နတ်တော်လနှင့်စာပေအမွေလက်ဆင့်ကမ်းနိုင်ရေး

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ  ၁၉ ရက်)

မြန်မာတို့၏ ဥတုသုံးပါးကာလအပိုင်းအခြားတွင် ဆောင်းဥတုကို တန်ဆောင်မုန်းလပြည့်ကျော် တစ်ရက်နေ့မှ တပေါင်းလပြည့် ကျော်တစ်ရက်နေ့အထိ သတ်မှတ်ထားပါသည်။ နတ်တော်လမှာ ဆောင်းဥတုကာလဖြစ်ပြီးနေရထိုင်ရသည်မှာ အေးအေးချမ်းချမ်း ရှိလှသည်။

ယောမင်းကြီးဦးဘိုးလှိုင်က နတ်တော်၏သဘာဝပတ်ဝန်းကျင်ကို လောကသည်အေး၏။ လောကမခြောက်။ ဆီးနှင်းများ၏။ မြောက် ကလေလာ၏ ဟူ၍ မှတ်တမ်းပြုပုံဖော်ထားသည်။ သဇင်ဂမုန်းတို့သည် နတ်တော်လ၏ ရာသီပန်းဖြစ်သည်။ သဇင်ပန်းသည် ပင်မြင့်ထက်တွင် ပွင့်သောပန်းဖြစ်သည့်အတွက် နေရောင်မခံ၊ ပန်းပျံပင်ဆင့်ဟူ၍ ဘုန်းနှင့်ကံနှင့်ရွှေသဇင်ရကန်တွင်ဖွဲ့ဆိုထားသည်။ သဇင်ပန်းမှာ ရှေးစာဆိုတို့ တခမ်းတနားစာဖွဲ့ရသော ပန်းဖြစ်သည်။ နန်းထိုက်တော်ဝင် ပန်းသဇင်ဟုစာဖွဲ့ရသော သဇင်ပန်းကို ရှေးက မင်းမိဖုရားတို့ပန်ဆင်ပြီးမှသာ ပြည်သူများပန်ဆင်ကြရသည်။

ဂမုန်းသည်လည်း သစ်ပင်ကြီးများအပေါ်၊ ကိုင်းခွတို့အပေါ်၌ ပေါက်ရောက်သော ပန်းဖြစ်သည်။ နတ်တော်လ၏ ရာသီပွဲအဖြစ် မဟာပိန္နဲနတ်ပွဲဟူ၍ မြန်မာအဘိဓာန်တွင် ဖော်ပြထားသည်။ ပုဂံခေတ်မင်းများလက်ထက်က နတ်တော်လတွင်  ပုပ္ပားသို့တက်၍  မဟာဂီရိ နတ်မောင်နှမကို ပူဇော်ပသသည့် အစဉ်အလာရှိခဲ့သည်။ နတ်ပူဇော်ရာ၌ ကျွဲ၊ နွား၊ ဆိတ်၊ ဝက်တို့ကို သတ်၍ပူဇော်သည့် ဓလေ့ရှိခဲ့ပြီး တောင်ငူခေတ်ဘုရင့်နောင်လက်ထက်တွင် သူ့အသက်သတ်၍ နတ်ပူဇော်သည့်အလေ့ကို ပိတ်ပင်လိုက်သည်မှ ယနေ့ တိုင်ကွယ်ပျောက်သွားခြင်းဖြစ်သည်။

ရှေးမြန်မာမင်းများလက်ထက်က နတ်တော်လတွင် စာဆိုတော်များအပါအဝင် မင်းမှုထမ်းများကို ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်သည့် အစဉ်အလာရှိခဲ့သည်။ ကိုလိုနီခေတ်တွင် စာရေးဆရာအသင်းပေါ်ပေါက်လာပြီး နတ်တော်လဆန်းတစ်ရက်နေ့ကို  စာဆိုတော်နေ့ အဖြစ်သတ်မှတ်ခဲ့သည်။  နတ်တော်လ၏ရာသီပွဲကို စာဆိုတော်ပွဲဟုသတ်မှတ်ခဲ့ကြသည်။ ယခုအခါနတ်တော်လတွင် နတ်ပူဇော်ပွဲ ကျင်းပသည့် အလေ့တိမ်ကောသွားပြီး စာဆိုတော်နေ့အထိမ်းအမှတ်အဖြစ် စာပေဆုပေးပွဲများ၊ ဟောပြောပွဲများ ကျင်းပသည့် အစဉ်အလာထွန်းကားနေပြီဖြစ်သည်။ တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်မှုတွင် အသိဉာဏ်အတွေးအခေါ်မှန်ကန်ရေးသည် အထူး အရေးကြီးပေသည်။ စာပေသည်လူသားတို့အတွေးအခေါ်မှန်ကန်စေရန်၊ အသိဉာဏ်ဗဟုသုတ တိုးပွားစေရန်၊ အကျင့်စာရိတ္တနှင့် ကိုယ်ကျင့်တရား ကောင်းမွန်စေရန်၊ လူသားအရင်းအမြစ် အရည်အသွေးတောက်ပြောင်စေရန် ထိန်းကျောင်း တည့်မတ်ပေးလျက် ရှိသည်။

