အမေရိကန်သည် ရိုးသားမှုမရှိကြောင်း တုံ့ပြန်လိုက်ပြီး ရပ်တည်ချက်ခိုင်မာမှုရှိကြောင်း ဆက်လက်ပြသမည့်အီရန်

အမေရိကန်သည် ရိုးသားမှုမရှိကြောင်း တုံ့ပြန်လိုက်ပြီး ရပ်တည်ချက်ခိုင်မာမှုရှိကြောင်း ဆက်လက်ပြသမည့်အီရန်

အမေရိကန်အစိုးရက   အီရန်အပေါ်ချမှတ်ထားသည့်   ပိတ်ဆို့မှုများအနက်တချို့ကို   ဖယ်ရှားပေးရန်စီစဉ်ခြင်းသည် ထိခိုက်ခဲ့ရသော    နိုင်ငံ၏စီးပွားရေး ပြန်လည်နာလန်ထူနိုင်စေရေးအတွက် လုံလောက်မှုမရှိကြောင်းနှင့် အမေရိကန်သည် လုံးဝရိုးသားမှုမရှိကြောင်း အီရန်က တုံ့ပြန်ပြောကြားလိုက်သည်။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် အီရန်၏ စီးပွားရေးချည့်နဲ့စေရန်ဟူသော ရည်ရွယ်ချက်ဖြင့် တင်းကျပ်သည့် ပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါပိတ်ဆို့မှုများသည် ၂၀၁၅ ခုနှစ်က အမေရိကန်အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့်   အီရန်တို့ကြား လက်မှတ်ရေးထိုးခဲ့သည့် နျူကလီးယား သဘောတူညီချက်နှင့်ကိုက်ညီမှုမရှိဘဲ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း အီရန်ကိုယ် စားလှယ်အဖွဲ့မှ အဖွဲ့ဝင် တီဟီရန်တက္ကသိုလ်ပါမောက္ခ ဆေယစ်မိုဟာမက်မာရန်ဒီကပြောကြားသည်။

ထို့ပြင် အမေရိကန်အစိုးရက ပိတ်ဆို့မှု ချမှတ်ခြင်းမှာ  လုံးဝရိုးသားမှုမရှိကြောင်း၊ အီရန်အပေါ် အများဆုံးဖိအားပေးသည့် အနေဖြင့် ချမှတ်ထားသော ယင်းပိတ်ဆို့မှုများသည် နိုင်ငံအတွင်းရှိ အပြစ်မဲ့ကလေးသူငယ်များနှင့် အမျိုးသမီးများအပေါ် ပစ်မှတ်ထား  လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ အမေရိကန်အစိုးရ၏ အဆိုပါလုပ်ဆောင်ချက်သည် စစ်မက်ပြု သည့်ဆောင်ရွက်ချက်တစ်ရပ်ဖြစ်ပြီး နျူကလီးယားသဘောတူညီချက်အပေါ် ပြုလုပ်မည့်ပြောင်းလဲမှုများကိုအီရန်က လက်ခံလာ စေရန် ဖိအားပေးခြင်းသာဖြစ်သည်ဟု အီရန်က ရှုမြင်နေသည်။

အမေရိကန်အစိုးရအနေဖြင့် ၂၀၁၅ ခုနှစ် အီရန်နျူကလီးယားသဘောတူညီချက်အရ အမေရိကန်၏ ကတိကဝတ်ပြုမှုများနှင့် ကိုက်ညီမှုမရှိသော ပိတ်ဆို့မှုများကို ဖယ်ရှားပေးရန်အသင့်ရှိနေပြီး အဆိုပါသဘောတူညီချက်အရ  အီရန်အတွက် စီးပွားရေး အကျိုး အမြတ်များ  ရရှိစေရန် ခွင့်ပြုမည်ဟု  ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါသောမတ်ဂရင်းဖီး က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေးတစ်ခု၌ ပြောကြားပြီးနောက်အီရန်၏ တုံ့ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်အစိုးရအနေဖြင့် အီရန်အပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုအားလုံးကို ဖယ်ရှားပေးသင့်ပြီး နျူကလီးယား သဘော တူညီချက်မှ ထပ်မံနုတ်ထွက်ခြင်း မပြုဟု အာမခံချက်ပေးသင့်ကြောင်းကုလသမဂ္ဂဆိုင်ရာ အီရန်အမြဲတမ်းကိုယ်စားလှယ် မာဂျစ် တန့်ရာဗန်ချီက တုံ့ပြန်ပြောကြားသည်။ ထို့ပြင် နျူကလီးယားသဘောတူညီချက်အရ ပြဋ္ဌာန်းထားသည့် ဆုံးဖြတ်ချက်အမှတ် (၂၂၃၁) ကို အမေရိကန်အစိုးရကလျော့ပါးစေရေး  လုပ်ဆောင်ခြင်းမပြုဟုအာမခံပေးရန်  အီရန်ကတောင်းဆိုထားသည်။ အီရန်နိုင်ငံသည် လက်ရှိအစိုးရသစ်လက်ထက်တွင် နိုင်ငံ၏အမျိုးသား အကျိုးစီးပွားကာကွယ်ရေးကို ပိုမိုလုပ်ဆောင်ရန်  ဆုံးဖြတ်ထားသည်။

