မျိုးဗီဇပြောင်း အိုမီခရွန်ကြောင့် ရောဂါဖြစ်ပွားမှု များပြားမလာစေရေး ကြိုတင်ပြင်ဆင် ထားရှိမှုများ

မျိုးဗီဇပြောင်း အိုမီခရွန်ကြောင့် ရောဂါဖြစ်ပွားမှု များပြားမလာစေရေး ကြိုတင်ပြင်ဆင် ထားရှိမှုများ

ယမန်နေ့မှအဆက်

ပါးစပ်နှင့်နှာခေါင်းစည်း အခမဲ့ဖြန့်ဝေခြင်း (Mask Campaign)များ အရှိန်အဟုန် ပြန်လည်မြှင့်တင်

ရိုးရှင်းလွယ်ကူသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများဖြစ်သည့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊  ပါးစပ်နှင့်နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း၊ ချောင်းဆိုး/နှာချေလျှင် တစ်ရှူး သို့မဟုတ် တံတောင်ကွေးဖြင့် လုံခြုံစွာ ဖုံးအုပ်ခြင်း၊ လက်ကို စက္ကန့်(၂ဝ)ကြာ   စနစ်တကျ ဆေးကြောခြင်း၊ လူစုလူဝေးရှောင်ကြဉ်ခြင်း၊ လေဝင်လေထွက် ကောင်းစေရေး ဆောင်ရွက်ခြင်း စသည်တို့အား မိဘပြည်သူများအနေဖြင့် မမေ့မလျော့ဆောင်ရွက်ကြစေရေးနှင့် စည်ပင်သာယာဈေး၊ ကားဂိတ် စသည့် အများပြည်သူ စုဝေးရောက်ရှိနိုင်သော နေရာများတွင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) အခမဲ့ ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေး အသိပညာ မြှင့်တင်ပေးခြင်း လုပ်ငန်း (Mask Campaign) များကို နေပြည်တော်ကောင်စီနယ်မြေ၊  တိုင်းဒေသကြီး/ပြည်နယ် အားလုံးတွင် အရှိန်အဟုန် ပြန်လည်မြှင့်တင် ဆောင်ရွက်ရန်အတွက် ညွှန်ကြားထားရှိပြီး ဖြစ်ကြောင်း သိရှိရသည်။

ပြည်သူလူထုအခြေပြု ကွာရန်တင်းစင်တာနှင့်  ကုသရေးစင်တာများ တိုးချဲ့ပြင်ဆင်လျက်ရှိ

လက်ရှိသုတေသန တွေ့ရှိချက်များအရ အိုမီခရွန် ဗိုင်းရပ်မျိုးကွဲသည် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်နိုင်ခြေမြင့်မားပြီး ရောဂါလက္ခဏာများ အလွန်မပြင်းထန်ကြောင်း တွေ့ရှိရသဖြင့်  ဓာတ်ခွဲအတည်ပြုလူနာများ သီးခြားထားရှိရန်   ပြည်သူလူထု အခြေပြုစင်တာ (Community Positive Centre) ၄၁၈ ခုတွင် လူနာဦးရေ ၂၈ဝ၁၉ဦးအား သီးခြားထားရှိ၍ ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးနှင့်  ပြည်သူလူထု အခြေပြုကုသရေး စင်တာ ၉၃ ခုတွင် လူနာဦးရေ ၉၆ဝ၉ ဦးအထိ လက်ခံကုသနိုင်ရေးတို့ အတွက် ကြိုတင်ပြင်ဆင်ထားရှိသည်။ ၎င်းအပြင် ပြည်ပမှပြန်လည် ဝင်ရောက်လာသူများနှင့်  ဓာတ်ခွဲအတည်ပြု လူနာနှင့် ထိတွေ့ဆက်စပ်သူများထားရှိရန် ကွာရန်တင်း စင်တာများ ပြင်ဆင်ထားရှိခြင်းတို့အား တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် ကွာရန်တင်းစင်တာ ၇ဝ၆ ခု ဝင်ဆံ့မှု ၃၃၂၅ဝ ဦး အထိကိုလည်း လက်ခံနိုင်ရန်  ပြင်ဆင်ထားရှိပြီး ဖြစ်သည်။

