အားကစားစိတ်ဓာတ်အကြောင်းသိကောင်းစရာ

အားကစားစိတ်ဓာတ်အကြောင်းသိကောင်းစရာ

ကမ္ဘာပေါ်တွင်ကျင်းပလျက်ရှိသော အိုလံပစ်အားကစားပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲ၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ၊ ကမ္ဘာ့တိုက်ကြီးများ ဖလားဘောလုံးပြိုင်ပွဲ၊ ဥရောပဖလားဘောလုံးပြိုင်ပွဲ၊ Champion League ဘောလုံးပြိုင်ပွဲ၊ နိုင်ငံအသီးသီးတွင် ကျင်းပလျက်ရှိသည့်  League ပြိုင်ပွဲအမျိုးမျိုးအပြင် အပြည်ပြည်ဆိုင်ရာ အားကစား အဖွဲ့ချုပ် များမှ ကြီးမှူးကျင်းပလျက်ရှိသည့်  အားကစားနည်းအလိုက်  ပြိုင်ပွဲမြောက်မြားစွာရှိကြသည်။ ပြိုင်ပွဲအသီးသီးတွင် သက်ဆိုင်ရာ အားကစားနည်းအလိုက် ပါဝင်ယှဉ်ပြိုင်လျက်ရှိကြသည့် အားကစားသမားများအနေဖြင့် မိမိတို့ပါဝင်ယှဉ်ပြိုင်သည့် အားကစား နည်းများ၏ စည်းမျဉ်းစည်းကမ်းဥပဒေများအား သိရှိထားကြရန်လိုအပ်သကဲ့သို့ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာတွင် အားကစား စိတ်ဓာတ် (Sporting Spirit)  အပြည့်ဖြင့်  ပါဝင်ယှဉ်ပြိုင်ကြရန်  အထူးလိုအပ်လှပါသည်။

အားကစားပြိုင်ပွဲများတွင် ကစားနည်းအလိုက် သတ်မှတ်စည်းမျဉ်းစည်းကမ်းများအား ကစားသမားများ ကိုယ်တိုင်သော် လည်းကောင်း၊ ပွဲကြည့်ပရိသတ်များအနေဖြင့်လည်းကောင်း၊ သိရှိနားလည်မှုအားနည်း၍ဖြစ်စေ၊ အားကစားစိတ်ဓာတ်ကင်းမဲ့စွာ ယှဉ်ပြိုင်ခြင်းကြောင့်ဖြစ်စေ၊ သတ်မှတ်စည်းကမ်းများကို မကျေနပ်၍ဖြစ်စေ၊ ပရိသတ်များ၏ လွန်ကဲစွာအားပေးမှုကြောင့်ဖြစ်စေ၊ အားကစားပြိုင်ပွဲများ မကြာခဏအငြင်းပွားမှုများ၊ ကွင်းတွင်းခိုက်ရန်ဖြစ်ပွားမှုများသည် ကွင်းပြင်ပပရိသတ်များအထိပါ တစ်ဖက်နှင့် တစ်ဖက် ပဋိပက္ခ၊ ရုန်းရင်းဆန်ခတ်ခိုက်ရန်ဖြစ်ပွားမှုများကြောင့် ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်များရှိခဲ့ပြီး ထိုဖြစ်စဉ်များကြောင့် လူပေါင်း ရာချီ၍ သေဆုံးမှုများဖြစ်ပွားခဲ့သည့် သာဓကများ ဖြစ်ပေါ်ခဲ့ဖူးပါသည်။ သို့ဖြစ်၍ အားကစားပြိုင်ပွဲတိုင်းတွင် အားကစားသမားများ အနေဖြင့် အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ခြင်းမပြုသရွေ့၊ ပွဲကြည့်ပရိသတ်နှင့် ဒိုင်လူကြီးများ အားကစားစိတ်ဓာတ် မရှိသရွေ့ အလားတူဖြစ်စဉ် ဖြစ်ရပ်မျိုး မကြာခဏဆိုသလို ဖြစ်ပေါ်နေမည်ဟု ယူဆမိပါသည်။

အားကစားစိတ်ဓာတ်နှင့်ပတ်သက်၍ အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုထားရှိသည်ကို မှတ်သားဖူးပါသည်။ မှတ်သားမိသလောက် အားကစားစိတ်ဓာတ်နှင့် ပတ်သက်၍ အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုထားချက်များအားတင်ပြရလျှင်-

