မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများနှင့် ဆက်စပ် ပစ္စည်းများဖျက်ဆီး
နေပြည်တော်၊ ဒီဇင်ဘာ - ၁၇
မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများနှင့် ဆက်စပ် ပစ္စည်းများဖျက်ဆီးခြင်းကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ခိုလမ်-ကျိုင်းတောင်းသွားကားလမ်းဘေး၌ ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် လှမိုးနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက ဖျက်ဆီးရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး လွိုင်လင်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးကံစော်လှိုင်က မူးယစ်ဆေးဝါးချက်လုပ် ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ၏ အမှုဖြစ်စဉ် အကျဉ်းအား ဖတ်ကြားရှင်းလင်းသည်။
ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဖမ်းဆီးရမိသည့် မူးယစ် ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအား လှည့်လည်ကြည့်ရှုပြီး မြေကျင်းထဲသို့ သွန်ချဖျက်ဆီးကြသည်။
ယခုဖျက်ဆီးခဲ့သည့် ထိန်းချုပ်ဓာတုပစ္စည်းများမှာ ဟိုက်ဒရိုကလိုရစ်အက်ဆစ် ၁၉၁၉၉ ဒသမ ၄ လီတာ၊ အက်စီတုန်း ၂၆၂၃၅ ဒသမ ၉ လီတာ၊ အီသိုင်းအက်စီတိတ် ၂၅၇၅၄ ဒသမ ၃၅ လီတာ၊ တော်လူအင်း ၃၆၇၉ ဒသမ ၄ လီတာ တို့ဖြစ်ပြီး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၅၈၀၀ ကျော်ခန့်ဖြစ်ကြောင်း သတင်းရရှိသည်။