ထို့အတူ တပ်မတော်အနေဖြင့် ကွာရန်တင်းစင်တာ ၉၆၆ ခု ဝင်ဆံ့မှု ၃၁၃၃၂ ဦး အထိကိုလည်း လက်ခံနိုင်ရန် ပြင်ဆင်ထားရှိကြောင်း သိရှိရသည်။ သို့ဖြစ်ပါ၍ ပြည်သူလူထုအခြေပြု စင်တာများတွင် ဓာတ်ခွဲအတည်ပြုလူနာ ၃၇၆၂၈ ဦးနှင့် ကွာရန်တင်း စင်တာများတွင် ၆၄၅၈၂ ဦး အထိထားရှိနိုင်ရန် စီစဉ်ဆောင်ရွက်ထားခြင်းဖြစ်သည်။

ရောဂါကုသရေး စင်တာများနှင့် ပြည်သူ့ဆေးရုံများအား ကြိုတင်ပြင်ဆင်တိုးချဲ့ ဆောင်ရွက်

ကုသရေးကဏ္ဍတွင် ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာများနှင့် ပြည်သူ့ဆေးရုံများအား ကြိုတင်ပြင်ဆင်မှုများအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ် အားလုံးတွင် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။

လူနာများအနေဖြင့် ဆေးရုံတက်ရောက်ရာတွင် လွယ်ကူလျင်မြန်စွာ တက်ရောက်နိုင်ရေးနှင့် လူနာညွှန်းပို့ရာတွင် အဆင်ပြေ ချောမွေ့စွာဖြင့် လွှဲပြောင်းနိုင်ရေးအတွက် လူနာပို့ဆောင်မည့် လမ်းကြောင်းများ ပြန်လည်ရေးဆွဲခြင်း၊ လူနာခုတင် စီမံခန့်ခွဲမှုကော်မတီ (Bed Management Committee) များ ပြန်လည်ဖွဲ့စည်းခြင်း၊ သံသယ လူနာများကို ဓာတ်ခွဲစစ်ဆေး၍ ဆေးရုံမတက်ရောက်မီ ရောဂါရှာဖွေခြင်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့်လုပ်ငန်း စီမံချက်များ ရေးဆွဲခြင်း၊ လိုအပ်သော ဓာတ်ခွဲပစ္စည်းများ Test Kit များနှင့် ဆက်စပ်ပစ္စည်းများဖြည့်ဆည်းခြင်း၊ ဓာတ်ခွဲစစ်ဆေးမည့်   အစီအစဉ်များနှင့် ပတ်သက်၍ ကြိုတင်သတ်မှတ်၍ ပြည်သူလူထုကို အသိပေးခြင်းတို့ကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး စီစဉ်ထားရှိပြီး ဖြစ်သည်။ မျိုးဗီဇပြောင်းလဲမှုနှင့် ပတ်သက်၍ စနစ်တကျကုသမှုများ ပေးနိုင်ရေး အထူးကုဆရာဝန်ကြီးများ၊ ပါမောက္ခများ ပါဝင်သည့် ကိုဗစ်-၁၉ Clinical Management Committee  များကိုလည်း   နေပြည်တော် ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စနစ်တကျပြန်လည် ဖွဲ့စည်းပြီးဖြစ်သည်။