၂၀၁၅ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည့် အီရန်နျူကလီးယားသဘောတူညီချက်ကို အမေရိကန်သမ္မတဟောင်းတစ်ဦးဖြစ်သူ   ဘားရက် အိုဘားမားလက်ထက်က လက်မှတ်ရေးထိုးခြင်းဖြစ်သော်လည်း အမေရိကန်၌ ဒေါ်နယ်ထရမ့်သမ္မတဖြစ်လာပြီးနောက် အဆိုပါသဘောတူညီချက်မှာ အမေရိကန်၏အကျိုးစီးပွားအတွက် အထောက်အကူပြုနိုင်ခြင်းမရှိဟူသော အကြောင်းပြချက်ဖြင့် နုတ်ထွက်သွားခြင်းဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုရပါမူ အီရန်ကနျူကလီးယား သဘောတူညီချက်အရ ချမှတ်ထားသည့် ကန့်သတ်ချက်များကို လိုက်နာ လျက်ရှိသော်လည်း အမေရိကန်က တစ်ဖက်သတ်ဆုံးဖြတ်ချက်ဖြင့် ၂၀၁၈ ခုနှစ်အတွင်း သဘောတူညီချက်မှ နုတ်ထွက် သွားခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။

ယင်းနောက်တွင် ထရမ့်အစိုးရသည် အီရန်၏စီးပွားရေးချည့်နဲ့စေရန် ရေနံလုပ်ငန်းအပါအဝင် တင်းကျပ်သောပိတ်ဆို့မှုများကို  အီရန်အပေါ် ဖိအားပေးသည့် အနေဖြင့် ပြန်လည်ချမှတ်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်အစိုးရသည် အီရန်အပေါ် ပိတ်ဆို့မှုများ ချမှတ်ရာတွင်    ခေါင်းစဉ် အမျိုးမျိုးဖြင့်    လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တချို့မှာ ဒုံးကျည်ကာကွယ်ရေး၊ အကြမ်း ဖက်မှု၊ လူ့အခွင့်အရေး စသည့် ခေါင်းစဉ် များတပ်၍  လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်အစိုးရက ခေါင်းစဉ်တပ်၍ ပိတ်ဆို့မှုမချမှတ်နိုင်သည့် အကြောင်း အရာဟူ၍ ကမ္ဘာကြီးပူနွေးလာမှုသာ ရှိတော့သည်။

အဆိုပါပိတ်ဆို့မှုများ၏ ရည်ရွယ်ချက် မှာ တစ်ခုတည်းသာရှိပြီး ယင်းမှာ အီရန်အနေဖြင့် အမေရိကန်နှင့် ၎င်း၏ မဟာမိတ် နိုင်ငံများဖြစ်သည့် ဥရောပနိုင်ငံများကို အလျှော့ပေးလာစေရေး ဖိအားပေးခြင်းပင်ဖြစ်သည်။ အမေရိကန်အစိုးရသည်  လက်ရှိတွင် အီရန်အပေါ် ပိတ်ဆို့မှုအများအပြားချမှတ်ထားသော်လည်း လက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်လက်ထက်အထိ ပိတ်ဆို့မှုတစ်ခု ကိုမျှ ဖယ်ရှားခြင်းမရှိသေးပေ။ ထို့ကြောင့် အီရန်အပေါ်ချမှတ်ထားသည့်ပိတ်ဆို့မှုတချို့ကို    ဖယ်ရှားပေးရန်အသင့်ရှိသည်ဟူသော အမေရိကန်အစိုးရ၏ ပြောဆိုချက်သည် အပြုသဘောဆောင်သည့် လုပ်ဆောင်ချက်တစ်ရပ်အဖြစ် ထွက်ပေါ်လာသော်လည်း အမေရိကန်၏ ယင်းလုပ်ဆောင်ချက်မှာ အီရန်အနေဖြင့် ကမ္ဘာ့ စီးပွားရေးအတွင်း  ဝင်ရောက်ခွင့်အတွက် အကျိုးထူးလာမည် မဟုတ်ဟု  သုံးသပ်သူတချို့ကပြောသည်။