“အားကစားယှဉ်ပြိုင်ရာ၌ အားကစားသမားတိုင်းသည် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကိုသာမက နည်းပြဆရာ၊ အုပ်ချုပ်မှု၊ အားကစားဆေးပညာရှင်အစရှိသော  ပြိုင်ပွဲတာဝန်ရှိသူများ၏လမ်းညွှန်မှုအား  လေးစားစွာလိုက်နာရမည်”   ဟူ၍လည်း ကောင်း၊ “အားကစားယှဉ်ပြိုင်ရာ၌ အားကစားသမားတိုင်းသည် ပွဲကြည့်ပရိသတ်များအား စော်ကားသည့် ရိုင်းပျညစ်နွမ်းသော အပြုအမူအပြောအဆိုများကို မပြုမိစေရန် ဆင်ခြင်ရပါမည်။ တစ်နည်းအားဖြင့် ကိုယ်စိတ်နှလုံးသုံးပါးစလုံးကို စောင့်ထိန်းရမည်”  ဟူ၍လည်းကောင်း၊ “အားကစားယှဉ်ပြိုင်ရာ၌ မိမိလူမျိုး၊ မိမိနိုင်ငံတော်၏ ကျေးဇူးကိုစောင့်သိလျက် အမျိုးဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ် ဆောင်အားကစားသမားများဖြစ်အောင် အားသွန်ခွန်စိုက်ကြိုးပမ်းယှဉ်ပြိုင်ရမည်” ဟူ၍လည်းကောင်း၊ “အားကစားယှဉ်ပြိုင်ရာ၌ ငုပ်မိသဲတိုင်၊ တက်နိုင်ဖျားရောက်ဆိုသကဲ့သို့ မလျှော့သော ဇွဲ၊ သတ္တိ၊ ပြင်းပြသောလုံ့လတို့ဖြင့် ပါဝင်ယှဉ်ပြိုင်ရမည်” ဟူ၍လည်းကောင်း၊ “အားကစားယှဉ်ပြိုင်ရာ၌ ရွှေတံဆိပ်ရရှိရေးထက်ပို၍အရေးကြီးသည်မှာ ယှဉ်ပြိုင်ဘက် အားကစားသမားတစ်ဦး ဒုက္ခကြုံတွေ့နေရခြင်းအား  ကိုယ်ကျိုးစွန့်ပြီး ကူညီမှုဖြစ်သည်”  ဟူ၍ လည်းကောင်း၊ “အားကစားပြိုင်ဆိုင်ရာ၌ အနိုင်ရသူအပေါ် မနာလိုမှု၊ ဝန်တိုမှုစိတ်များမထားရပါ။ အနိုင်ရလောက်သော အားကစားစွမ်းရည်ရှိ၍ အနိုင်ရခြင်းဖြစ်ကြောင်းနှင့် သူ့နည်းတူဖြစ်ဖို့ မိမိဘက်မှ ဆတက်ထမ်းပိုး၍ ကြိုးစားရဦးမည်ဖြစ်ကြောင်းတို့ကို  အမှန်အတိုင်းနားလည်လျက် အနိုင်ရသူနှင့် ထပ်တူထပ်မျှ ဝမ်းသာ နိုင်အောင်ကြိုးစားရမည်” ဟူ၍လည်းကောင်း၊ “အားကစားယှဉ်ပြိုင်ရာ၌ သာမန်ပွဲသေးဖြစ်၍ ရေသာခိုပြီး ကစားခြင်းနှင့် ထိပ်တန်း ပွဲကြီးတွင်  အားသွန်ပြီးကစားခြင်းတို့ကို မပြုသင့်ပါ။ ပြိုင်ပွဲအပေါ်မူတည်၍ အလျှော့အတင်းဖြင့်ကစားခြင်းသည်  ယှဉ်ပြိုင်မှု အလေ့ အကျင့်ကို ထိခိုက်ပျက်စီးစေပါသည်” ဟူ၍လည်းကောင်း၊ “အားကစားယှဉ်ပြိုင်ရာ၌ အသက်အရွယ်သည် ပဓာနမဟုတ်ပါ။ ပါဝင်ဆင်နွှဲခြင်းသည်သာ ပဓာနဖြစ်ပါသည်” ဟူ၍ လည်းကောင်း၊ “အားကစားယှဉ်ပြိုင်ရာ၌ တားမြစ်ဆေး စသည်တို့၏ အကူအညီကို ယူပြီး မရိုးဖြောင့်သည့်နည်းဖြင့်မယှဉ်ပြိုင်ရပါ။ အပြစ်ကင်းသည့်အလုပ်ကို ပြုလုပ်မိပါစေ” ဟူ၍လည်းကောင်း၊ “အားကစားယှဉ်ပြိုင်ရာ၌ အားကစားသမားတစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားခြင်း၊ ချစ်ခင်ညီညွတ်ခြင်း၊ ကူညီရိုင်းပင်းခြင်း တို့နှင့်သာ ယှဉ်ပြိုင်ရမည်” ဟူ၍လည်းကောင်း၊  “အားကစားလေ့ကျင့်ရာ၌ လည်းကောင်း၊ အားကစားယှဉ်ပြိုင်ရာ၌လည်းကောင်း၊ ပွင့်လင်းမှု၊ သည်းခံမှု၊ ခွင့်လွှတ်မှု၊ စိတ်ရှည်ရှည်ထားမှု၊ နိုးကြားမှု၊ ကြိုးပမ်းမှုအစရှိသည်တို့ကို အမြဲရှိထားရပါမည်” ဟူ၍လည်း ကောင်း၊ “အားကစားသမားချင်း တစ်ဦးကိုတစ်ဦး ရဲဘော်ရဲဘက်စိတ်ထားရှိရမည်” ဟူ၍လည်းကောင်း အယူအဆအမျိုးမျိုးဖြင့် အဓိပ္ပာယ်ဖွင့်ဆိုထားကြောင်း တွေ့ရှိရပါသည်။