မြို့နယ်အသီးသီး၌ ကိုဗစ်-၁၉ ရောဂါ လူနာများ လျော့နည်းလာသည်နှင့်အညီ ယာယီရပ်ဆိုင်းထားခဲ့သော ကိုဗစ်-၁၉ ရောဂါကုသရေးဌာနများကို အလွယ်တကူ ပြန်လည်ဖွင့်လှစ်နိုင်ရေး အသင့်ပြင်ဆင်ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်သည်။ မြို့နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများတွင် လိုအပ်သော ကုသမှုများ အချိန်မီ စနစ်တကျဆောင်ရွက်ရေး၊ လာရောက်ပြသသော လူနာများတွင် ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာများကို သတိပြုစစ်ဆေးရေး၊ ကိုဗစ်-၁၉ ရောဂါ လူနာများအတွက် သီးခြားနေရာများ စီစဉ်ဆောင်ရွက်ထားရေး၊ လိုအပ်ပါက ခုတင်များ ထပ်မံတိုးချဲ့နိုင်မည့် အစီအစဉ်များ ကြိုတင်စီစဉ် သတ်မှတ်ထားရေး၊ ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် ရောဂါပိုး ဝင်ရောက် မကူးစက်ရန်အတွက် လိုက်နာဆောင်ရွက်ရမည့် တစ်ကိုယ်ရေ ကာကွယ်ခြင်းနည်းလမ်းများကို စနစ်တကျလိုက်နာရေး၊ သတ်မှတ်ချက်များနှင့်အညီ တစ်ကိုယ်ရေသုံး  အကာအကွယ်များ ဝတ်ဆင်ရေး၊ ကျန်းမာရေး ဝန်ထမ်းများအတွက်  လိုအပ်သော သင်ကြားမှုများ စဉ်ဆက်မပြတ် ပြုလုပ်ပေးရေးတို့ကို အရှိန်အဟုန်မြင့်တင် ဆောင်ရွက်လျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများ အတွက် အထူးကြပ်မတ် ကုသဆောင် (ICU) များ သီးခြား ဖွင့်လှစ်နိုင်ရေးအတွက် ဆေးရုံအဆင့်အလိုက် အထူးကြပ်မတ်ကုသဆောင် (ICU ) များနှင့် အောက်ဆီဂျင်စီးဆင်းမှု မြင့်မားစွာဖြင့် ကုသပေးနိုင်မည့် ကြပ်မတ် ကုသဆောင် (HDU) များ တိုးချဲ့ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ ပြည်သူ့ဆေးရုံများတွင် ကိုဗစ်-၁၉ လူနာများအတွက် အထူးကြပ်မတ် ကုသနိုင်သည့် ခုတင်-၆၁၆ ခုတင် ပြင်ဆင်ထားရှိပြီး ၃၈၄ ခုတင် ထပ်မံတိုးချဲ့နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ သို့ဖြစ်ပါ၍ အထူးကြပ်မတ်ကုသ နိုင်သည့်  ခုတင်အရေအတွက် ၁ဝဝဝ ခုတင်   အထိရရှိနိုင်မည်ဖြစ်သည်။ ထို့အတူ  ပြည်သူ့ဆေးရုံကြီးများအဆင့်မှ တိုက်နယ်ဆေးရုံ အဆင့်အထိ ဆေးရုံများတွင် အောက်ဆီဂျင် ပိုက်လိုင်းများ တပ်ဆင် ထားရှိသည့် လူနာခုတင်များ တိုးတက်ရရှိရေး ဆောင်ရွက်လျက်ရှိရာ ၄၄၄၅ ခုတင် ပြင်ဆင်ပြီးဖြစ်ကာ ထပ်မံတိုးချဲ့နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

