပြည်တွင်းနှင့်ပြည်ပ လေကြောင်းခရီးစဉ်များမှတစ်ဆင့် ဝင်ရောက်လာသူများထံမှ မျိုးဗီဇပြောင်းရောဂါပိုး  ဝင်ရောက်မှုမရှိစေရေး အတွက် “အပြည်ပြည်ဆိုင်ရာ ဝင်/ထွက်ဂိတ်များနှင့် နယ်စပ်ဝင်/ထွက်ဂိတ်များမှ ဝင်ရောက်လာမည့်ခရီးသွားများအတွက် အသွား အလာကန့်သတ်မှုနှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း ဆောင်ရွက်မည့် အစီအစဉ်(၃-၁၁-၂၀၂၁)” အရ အထူးကိစ္စရပ်များမှလွဲ၍ ပြည်ပမှ ဝင်ရောက်လာမည့်သူများအတွက် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးပါက ကွာရန်တင်း ကာလ ခုနစ်ရက်၊  RT-PCR စစ်ဆေးမှု (၂)ကြိမ်၊ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံမှု မခံယူရသေးပါက    ကွာရန်တင်းကာလ ၁၀ ရက်၊ RT-PCR စစ်ဆေးမှု (၂)ကြိမ် စသည့် လုပ်ငန်းများအား တိကျစွာဆောင်ရွက်လျက်ရှိပါသည်။ ထပ်မံအားဖြည့်မည့် အစီအစဉ်များအဖြစ် နိုင်ငံခြားမှပြန်လည် ဝင်ရောက်လာသူ မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားခရီးသည်များအား ယခင်က RT-PCR နည်းဖြင့် ဓာတ်ခွဲစစ်ဆေးခြင်း (၂)ကြိမ် ဆောင်ရွက်ခဲ့ရာမှ ကာကွယ်ဆေးအကြိမ်ပြည့် မရရှိသူအားလုံးနှင့် မြန်မာ နိုင်ငံသို့မလာရောက်မီလွန်ခဲ့သော ၇၂ နာရီ အတွင်း ဓာတ်ခွဲစစ်ဆေးမှုမခံယူထားသည့် မြန်မာနိုင်ငံသားများအား (၃)ကြိမ်အဖြစ်သို့ တိုးမြှင့်စစ်ဆေးနိုင်ရန်အတွက် စီစဉ် ဆောင်ရွက် လျက်ရှိသည်။

ပြည်တွင်းလေကြောင်းခရီးသွားလာခြင်းလုပ်ငန်းများ ပြေးဆွဲရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းလမ်းညွှန် (Version-2.5)အရ ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးသူများအနေဖြင့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်း ဆောင်ရွက်ရန်မလိုဘဲ လိုက်ပါစီးနင်းနိုင်သော်လည်း ကာကွယ်ဆေးအကြိမ်ပြည့်မထိုးနှံသူများအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှ သတ်မှတ်ထားသည့် ဆေးရုံ/ဆေးခန်းများတွင် RDT စစ်ဆေးခြင်းအား လေယာဉ်မစီးနင်းမီ ၄၈ နာရီအတွင်း အခမဲ့စစ်ဆေး၍   လိုက်ပါ စီးနင်းနိုင်ပါသည်။

ထို့ပြင် အိုမီခရွန်ရောဂါပိုးကူးစက်ဖြစ်ပွားနေသည့် အိမ်နီးချင်းနိုင်ငံများနှင့်ထိစပ်နေသည့်ဒေသများမှ ခရီးသည်များလိုက်ပါမည့် အချို့ပြည်တွင်း ခရီးစဉ်များအား ယာယီ ရပ်ဆိုင်းခြင်းနှင့် ရပ်ဆိုင်းခြင်းမပြုသည့် ခရီးစဉ်များတွင် ခရီးသည်အားလုံးအား RDT နည်းဖြင့်စစ်ဆေး၍ ပိုးတွေ့ရှိခြင်း မရှိမှသာ လေယာဉ်စီးနင်းခွင့်ပြုခြင်းအား ဆောင်ရွက်လျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ကျယ်ပြန့်စွာအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ စတင်ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမ အကြိမ်ထိုးနှံပြီးစီးသူ စုစုပေါင်းမှာ ၁၉ သန်းခန့်ရှိပြီး ၎င်းအနက် အကြိမ်ပြည့်ထိုးနှံပြီးစီးသူ စုစုပေါင်း ၁၃ သန်းကျော်ရှိပါသည်။    ကာကွယ်ဆေးအကြိမ်ရေ စုစုပေါင်း ၃၁ ဒသမ ၈ သန်းကျော်ထိုးနှံပြီးဖြစ်သည်။

အခြေခံပညာဦးစီးဌာန၏ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ပညာသင် ကျောင်းများ တွင် ကျောင်းအပ်နှံပြီး တက်ရောက်သည့် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်အထိ ကျောင်းသား/ကျောင်းသူ ၁ ဒသမ ၄ သန်းခန့်သည် ပထမအကြိမ်ထိုးနှံပြီးစီး၍ ၁ ဒသမ ၂ သန်းခန့်သည် အကြိမ်ပြည့်ထိုးနှံပြီးဖြစ်သည်။

သို့ဖြစ်ပါ၍ ရည်မှန်းလူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ် လွှမ်းခြုံပြီးဖြစ်ပါသည်။ ဆက်လက်၍လည်း ကာကွယ်ဆေးထိုးနှံမှုများကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီတို့၏   အနီးကပ် ကြီးကြပ်ကွပ်ကဲမှုဖြင့် နှီးနွှယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဝေးလံခက်ခဲကျေးလက်ဒေသများအထိ အရှိန်အဟုန်မြှင့်တင်၍ ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖော်ပြပါမည်။