မှန်ကန်သော အတွေးအခေါ်ရှိနေမှသာ မိမိအတွက်သော်လည်းကောင်း၊ နိုင်ငံအတွက်သော်လည်းကောင်း ကောင်းသော အကျိုး တရားများ ရရှိလာမည်ဖြစ်သည်။ နိုင်ငံ့သမိုင်းရေစီးကြောင်းတွင် စာပေပညာရှင်ကြီးများသည် နိုင်ငံတိုးတက်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ် များတွင် ကလောင်လက်နက်ဖြင့် အင်တိုင်အားတိုက်ပါဝင်ကြိုးပမ်းခဲ့ကြသည်။ လွတ်လပ်ရေးကြိုးပမ်းမှုတွင် စာရေးဆရာတို့သည် ဓားသွားထက် ကလောင်သွားထက် ခဲ့ကြသည်။ ဓားလှံစသောလက်နက်ဖြင့်တိုက်ခိုက်မှုထက် စာပေလက်နက်ဖြင့် စည်းရုံးလှုံ့ ဆော်မှုများ ကပိုမို၍ထိရောက်အောင်မြင်ခဲ့သည်။

မည်သည့်နိုင်ငံနှင့် လူမျိုးမဆို စာပေနှင့်ယဉ်ကျေးမှုကို အထူးတန်ဖိုးထားကြသည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကူးလူးဆက်ဆံမှုများမှ စာပေယဉ်ကျေးမှုများ ဖလှယ်နိုင်ပြီး စာပေမှတစ်ဆင့် ဘာသာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု  စသည်တို့ ပြန့်ပွားဖလှယ်နိုင်ကြသည်။ မြန်မာစာပေ၏ သက်တမ်းသည် ပုဂံခေတ်မှ ယနေ့တိုင် တွက်စစ်ကြည့်လျှင်နှစ်ပေါင်း ၁၀၀၀ မျှရှိခဲ့ပြီဖြစ်သည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရသည် စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာရှင်များကို တန်ဖိုးထားသည်။ နိုဝင်ဘာလ ၁ ရက်နေ့က ထိုအနုပညာရှင်များနှင့်တွေ့ဆုံ၍ စားသောက်ဖွယ်ရာများနှင့် ရန်ပုံငွေကျပ်သိန်း ၄၀၀၀ ကို ပေးအပ်ခဲ့သည်မှာ နိုင်ငံတော်၏ စေတနာနှင့် အလေးထားမှုကို ပြသခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၁၃၈၃ ခုနှစ် နတ်တော် လဆန်း ၁ ရက်နေ့(စာဆိုတော်နေ့)က ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ရှိ မြဝတီမီဒီယာစင်တာ၌ ကျင်းပသော ၂၀၂၀ ပြည့်နှစ် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများကို ချီးမြှင့်ခြင်းအခမ်းအနားတွင် တက်ရောက် ဂုဏ်ပြုအမှာစကားပြောကြားရာ၌ “နိုင်ငံရေးစနစ်များ မည်သို့ပင်ပြောင်းစေကာမူ ကမ္ဘာ့အလယ်တွင် စာပေယဉ်ကျေးမှု ဖွံ့ဖြိုးတိုး တက်သည့်နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ပါကြောင်း၊ မိမိတို့ခေတ်၊ နောင်မျိုးဆက်သစ်များ၏ ခေတ်တွင်လည်း တန်ဖိုးမဖြတ်နိုင်သည့် ဤမွန်မြတ်သည့် အစဉ်အလာများကို ဆက်လက်ထိန်းသိမ်းရန် တာဝန်ရှိသကဲ့သို့ နှိုးဆော်မှုများ၊ ရေးသားစပ်ဆိုမှုများကို စာပေပညာရှင်များ၊ စာပေသုတေသီများက မျိုးဆက်သစ်ကလောင်ရှင်များကို စေတနာကောင်းနှင့် လက်ဆင့်ကမ်းခဲ့ကြရန် တိုက်တွန်း လိုပါကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။ သို့ဖြစ်ပေရာ မြန်မာစာပေစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မျိုးဆက်သစ် ကလောင်ရှင်များအနေဖြင့် လက်ဆင့်ကမ်းအမွေကို ဆက်လက်ထိန်းသိမ်းရန် လိုအပ်ပါကြောင်းရေးသား လိုက်ရပေ သည်။  ။