၂ဝ၂၁ ခုနှစ် ဒီဇင်ဘာ ၁ဝ ရက်အထိ ပြင်ဆင်ထားရှိမှုအရ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၌ ကိုဗစ်-၁၉ ရောဂါ လူနာထားရှိနိုင်မည့် (Isolation Bed ) ၂၆၃၈၅ ခုတင်အထိ ထားရှိနိုင်မည်ဖြစ်သည်။  မြို့နယ်အလိုက် ကိုဗစ်-၁၉  ရောဂါကုသရေးဌာနများ ဖွင့်လှစ်နိုင်ရေး   ညှိနှိုင်းထားရှိမှုအရ လိုအပ်ပါက ရောဂါလက္ခဏာ မပြသသူများနှင့် ရောဂါပြင်းထန်စွာ ခံစားရခြင်း မရှိသူများ (Asymtomatic and mild case) အတွက် ကုသရေးဌာန ၄၄၃ ခုနှင့် ၂၅၄၁ဝ ခုတင် စုစုပေါင်း ၅၁၇၉၅ ခုတင်  ပြင်ဆင်ထားနိုင်မည်ဖြစ်သည်။ ထို့ပြင်   တပ်မတော်ကုသရေး စင်တာများ အရေအတွက် ၆၉ ခု ပြင်ဆင်ထားရှိပြီး လူနာဦးရေ ၃၈၆၇ ဦး ထားရှိနိုင်၍ ၎င်းတို့အနက် အထူးကြပ်မတ် ကုသဆောင် ခုတင် ၂၄၅ ခု၊ အောက်ဆီဂျင် ကုထုံးဖြင့် ကုသနိုင်မည့် ခုတင် ၄၉၂ ခု ပါဝင်ကြောင်း သိရှိရသည်။ သို့ဖြစ်ပါ၍ မိမိတို့နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါလူနာများ အတွက် ခုတင်အရေအတွက် ၅၅၆၆၂ အထိရရှိနိုင်မည်ဖြစ်၍ တတိယလှိုင်း ကာလအတွင်းထက် ပိုမို၍လူနာဦးရေ လက်ခံကုသပေးနိုင်မည်ဖြစ်သည်။

ဆေးဝါးနှင့် ဆေးပစ္စည်းများကို ဝယ်ယူဖြည့်တင်း သိုလှောင်လျက်ရှိ

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးအတွက်  ဆေးဝါးနှင့်ဆေးပစ္စည်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ လိုအပ်ချက်အတိုင်း ဝယ်ယူဖြည့်တင်း  သိုလှောင်လျက်ရှိရာ ပြည်သူ့ကျန်းမာရေး ကဏ္ဍ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်မည့် ပါးစပ်နှင့်နှာခေါင်းစည်း (Surgical Mask))များ၊ တစ်ကိုယ်ရေ အကာအကွယ်သုံး ဝတ်စုံများ၊ ခွဲစိတ်ခန်းသုံး လက်အိတ်များ၊ မျက်နှာအကာ (Face Shield)များ၊ ဓာတ်ခွဲနမူနာများ ပို့ဆောင်နိုင်ရေးအတွက် လိုအပ်သည့် Viral Transport Medium များ၊ ဓာတ်ခွဲစစ်ဆေးရန် Test Kit များ အပါအဝင် ဆေးဝါးနှင့်ဆေးပစ္စည်း ၃ဝ မျိုး၊ ကုသရေးကဏ္ဍ လုပ်ငန်းများတွင်အသုံးပြုရန် အတွက် ဗိုင်းရပ်ဆန့်ကျင် ဆေးဝါးများ၊ စတီးရွိုက်ဆေးဝါးများ၊ သွေးကျဲဆေးများ၊ ပဋိဇီဝဆေးဝါးများ စသည့် သောက်ဆေးမျိုးစုံ ၂၄ မျိုး၊ ထိုးဆေးမျိုးစုံ ၂၁ မျိုးတို့ကို အများအပြား  ဝယ်ယူသိုလှောင် ထားရှိသည်။ ထို့ပြင် နောက်ဆုံးပေါ် ကိုဗစ်-၁၉ ဗိုင်းရပ်ဆန့်ကျင် ဆေးဝါးများကိုလည်း ဝယ်ယူနိုင်ရေး စီစဉ်ထားရှိပြီးဖြစ်သည်။