အားကစားစိတ်ဓာတ်နှင့်ပတ်သက်၍ အတွေ့အကြုံတစ်ခုအားတင်ပြရလျှင် ၂၀၀၄ ခုနှစ် ဇွန်လအတွင်းတွင်ဖြစ်ပြီး ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်မြို့၌  အသက် ၁၄  နှစ်အောက် ကျောင်းသား အားကစားပွဲတော်ကျင်းပခဲ့ရာ (ဘောလုံးပြိုင်ပွဲ)၏ စည်းကမ်း သတ်မှတ်ချက်များတွင် Yellow Card, Red Card များအပြင် Green Card ကိုပါ ပြိုင်ပွဲစည်းကမ်းတွင် ထည့်သွင်း သတ်မှတ်ခဲ့ပါသည်။ တားမြစ်ထားသည့် သာမန်ပြစ်မှုများဖြစ်ပါက Yellow Card (အဝါကတ်) ပြသပြီး ပြိုင်ဘက်ကစားသမားအား ထိခိုက်နစ်နာစေ လိုသော ရည်ရွယ်ချက်ဖြင့် ပြစ်မှုကျူးလွန်ပါက တိုက်ရိုက်ထုတ်ပယ်သည့် Red Card (အနီကတ်)များကိုသာ ဒိုင်လူကြီးများ သုံးစွဲသည်ကို မြင်တွေ့ခဲ့ဖူးသော်လည်း အဆိုပါ ကျောင်းသားအားကစားပွဲတော်တွင် ဘောလုံးအားကစားသမား ဆောင်ပုဒ်ဖြစ်သည့် Fair Play ဆောင်ပုဒ်အား မျိုးဆက်သစ်များအတုယူလိုက်နာတတ်စေရန်အတွက် Green Card (အစိမ်းကတ်) အားထည့်သွင်း အသုံးပြုခဲ့သည်ကို တွေ့ခဲ့ရပါသည်။ Green Card မှာ အားကစားသမားနှစ်ဦး အင်တိုက်အားတိုက် အားကြိုးမာန်တက် ယှဉ်ပြိုင် ကစားရာတွင် တစ်ဦးမှာလဲကျသွားပါက ကျန်အားကစားသမားတစ်ဦးမှ ဘောလုံးကိုဆက်မကစားဘဲ လဲကျသွားသည့် ကစားသမား အားဆွဲထူပေးခြင်း၊ တောင်းပန်ခြင်းများ ချက်ချင်းပြုလုပ်ပါသည်။ အလားတူ ရှေ့တန်းကစားသမားနှင့်   နောက်တန်း ကစားသမား ဘောလုံးယှဉ်ပြိုင်လုရင်း နောက်တန်းကစားသမား လဲကျကျန်ခဲ့ပြီး ပြိုင်ဘက်ရှေ့တန်းကစားသမားမှ ဂိုးသွင်းခွင့် အခွင့်အရေး ရရှိသွားသော်လည်း ဂိုးသွင်းခြင်းမပြုဘဲ လဲကျသွားသည့် ကစားသမားအားဆွဲထူပေးခြင်း၊ တောင်းပန်ခြင်းများ ပြုလုပ်ပါသည်။

