မြန်မာနိုင်ငံအထက်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများမှ မတ်ပဲအသစ်များ စတင်ထွက်ရှိ
မြန်မာနိုင်ငံ အထက်ပိုင်းနှင့် ဧရာဝတီတိုင်း ဒေသကြီးရှိ မြစ်ဝကျွန်းပေါ်ဒေသများမှ မတ်ပဲအသစ်များ စတင်ထွက်ရှိနေပြီဖြစ်ကြောင်း မြန်မာကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့(ဧရာကုန်သွယ်မှုဗဟိုဌာန) တာဝန်ခံ ဦးနေဝင်းစိုး၏ ပြောကြားချက်အရ သိရသည်။
မကွေးတိုင်းဒေသကြီးမှ ထွက်ရှိသည့် မတ်ပဲများမှာ ရန်ကုန်မြို့ရှိ ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသည့် ကန်သင်းမတ်ပဲများမှာ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှု မရှိသေးကြောင်း သိရသည်။
''ဟင်္သာတ၊ ဇလွန်၊ ဓနုဖြူမြို့တို့မှာ မတ် ပဲအသစ် စတင်ထွက်ရှိနေပါပြီ။ ဒါပေမဲ့ နည်းသေးတယ်။ စပါးရိတ်မပြီးခင် ကန်သင်းပေါ်ကြဲထားတဲ့ မတ်ပဲထွက်ရှိတာပါ။ မိုးစပါးအပြီးစိုက်တဲ့ မတ်ပဲမဟုတ်ဘူး။ မကွေးတိုင်းဒေသကြီးက မတ်ပဲအသစ်တွေ အများကြီးပေါ်နေပြီ။ ကန်သင်းပဲက မတ်ပဲအဟောင်းထက် ငွေကျပ် ၁ဝဝဝ ကျော်ဈေးပိုရတယ်။ မကွေးတိုင်းဒေသကြီးက ထွက်ရှိတဲ့ မတ်ပဲအသစ်တွေ ဘုရင့်နောင် ကုန်စည်ဒိုင်ကို ဝင်ရောက်နေပါပြီ'' ဟု ၎င်းကပြောသည်။
ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး၌ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားသည့် မတ်ပဲအသစ်များမှာ လာမည့် ဇန်နဝါရီလတွင် စတင်ထွက်ရှိမည်ဖြစ်ပြီး မတ်ပဲများ လှိုင်လှိုင်ပေါ်ချိန်တွင် ဈေးနှုန်း ကျဆင်းနိုင်ကြောင်း သိရသည်။
''လက်ရှိထွက်ရှိနေတဲ့ ကန်သင်းပဲက မတ်ပဲအဟောင်းထက် ငွေကျပ် ၁ဝဝဝ ကျော် ဈေးပိုရပါတယ်။ ဒါပေမဲ့ နောက်လ မတ်ပဲလှိုင်လှိုင်ပေါ်ချိန်မှာ ဈေးကျနိုင်ပါ တယ်။ မတ်ပဲပေါ်ချိန် ဈေးကျတာက ထုံးစံပါပဲ။ လက်ရှိဈေးထက် ကျနိုင်ပါသေးတယ်'' ဟု ဦးနေဝင်းစိုး ကပြောသည်။
လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသည့် မတ်ပဲအဟောင်း တစ်တင်းလျှင် ငွေကျပ် ၄၅၉ဝဝ အထိ ဈေးနှုန်းရှိပြီး ကန်သင်းပဲအသစ် တစ်တင်းလျှင် ငွေကျပ် ၄၇ဝဝဝ ဝန်းကျင်ဈေးနှုန်းရှိသည်။
ရန်ကုန်မြို့ ဘုရင့်နောင်ကုန်စည်ဒိုင်၌ လက်ရှိမတ်ပဲအဟောင်း FAQ ၏ FOBသည် အမေရိကန်ဒေါ်လာ ၇၆၅ ဒေါ်လာ မှ ၇၈၅ ဒေါ်လာအထိနှင့် မတ်ပဲအသစ် ၤဗျှ သည် အမေရိကန်ဒေါ်လာ ၇၈ဝ မှ ၈ဝဝ အထိဈေးနှုန်းရှိပြီး ဒီဇင်ဘာလအတွင်း မတ်ပဲသင်္ဘောတင်ရန် မရှိသေးကြောင်း သိရသည်။
အိမ်နီးချင်းနိုင်ငံ၏ မတ်ပဲ FAQ/ SQ ဈေးနှုန်းများမှာလည်း ယခုသီတင်းပတ်အတွင်း ၁ဝဝ ကီလိုဂရမ်လျှင် ရူပီး ၁ဝဝ၊ ၂ဝဝ ဝန်းကျင် ပြန်လည်ကျဆင်းလာကြောင်း၊ ပြည်တွင်းငွေလဲနှုန်းမှာ အနည်းငယ် လှုပ်ခတ်လာသည့်အတွက် မတ်ပဲဈေးနှုန်း အနည်းငယ်မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်တွင်း၌ မတ်ပဲကို နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး စသည်တို့၌ စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။