ရောဂါရှာဖွေကုသရေးတွင် အသုံးပြုနိုင်မည့် အသက်ရှူစက် (Ventilator) များကို ပြည်သူ့ဆေးရုံများသို့   ဖြန့်ဝေထားပြီး အသုံးပြုနည်း သင်တန်းများပါ ဆောင်ရွက်ပြီးဖြစ်သည်။ ဝယ်ယူထားသော ရွှေ့ပြောင်း ဓာတ်မှန်စက် (Mobile X-ray) များ၊ စားပွဲတင်အောက်ဆီဂျင် တိုင်းတာစက် (Desktop type Pulse Oximeter) များ၊ ECG စက်များကိုလည်း ဆေးရုံများသို့ ဖြန့်ဝေရေး စီစဉ်လျက်ရှိသည်။ ဆက်လက်၍ Central Monitoring System များ၊ Patient Monitor များ၊ Transport Ventilator များ၊ Defibrilator များကို ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးအတွက် ပြည်သူ့ဆေးရုံများနှင့် အများပြည်သူ အသုံးပြုရန်အတွက် ဆေးဝါးနှင့်ဆေးပစ္စည်းများ လုံလောက်စွာ ရရှိရေးလုပ်ငန်းများကို မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေး ဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအနေဖြင့်လည်း ဆေးဝါးနှင့် ဆေးပစ္စည်းများ အချိန်နှင့်တစ်ပြေးညီ တင်သွင်းနိုင်ရေးအတွက် ဝန်ဆောင်မှုများ တိုးမြှင့်ပေးအပ်ခြင်းနှင့် လိုအပ်သည့် ဖြေလျှော့မှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။

အောက်ဆီဂျင်လုံလောက်စွာ ရရှိနိုင်ရေး ဆောင်ရွက်ထားရှိ ကုသရေးကဏ္ဍတွင် အောက်ဆီဂျင် လုံလောက်စွာ ရရှိနိုင်ရေး ဆောင်ရွက်ထားရှိမှု အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများအတွက် အစိုးရကဏ္ဍ အနေဖြင့် အောက်ဆီဂျင် ထုတ်လုပ်သည့်စက်ရုံ (Oxygen Plant) ၁၅၉ ခု၊ ပုဂ္ဂလိက ကဏ္ဍအနေဖြင့် ၂၁၂ ခု ပေါင်း ၃၇၁ ခု ကိုလည်းကောင်း၊ အောက်ဆီဂျင် အရည် ထုတ်လုပ်သည့်စက်ရုံနှင့်   လှောင်ကန် (Liquid oxygen tank) များကို အစိုးရကဏ္ဍအနေဖြင့် ၂၂ ခု၊ ပုဂ္ဂလိက ကဏ္ဍအနေဖြင့်ကိုးခု ပေါင်း ၃၁ ခု တပ်ဆင်ထားရှိပြီး အောက်ဆီဂျင် ထုတ်လုပ်သည့် စက်ရုံ (Oxygen Plant) ၈၆ လုံးကို ထပ်မံတိုးချဲ့တပ်ဆင်လျက်ရှိသည်။