ထိုသို့သောဖြစ်စဉ်များအား   မြင်တွေ့ရပါက ဒိုင်လူကြီးမှ အနီးသို့ပြေးသွားပြီး ဆွဲထူပေးသည့် ကစားသမားကို အားကစားစိတ်ဓာတ် ရှိသူအဖြစ် ဂုဏ်ပြုသတ်မှတ်သည့်အနေဖြင့် Green Card အားပြသပါသည်။ ပြိုင်ပွဲပြီးဆုံးချိန်တွင် ပြိုင်ပွဲဝင်အသင်းတစ်သင်းလုံးမှ အဝါကတ်၊ အနီကတ်လုံးဝပြသခံရ ခြင်းမရှိသည့်အသင်းအား ကွင်းလယ်ဒိုင်လူကြီးမှ အနီးသို့သွားရောက်ပြီး တစ်သင်းလုံးအား Green Card ပြသပြီး အားကစားစိတ်ဓာတ်ပြည့်ဝသော အသင်းအဖြစ် ဂုဏ်ပြုပါသည်။ ပြိုင်ပွဲကြီးပြီးဆုံးချိန်တွင်လည်း ပထမဆုရရှိ သော အသင်းအား ဆုဖလား၊ ဆုတံဆိပ်များချီးမြှင့်ပေးအပ်သလို၊ ပွဲစဉ်တစ်လျှောက် အသန့်ရှင်းဆုံးဆု အားကစား စိတ်ဓာတ် အပြည့်အဝဖြင့် ယှဉ်ပြိုင်သည့်အသင်းအား ပထမရရှိသည့်အသင်းနှင့်တန်းတူ ဆုဖလားနှင့်ဆုတံဆိပ်များ ချီးမြှင့်ခဲ့ပါသည်။ ဤကျောင်းသား အားကစားပွဲတော်မှ ဆုချီးမြှင့်သည့် အခမ်းအနားတွင် ပထမရရှိသောအသင်းထက် အသန့်ရှင်းဆုံးဆုနှင့် အားကစားစိတ်ဓာတ် အပြည့်ဖြင့် ယှဉ်ပြိုင်သည့်အသင်းအား ပရိသတ်မှပိုမိုအားပေးဂုဏ်ပြုကြသည်ကို ဂုဏ်ယူဖွယ်မြင် တွေ့ခဲ့ပါ သည်။ သို့ဖြစ်၍ အားကစားသမားတိုင်း ပြိုင်ပွဲဝင်ရာတွင် အားကစားစိတ်ဓာတ်အပြည့်ဖြင့်  ဝင်ရောက်ယှဉ်ပြိုင်ကြရန်မှာ အထူးအရေး ကြီး လှပေသည်။  ၁၉၇၂ ခုနှစ် ဂျာမနီနိုင်ငံ မြူးနစ်မြို့၌ကျင်းပခဲ့သော (၂၀)ကြိမ်မြောက် အိုလံပစ်အားကစားပွဲဝင် မြန်မာဘောလုံး အသင်း သည် အသန့်ရှင်းဆုံး ဆုရရှိခဲ့သည့် သာဓကပင်ဖြစ်ပါသည်။

အားကစားပြိုင်ပွဲတိုင်းတွင် ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် အားကစားစိတ်ဓာတ်အပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြရန် လိုအပ် သကဲ့သို့ ပြိုင်ပွဲတိုင်းတွင် Fair Play ဖြစ်စေရန်လည်း အထူးလိုအပ်လှပါသည်။ Fair Play ဆိုသည်မှာ အားကစား သမားများနှင့်သာ သက်ဆိုင်နေခြင်းမျိုးမဟုတ်ဘဲ ပြိုင်ပွဲတစ်ခုကျင်းပပြုလုပ်မည်ဆိုလျှင် မဖြစ်မနေပါဝင် ပတ်သက်နေသူများ ဖြစ်သည့်

(၁) အားကစားသမား၊

(၂) ဒိုင်လူကြီး၊

(၃) ပွဲကြည့်ပရိသတ်၊

(၄) ပြိုင်ပွဲကျင်းပရေးကော်မတီနှင့်

(၅) ပြိုင်ပွဲကျင်းပမည့်အားကစားကွင်း^အား

ကစားရုံအခြေအနေကို မဖြစ်မနေထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်ပါသည်။

