အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပေါက်မြို့နယ်၊ ကျောက်တိုင်ခင်ကျေးရွာအနီးရှိ လက်ပံတို(ဖလံကိုင်း)ရေနံမြေမှ ရေနံစည်ပေါင်း ၁၂၀၀၀ ကျော် မီးလောင်ပျက်စီးဆုံးရှုံး
နေပြည်တော်၊ ဒီဇင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကျောက်တိုင်ခင်ကျေးရွာအနီးရှိ လက်ပံတို(ဖလံကိုင်း) ရေနံမြေမှ ရေနံမြေသံကန်တန်း အမှတ်(၂)ရှိ ရေနံသိုလှောင်ကန်အား ဒီဇင်ဘာ ၁၆ ရက် ည ၁၀ နာရီ ၁၀ မိနစ်တွင် အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ် ဖွဲ့ဝင်များနှင့် ရေနံမြေမှ တာဝန်ရှိသူများက မီးသတ်ယာဉ် ၂ စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် ဒီဇင်ဘာ ၁၇ ရက် နံနက် ၁၁ နာရီခွဲတွင် မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် ရေနံစည်ပေါင်း ၁၂၀၉၂ စည် နှင့် သံကန်များ (ခန်မှန်းတန်ဖိုးငွေကျပ် ၇၅၇၄ သိန်းခန့်) မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ပြီး မီးလောင်မှုနှင့်ပတ်သက်၍ မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။