အောက်ဆီဂျင်ထုတ်လုပ်မှုအနေဖြင့် လက်ရှိအနေအထား၌ အောက်ဆီဂျင် ထုတ်လုပ်သည့် စက်ရုံ (Oxygen Plant)များမှ တစ်နေ့တာ ထုတ်လုပ်နိုင်မှု ၄ဝလီတာဝင် ဆလင်ဒါဖြင့် ၃၁၆ဝ၂ လုံးစာ ထုတ်လုပ်နိုင်ပြီး အောက်ဆီဂျင် အရည်ထုတ်လုပ်သည့် စက်ရုံနှင့်  လှောင်ကန် (Liquid oxygen tank ) များမှ ထုတ်လုပ်မှု ၄ဝ လီတာဝင် ဆလင်ဒါဖြင့် ၉၇၅ဝ လုံးစာ ထုတ်လုပ်နိုင်ကာ   ထပ်မံတိုးချဲ့မည့် အောက်ဆီဂျင် ထုတ်လုပ်သည့်စက်ရုံ (Oxygen Plant)) များ တပ်ဆင်ပြီးပါက  ၄ဝ လီတာဝင် ဆလင်ဒါဖြင့် ၁၄၁၄၈  လုံး  ထပ်မံထုတ်လုပ်နိုင်မည်ဖြစ်သဖြင့်  လာမည့် နှစ်လအတွင်း စုစုပေါင်း    အောက်ဆီဂျင်ထုတ်လုပ်သည့် စက်ရုံ (Oxygen Plant) ၄၈၈ လုံး တပ်ဆင်ပြီးစီးကာ ထုတ်လုပ်မှု အနေဖြင့်  ၄ဝ လီတာဝင် ဆလင်ဒါဖြင့် ၅၅၅ဝဝ လုံး နေ့စဉ် ထုတ်လုပ်နိုင်သည်အထိ ပြင်ဆင်ထားရှိပြီးဖြစ်သည်။    သို့ဖြစ်ပါ၍ တတိယလှိုင်းကာလတွင်     အမြင့်ဆုံး အောက်ဆီဂျင် လိုအပ်ချက်အဖြစ် နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ တင်ပြတောင်းခံလာသည့်  တစ်နေ့တာ  အောက်ဆီဂျင် လိုအပ်ချက် ၄ဝ လီတာဝင် ဆလင်ဒါ ၂၄ဝဝဝ လုံး၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ အချက်အလက်များကို   အခြေခံ၍ တွက်ချက်မှုအရ    အမြင့်ဆုံးတစ်နေ့တာ အောက်ဆီဂျင် လိုအပ်ချက် ၄ဝ လီတာဝင် ဆလင်ဒါ  ၃၂ဝဝဝ  လုံးတို့နှင့်နှိုင်းယှဉ်ပါက အရေအတွက်သိသာစွာ နေ့စဉ်တိုးမြှင့် ထုတ်လုပ်နိုင်ခြင်းဖြစ်သည်။  ထို့ပြင်  ပြည်သူ့ဆေးရုံများ၌   အလွယ်တကူ ရွှေ့ပြောင်းနိုင်သည့် အောက်ဆီဂျင် ထုတ်လုပ်သည့်စက် (Oxygen  Concentrator) စုစုပေါင်း   ၆၃၉၉ ခုနှင့် အောက်ဆီဂျင်ဆလင်ဒါ စုစုပေါင်း ၂၃၈၂၇ ခု လက်ရှိ စုဆောင်းထားရှိ အသုံးပြုလျက်ရှိပြီး နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဝယ်ယူဖြည့်ဆည်းခြင်း၊ အလှူရှင် လှူဒါန်းမှုဖြင့် ဖြည့်ဆည်းခြင်းတို့ကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။   

ပြည်သူ့ဆေးရုံများ၌   အောက်ဆီဂျင်ကုထုံးဖြင့်  ကုသမှုပေးနိုင်မည့်  (Oxygen Point) ၄၄၄၅ ခု တပ်ဆင်ထားရှိ အသုံးပြုလျက်ရှိပြီး ထပ်မံတိုးချဲ့တပ်ဆင်ခြင်းများ   ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ 

မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ကျန်းမာရေးဝန်ကြီးဌာန   ဆေးသုတေသန ဦးစီးဌာနနှင့် တပ်မတော်ဆေးသုတေသန တပ်တို့သည် ''ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းစဉ်အဖြစ် မျိုးရိုးဗီဇအစီအစဉ် လေ့လာခြင်းလုပ်ငန်း''အား  အချိန်နှင့်တစ်ပြေးညီ ဦးစားပေး လုပ်ငန်းတစ်ရပ် အဖြစ်  ဆက်လက် ဆောင်ရွက်လျက်ရှိသည်။ ထိုလုပ်ငန်းစဉ်အရ မျိုးရိုးဗီဇ အစီအစဉ်လေ့လာခြင်း လုပ်ငန်း (Genome Sequencing) ကို နိုင်ငံတကာမှ ဝင်ရောက်လာသူများအနက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများနှင့် အခြားဦးစားပေး အုပ်စုများရှိ   ရောဂါပိုးတွေ့ရှိသူများတွင် ဓာတ်ခွဲစစ်ဆေးလျက်ရှိသည်။  ၆-၁၂-၂ဝ၂၁ ရက်တွင် တောင်ကြီး၊ မန္တလေး၊ မော်လမြိုင်၊ ကျိုင်းတုံ၊ နေပြည်တော်၊  ရန်ကုန်မြို့တို့မှ  ဓာတ်ခွဲနမူနာ ၁၆ ခုကို တပ်မတော်ဆေး သုတေသနတပ်တွင် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ဒယ်လ်တာ (Delta) ပိုးတွေ့ရှိသူ ၁၆  ဦးကိုသာ တွေ့ရှိရပြီး အိုမီခရွန် (Omicron) ပိုးကို မတွေ့ရှိရကြောင်း သိရှိရသည်။ ထို့ပြင် ဓာတ်ခွဲနမူနာများကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ထိုင်းနိုင်ငံရှိ ရည်ညွှန်းဓာတ်ခွဲခန်းသို့လည်း ပေးပို့ထားရှိပြီး စစ်ဆေးလျက် ရှိကြောင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပြီးဖြစ်သည်။