အားကစားပြိုင်ပွဲများ အထူးသဖြင့် ဘောလုံးပြိုင်ပွဲများအား အကျည်းတန်အရုပ်ဆိုးစေသည့်ဖြစ်ရပ်များမှာ ယှဉ်ပြိုင်ကစားရာတွင် ပြဿနာများပေါ်ပေါက်ပြီး ပွဲရပ်ဆိုင်းလိုက်ရခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း၊ ပြိုင်ပွဲကြီးကြပ်သူ ဒိုင်လူကြီးများအား မချေမငံ ပြုမူပြောဆိုခြင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း၊ ပရိသတ်များ၏ ဆူပူအကြမ်းဖက်ရမ်းကားခြင်းပင်ဖြစ်ပါသည်။ ယခုခေတ်တွင် အားကစားနည်းအလိုက် နိုင်ငံတကာအားကစားပြိုင်ပွဲများအား မြန်မာနိုင်ငံအနေဖြင့် မကြာခဏဆိုသလို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပလျက်ရှိရာ အိမ်ရှင်အဖြစ်လက်ခံကျင်းပသောနိုင်ငံတွင် အထက်ပါဖြစ်စဉ်များဖြစ်ပွားပါက သက်ဆိုင်ရာအိမ်ရှင်နိုင်ငံ၏ အားကစား အဖွဲ့ချုပ်များအား အရေးယူမှုများပြုလုပ်လာသည်အထိပင်ဖြစ်သည်ဟု ကြားသိရခြင်းမှာ သက်ဆိုင်ရာနိုင်ငံနှင့် လူမျိုးတို့ ၏ ဂုဏ်သိက္ခာကိုပင် ထိခိုက်လာစေပါသည်။                      

အားကစားပြိုင်ပွဲကောင်းတစ်ခု ဖြစ်ဖို့ဆိုလျှင် အားကစားသမား၊ ဒိုင်လူကြီး၊ ပွဲကြည့်ပရိသတ်နှင့် ပြိုင်ပွဲကျင်းပရေးကော်မတီတို့  “လေးပွင့်ဆိုင်” ကောင်းမှသာလျှင် ပြိုင်ပွဲကောင်းတစ်ခုဖြစ်ပေသည်။ ထိုလေးပွင့်ဆိုင်တွင် အချက်တစ်ခုခု ချွတ်ယွင်းဖောက်ဖျက် ပါက  ပွဲပျက်ရပြီး  ပြဿနာများစွာ၊ အဓိကရုဏ်းများစွာ ဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် ဒိုင်လူကြီးသည် “သ” ခြောက်လုံးဟူသော “သစ္စာ၊ သိက္ခာ၊ သမာဓိ၊ သတ္တိ၊ သမ္မစိတ္တ၊ သုတေသန” ဟူသော အချက်များပြည့်စုံရန် လိုအပ်ကြောင်း မှတ်သားဖူးပါသည်။

“သစ္စာ” ဟူသည် ဒိုင်လူကြီးကောင်းတစ်ယောက်သည် မိမိပါဝင်ပတ်သက်နေသော အားကစားအပေါ်တွင် သစ္စာရှိရပါမည်။ တစ်နည်း အားဖြင့်ဆိုသော် အဂတိလိုက်စားမှုကင်းခြင်း၊ ငါဟူသော အစွဲအလမ်းဖြစ်သည့် ငါ့တပည့်၊ ငါ့ဆွေမျိုး၊ ငါ့သား၊ ငါ့သမီးဟူသော အစွဲအလမ်းမရှိဘဲ မှန်မှန်ကန်ကန် သစ္စာရှိရှိဆုံးဖြတ်ဖို့ လိုပါသည်။

“သိက္ခာ” ဟူသည် ဒိုင်လူကြီးကောင်းတစ်ယောက်သည် မိမိရရှိထားသော နေရာ၊ ရာထူးနှင့် လိုက်ဖက်စွာ မိမိဂုဏ်သိက္ခာကို စောင့်ထိန်း၍ တစ်ဖက်စောင်းနင်းမဆုံးဖြတ်ဖို့လိုပါသည်။ မိမိဒေသအစွဲ  မကြည့်ဘဲ လတ်တလောမြင်ကွင်း ပြိုင်ပွဲကို မှန်မှန်ကန်ကန် ဆုံးဖြတ်ဖို့လိုပါသည်။

“သမာဓိ” ဟူသည် ဒိုင်လူကြီးကောင်းတစ်ယောက်သည် စိတ်ဓာတ်ခိုင်မာဖို့လိုပါသည်။ ဟိုလိုလို၊ သည်လိုလိုနှင့် ဝေခွဲမရသော သံသယဒွိဟစိတ်များ မဖြစ်ဖို့လိုပါသည်။

“သတ္တိ” ဟူသည် ဒိုင်လူကြီးကောင်းတစ်ယောက်သည် မိမိဆုံးဖြတ်ချက်၊ မိမိထင်မြင်ချက်ကို မမှိတ်မသုန် ဆုံးဖြတ်ချက်ချနိုင်ဖို့ လိုပါသည်။ တခြားတစ်ဦးတစ်ယောက်၏ သြဇာလွှမ်းမိုးမှု၊ တိုက်တွန်းမှု၊ ကြောက်ရွံ့စိတ်၊ စိုးရိမ်စိတ်မရှိဘဲ ဆုံးဖြတ်နိုင်ဖို့လိုပါသည်။

“သမ္မစိတ္တ” ဟူသည် ပြိုင်ပွဲကျင်းပနေစဉ် ပြိုင်ဘက်အသင်းများအပေါ် သို့မဟုတ် ပြိုင်ပွဲဝင် အားကစားသမားများအပေါ် မျှမျှတတ ဝေဖန်ပိုင်းခြား၊ ဆုံးဖြတ်တတ်ဖို့ လိုပါသည်။

“သုတေသန”  ဟူသည်  ဒိုင်လူကြီးကောင်းတစ်ယောက်သည် မိမိနှင့်ပတ်သက်သော အားကစား အကြောင်း၊ စည်းမျဉ်းစည်းကမ်း၊ ဥပဒေများကို ခေတ်နှင့်အညီ သိကျွမ်းဖို့လိုပါသည်။ ထို့ပြင် မိမိ အားကစားနှင့်ပတ်သက်သော   အသိုင်းအဝိုင်း၊ အားကစားသမားများ အကြောင်းကိုလည်း  တီးမိခေါက်မိဖို့ လိုပါသည်။

ဒိုင်လူကြီးအဖြစ်ဆောင်ရွက်နေစဉ် ဓာတ်ပုံရိုက်ခြင်း၊ အရက်သေစာသောက်စားခြင်း၊ ပြိုင်ဘက်အသင်းမှ အားကစားသမားများကို နည်းပြပြုလုပ်ခြင်း၊ အခြားဒိုင်လူကြီးတစ်ဦးဦးကို ကြိုတင်တစ်ပေးခြင်း၊ သြဇာလွှမ်းမိုးခြင်း၊ ဒိုင်တစ်ဦးတစ်ယောက်ကို စကားပြော ခြင်းများ မပြုလုပ်ရပါ။ ထို့ပြင် အမြင်အာရုံမကောင်းသော၊ မျက်စိမှုန်သူ (မျက်မှန်တပ်သူ)များကို ဒိုင်လူကြီးတာဝန်မပေးသင့်ပါ။ ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်အမှားအမှန်ကို ပွဲကြည့်ပရိသတ်များကဝိုင်း၍ မျက်လုံးပေါင်းထောင်သောင်းမက စိတ်အာရုံစူးစိုက်ကာ မျှော်လင့်နေကြပေသည်။

ထို့ကြောင့် ဒိုင်လူကြီးကောင်းတစ်ဦးဖြစ်ရန် “သ” ခြောက်လုံးကိုဆောင်၍ တည်ကြည်လေးနက်သော အားကစားစိတ်ဓာတ်ဖြင့်  ဆောင်ရွက်မည်ဆိုပါက အမှားအယွင်းနည်းစွာဖြင့် ဆုံးဖြတ်တတ်သော ဒိုင်လူကြီးကောင်းတစ်ယောက်ဖြစ်မည်ဟု မှတ်သားဖူး ပါသည်။