ရောဂါဝင်ရောက် ကူးစက်ဖြစ်ပွားမှုများ ကာလ အတန်ကြာနောက်ကျ၍   ဖြစ်ပွားခြင်း၏ အားသာချက်

ကိုဗစ်-၁၉ ရောဂါ၏ သဘောသဘာဝအရ လူအချင်းချင်း ထိတွေ့ရာမှ အဆင့်ဆင့် ကူးစက် ခြင်းကြောင့် မိမိတို့နိုင်ငံ အတွင်းသို့ ရောဂါပိုးဝင်ရောက် ကူးစက်မှုများကို အပြည့်အဝတားဆီးရန် အလွန်ခက်ခဲပါသည်။ သို့ရာတွင် ကမ္ဘာ့နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မိမိတို့နိုင်ငံသည် ရောဂါဝင်ရောက် ကူးစက်ဖြစ်ပွားမှုများကို ကာလအတန်ကြာ နောက်ကျ၍ ဖြစ်ပွားခြင်းရှိသည်ကို တွေ့ရှိရခြင်းဖြစ်သည်။ ထိုသို့တွေ့ရှိရမှု နောက်ကျခြင်း၏ အားသာချက်တစ်ခုမှာ ယခုကဲ့သို့ မျိုးဗီဇပြောင်း ရောဂါပိုးများ ပေါ်ပေါက်လာချိန်တွင် မိမိတို့အနေဖြင့် ကာကွယ်ဆေးလွှမ်းခြုံမှု မြင့်မားစွာရရှိစေခြင်း အပါအဝင် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ ကုသရေးစင်တာများ    ပြင်ဆင်သည့်လုပ်ငန်းများစွာကို ပိုမို၍ ဆောင်ရွက်နိုင်ခြင်းနှင့် အဆိုပါ ဗီဇပြောင်းရောဂါပိုး၏ သဘောသဘာဝကို ပိုမိုသိရှိ နားလည်နိုင်ခြင်းဖြစ်သည်။