တရားသူကြီးတစ်ဦး၏ တရားခွင်၌ ဆုံးဖြတ်ခြင်းတွင် အခန်းကျဉ်းလေးတွင်ဖြစ်သော်လည်း အားကစားပွဲ ဒိုင်လူကြီးမှာ မြင်ကွင်း ကျယ်သည့် ပရိသတ်အများစု၏ရှေ့မှောက်တွင် အချိန်တိုအတွင်း ချက်ချင်းဆုံးဖြတ်ရသဖြင့် ပိုမို၍ အရေးကြီးလှပါသည်။ အားကစား ဒိုင်လူကြီးများအနေဖြင့် တည်ငြိမ်စွာ ကုလားထိုင်တွင်ထိုင်ပြီး အချိန်ယူစဉ်းစားဆုံးဖြတ်ရသည့် ပုံစံမဟုတ်ဘဲ လှုပ်ရှားပြေးလွှားရင်း ချက်ချင်းဆုံးဖြတ်ချက်ချရသည့် ကိစ္စမှာ ထင်သလောက်မလွယ်ကူပါ။  ပရိသတ်များအနေဖြင့် မိမိထိုင်ခုံတွင်ထိုင်ပြီး အားပေးရင်း မိမိထင်ရာမြင်ရာကို ဆုံးဖြတ်ချက်ချနိုင်ပါသည်။ မိမိထင်မြင်ယူဆချက်ကို တရားခွင်မှာကဲ့သို့မဟုတ်ဘဲ လွတ်လပ်စွာ အော်ဟစ် ပြောဆိုနိုင်ပါသည်။ ပရိသတ်၏အမြင်နှင့် ဒိုင်လူကြီး၏အဆုံးအဖြတ် ကိုက်ညီရန် အတော်ခက်ခဲပါသည်။ ဤအချက်တစ်ချက် တည်းနှင့်ပင် စဉ်းစားမိသည်မှာ ဒိုင်လူကြီးတစ်ဦးသည် ဥပဒေကို နားလည်သလို ပရိသတ်နှင့် အားကစားသမားများသည်လည်း ဥပဒေကို နားလည်ထားရန် လိုအပ်သည်ဟု သုံးသပ်မိပါသည်။

သို့ဖြစ်၍ အငြင်းပွားမှု၊ ခိုက်ရန်ဖြစ်မှု အများဆုံးဖြစ်သော ဘောလုံးကစားနည်းတွင် တိုးတက်ပြောင်းလဲလာသည့် ဥပဒေများကို ကျယ်ပြန့်စွာအသိပေးရန် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်းလည်း  အကြံပြုလိုပါသည်။ အားကစားနည်းအလိုက် ပြင်ဆင်ပြောင်းလဲ သတ်မှတ်လိုက်သည့် ဥပဒေသစ်များကို သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ စာစောင်များတွင် ဖော်ပြခြင်းများ၊ အားကစားနည်းအလိုက် စည်းမျဉ်းစည်းကမ်းဥပဒေလက်စွဲစာစောင်များအား ကျယ်ပြန့်စွာ ရိုက်နှိပ်ထုတ်ဝေခြင်းများအပြင်  မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီ၊ SkyNet၊ MRTV- 4 တို့ကဲ့သို့ ရုပ်မြင်သံကြားလိုင်းပေါင်းစုံမှလည်း ကျွမ်းကျင်သူများမှအသိပညာပေး ဟောပြောခြင်း၊ ရှင်းလင်း သရုပ်ပြခြင်း အစီအစဉ်များဖြင့်  အများပြည်သူများ အသိပညာတိုးပွားလာစေရေးအတွက်  ဆောင်ရွက်ပေးရန် လိုအပ်နေပြီဖြစ် ကြောင်းလည်း ထပ်လောင်းအကြံပြုလိုပါသည်။

ပရိသတ်များသည် အားကစားနည်း ဝါသနာအရ လာရောက်ကြည့်ရှုအားပေးသူများဖြစ်ရာ ပရိသတ်များ၏ အသိပညာမြင့်လာစေရေး အတွက် Media များဖြင့်ပူးပေါင်းကာ ပညာပေးခြင်းလုပ်ငန်းများအား အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်လိုပါသည်။ လာရောက်ကြည့်ရှုအားပေးသည့် ပရိသတ်များမှာ  အလွှာအသီးသီးမှဖြစ်ပြီး အသိÓဏ်နှင့်ပညာမှာလည်း အမျိုးမျိုးရှိကြသည်။ ၎င်းတို့အားပေးမှုကို ကြိုဆိုရန်သာရှိသည်။ မီးဘေးရှောင်မလောင်ခင်တား ဆိုသည့်စကားအတိုင်း ပရိသတ်များ အား  အသိပညာပေးခြင်းဖြင့်သာ ကာကွယ်တားဆီးကြရမည်ဖြစ်သည်။ ကိုယ်ထိလက်ရောက် ကျူးလွန်မှုများမရှိစေရေး၊ တည်ဆဲ ဥပဒေများဖြင့် တားဆီးကြရမည်ဖြစ်သကဲ့သို့ ဆူပူဆဲဆိုမှုများကိုလည်း ၎င်းတို့၏ မြင်ကွင်းဖြစ်စဉ်များဖြင့် ပြောင်းလဲဆောင်ရွက် ကြရမည်။ ထိုတာဝန်မှာ အားကစားသမားနှင့် ဒိုင်လူကြီးများတွင်သာ တာဝန်ရှိပါသည်။ သတ်မှတ်စည်းမျဉ်းစည်းကမ်းဥပဒေအတိုင်း တရားမျှတစွာဆောင်ရွက်သည့် ဒိုင်လူကြီး၊ ဥပဒေနားလည်ပြီး လေ့ကျင့်သားပြည့်ဝ၍ အားကစားစိတ်ဓာတ်ရှိသော အားကစား သမားများရှိပါလျှင် ပရိသတ်များ အလိုလိုယဉ်ကျေးလာမည်ဟု ယုံကြည်ပါသည်။ ဥပဒေကိုနားလည်သဘောပေါက်ပြီး နိုင်ငံကြီးသား ပီသသူများဖြစ်လာစေရန်၊ စည်းကမ်းရှိသော စည်းကမ်းတန်ဖိုးကိုသိသော ပရိသတ်များဖြစ်လာစေရန် စည်းရုံးလှုံ့ဆော် ဆောင်ရွက် သွား ကြရမည်ဖြစ်ပါသည်။