ရောဂါဖြစ်ပွား/သေဆုံးမှုများ ကျဆင်းလာသော်လည်း အားသွန်ခွန်စိုက် ဆက်လက်ဆောင်ရွက်

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် တတိယလှိုင်း ကာလအတွင်း ဓာတ်ခွဲစစ်ဆေးမှုများကို တိုးမြှင့်ဆောင်ရွက်ခဲ့ရာ    ယခုရက်သတ္တပတ် အတွင်း တစ်နေ့လျှင် ပျမ်းမျှ ဓာတ်ခွဲနမူနာ ၁၇၂၄၄ နီးပါး စစ်ဆေးနိုင်ခဲ့ပြီး တစ်နေ့ ပျမ်းမျှလူနာ ၃၂၅  ဦး ရှိခဲ့သဖြင့် ပိုးတွေ့နှုန်းမှာ ၁ ဒသမ ၈၉ ရာခိုင်နှုန်း သာရှိသည်။  တတိယကူးစက်မှု လှိုင်းအတွင်း နေ့စဉ်ဓာတ်ခွဲ အတည်ပြုလူနာများ  အများဆုံး တွေ့ရှိခဲ့ပြီး ကူးစက်မှု အပြင်းထန်ဆုံးဖြစ်ခဲ့သည့် ဇူလိုင်လ ဒုတိယရက်သတ္တပတ် ၁၄-၇-၂ဝ၂၁ မှ ၂ဝ-၇-၂ဝ၂၁ နှင့် နှိုင်းယှဉ်ပါက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂ဝ၂၁ ခုနှစ်  ဒီဇင်ဘာလ ပထမပတ်တွင်    ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၃၂ဝ၂၉ ဦးစစ်ဆေးနိုင်ခဲ့ပြီး ဓာတ်ခွဲစစ်ဆေးမှုအား ၂၁ ရာခိုင်နှုန်းအထိ တိုးမြှင့်ဆောင်ရွက်နိုင်ပြီး လူနာသစ် တွေ့ရှိမှုမှာ ၉၃ ရာခိုင်နှုန်း အထိ ကျဆင်းလာခဲ့ပြီဖြစ်သည်။  တစ်နိုင်ငံလုံးအနေဖြင့် နေ့စဉ်ပိုးတွေ့နှုန်းများမှာ ၃ ရာခိုင်နှုန်း အောက်သို့ ကျဆင်းလျက်ရှိသည်မှာ တစ်လခန့်ရှိပြီဖြစ်ပြီး  ပိုးတွေ့နှုန်း အနိမ့်ဆုံးအနေဖြင့် ၆-၁၂-၂ဝ၂၁ ရက်တွင် ၁ ဒသမ ၃၇ ရာခိုင်နှုန်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။  ထိုသို့ရောဂါဖြစ်ပွားမှုနှုန်းနှင့် ရောဂါကြောင့်သေဆုံးမှုများ ကျဆင်းလာသော်လည်း   ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို    အရှိန်အဟုန်မပျက် ဆက်လက်၍ အားသွန်ခွန်စိုက် ဆောင်ရွက်နေချိန်ဖြစ်သည်။

နိုင်ငံတော်၏ပံ့ပိုးမှု၊ မိဘပြည်သူများ၏ ပူးပေါင်း ပါဝင်မှုများကြောင့် ယခုကဲ့သို့ ရောဂါဖြစ်ပွားမှုများ ကျဆင်းလာခြင်းဖြစ်၍ ဆက်လက်၍ အားလုံးအနေဖြင့် ပူးပေါင်းပါဝင်ပေးရန် လိုအပ်လျက်ရှိသည်။

အလွန်စိုးရိမ်ထိတ်လန့်ခြင်းမပြုဘဲ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ရန်လိုအပ်

ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် အိုမီခရွန် အပါအဝင် မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး များကြောင့် ရောဂါဖြစ်ပွားမှု တစ်ကျော့ပြန်များပြား မလာစေရေး   အထက်တွင် ဖော်ပြပါအတိုင်း လုပ်ငန်းများကို အဘက်ဘက်မှကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို  စီမံချက်အသွင်ရေးဆွဲ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်  ထိန်းချုပ် ကုသရေး ဗဟိုကော်မတီတို့၏ လမ်းညွှန်မှု၊ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီတို့၏ အနီးကပ်ကြီးကြပ် ကွပ်ကဲမှုတို့ဖြင့် နှီးနွှယ်ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိ၍ ပြည်သူများ အနေဖြင့်လည်း အိုမီခရွန်မျိုးဗီဇပြောင်း   ကိုဗစ်-၁၉ ရောဂါပိုးနှင့်ပတ်သက်၍ အလွန်စိုးရိမ်ထိတ်လန့်ခြင်း မပြုဘဲ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ပံ့ပိုးဆောင်ရွက်ပေးရန်နှင့် အလှည့်ကျရရှိလာသည့် ကာကွယ်ဆေး  မပျက်မကွက် အကြိမ်ပြည့်ထိုးနှံမှုခံယူခြင်း အပါအဝင် ရိုးရှင်းသည့် အခြေခံ ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများကို ကိုယ်စီဆက်လက် လိုက်နာကြရန် လိုအပ်သည့်အကြောင်း အသိပေး တင်ပြလိုက်ရပါသည်။   ။