ပြိုင်ပွဲကျင်းပရေးကော်မတီနှင့် အားကစားကွင်း အခြေအနေများဟုဆိုရာ၌ ပြိုင်ပွဲကျင်းပရေးနှင့် ပြိုင်ပွဲကျင်းပမည့် အားကစား ကွင်းများအား တာဝန်ယူဆောင်ရွက်နေသူများအနေဖြင့် အောင်မြင်သည့် ပြိုင်ပွဲကြီးတစ်ခုဖြစ်စေရေးအတွက် အဓိကအရေးကြီး ပါသည်။ ၎င်းကော်မတီအနေဖြင့် ပြိုင်ပွဲကျင်းပမည့်ရက် သတ်မှတ်ပေးခြင်းနှင့် ပြိုင်ပွဲစည်းမျဉ်းများ ကြိုတင်သတ်မှတ်ခြင်း၊ နေရာ ဒေသ သတ်မှတ်ခြင်းတို့ကို တာဝန်ယူဆောင်ရွက်ရပေသည်။ သို့မှသာ အဆင့်ဆင့်သောအဖွဲ့များမှ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်နိုင်ရေး အတွက် အခွင့်အရေးတူမျှတစွာ ကြိုတင်၍ ပြိုင်ပွဲများကျင်းပ၍ လူရွေးချယ်ခြင်း၊ ပြိုင်ပွဲဝင်ရောက်ရန် စခန်းသွင်းလေ့ကျင့်ခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ပေသည်။ ဤကဲ့သို့ တရားမျှတသော ပြင်ဆင်မှုများ ညီမျှစွာရရှိကြမှသာလျှင် “တရားသောယှဉ်ပြိုင်ခြင်း” ဟူသော ဆောင်ပုဒ်အတိုင်းဖြစ်လာပေမည်။

မြန်မာ့အားကစားအဓိဋ္ဌာန် (၄) ချက် ဖြစ်သော -

-           ကျွန်ုပ်တို့သည် အားကစားသမားကောင်းတစ်ယောက် ဖြစ်မြောက်အောင် ကြိုးစားဆောင်ရွက်ပါမည်။

-           ကျွန်ုပ်တို့သည် နိုင်ငံနှင့် နိုင်ငံသားတို့အပေါ်တွင် သစ္စာရှိပါမည်။

-           ကျွန်ုပ်တို့သည် အားကစားသမားအချင်းချင်း ပူးပေါင်းချစ်ကြည်မှုရရှိပြီး အားကစားလောက တိုးတက်မြင့်မားအောင် ကြိုးပမ်းဆောင်ရွက်ပါမည်။

-           ကျွန်ုပ်တို့သည် အရှုံးမပေးသော ဇွဲစိတ်ဓာတ်ကိုအရင်းခံ၍ တရားသောယှဉ်ပြိုင်အနိုင်ရသည်အထိ ကြိုးစား ဆောင်ရွက် ပါမည်။

အထက်ဖော်ပြပါ မြန်မာ့အားကစားသစ္စာအဓိဋ္ဌာန် (၄)ချက်ကို အားကစားသမား၊ နည်းပြ၊ ဒိုင်လူကြီးနှင့် ပွဲကြည့်ပရိသတ်များ ကောင်းစွာနားလည်သဘောပေါက်လျှင် အပြည်ပြည်ဆိုင်ရာပြိုင်ပွဲများသာမက မြန်မာ့အားကစား ပိုမိုတိုးတက်မြင့်မားလာမည်ဟု ယုံကြည်မိပါတော့သည်။   ။

 

 ကိုဌေး(ကနောင်)