အကြောင်းမှာ နျူကလီးယားသဘောတူညီချက်နှင့်စပ်လျဉ်း၍ အနာဂတ်တွင်ဆက်လက်ကျင်းပမည့်  ဆွေးနွေးပွဲများ၏ မသေချာ မရေရာမှုနှင့် နိုင်ငံတကာဈေးကွက်အတွင်း အီရန်ဝင်ရောက်နိုင်မှုအလား အလာတို့ကြောင့်  နိုင်ငံတကာစီးပွားရေး လုပ်ငန်းကြီး များက အီရန်နိုင်ငံအတွင်း ဝင်ရောက်ရင်းနှီးမြှုပ်နှံမှု  လုပ်ဆောင်ရန် တွန့်ဆုတ်နေ၍ဖြစ်သည်ဟု သြစတြေးလျ နိုင်ငံ   မဲလ်ဘုန်းမြို့ ရှိ   ဒီကင်တက္ကသိုလ် ပါမောက္ခ ရှားရမ်အက္ကဘာဇာဒေးက သုံးသပ်ပြောကြားသည်။ ထိုသို့သောအကြောင်းများကြောင့် နိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုအားလုံးကို ပြန်လည် ရုပ်သိမ်းပေးရန်  အီရန်ကဆန္ဒရှိနေခြင်း ဖြစ်သည်။

ထို့ကြောင့်  အီရန်အပေါ်ချမှတ်ထားသည့်ပိတ်ဆို့မှုများအနက်  တချို့ကိုဖယ်ရှားပေးရန်အသင့်ရှိသည်ဟူသော  ကမ်းလှမ်းချက်သည်  နိုင်ငံအတွင်း  စီးပွားရေး၊ နိုင်ငံရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဖိအား များနှင့်ရင်ဆိုင်နေရသည့် အီရန်အပေါ်အမေရိကန်အစိုးရ၏ ချွေးသိပ်မှုတစ်ရပ်အဖြစ် တချို့ကရှုမြင်နေကြသည်။ လက်ရှိ အီရန်အစိုးရသစ်သည် နိုင်ငံ၏အကျိုးစီးပွားကိုကာကွယ်ရန် ကတိ ကဝတ်ပြုထားသောကြောင့် နျူကလီးယားသဘောတူညီချက်တွင် လက်မှတ်ရေးထိုးထားသည့်အမေရိကန်နှင့် ဥရောပနိုင်ငံကြီး များအနေဖြင့် သဘောတူညီချက်ပါ အချက်အလက်များကို  လိုက်နာခြင်း  ရှိ၊ မရှိသာ စောင့်ကြည့်မည်ဖြစ်ပြီး အလျှော့ပေးမည့် အလားအလာရှိနေသည်။

အကြောင်းမှာ အီရန်သည် အမေရိကန် ၏ တစ်ဖက်သတ်ပိတ်ဆို့မှုများကို ယနေ့တိုင်  တွေ့ကြုံလာခဲ့ရပြီးဖြစ်၍  ပိတ်ဆို့မှု တချို့ကို   ဖယ်ရှားပေးခြင်းသည် နိုင်ငံ၏စီးပွားရေးတိုးတက်မှု သို့မဟုတ် နာလန်ထူမှုအတွက် ထူးထူးခြားခြားအထောက်အကူ  ပြုမည်မဟုတ် ဟူသော အချက်ကို နားလည် သဘောပေါက်ထားခြင်းကြောင့်   အမေရိကန်အနေဖြင့် ရိုးသားမှုမရှိကြောင်း တုံ့ပြန်လိုက်ပြီး အီရန် ၏ရပ်တည်ချက်မှာ ခိုင်မာမှုရှိနေသည်ကို ဆက်လက်ပြသမည့်အလားအလာရှိကြောင်း ရေးသား တင်ပြလိုက်ရပါသည်။    ။        

Ref: Sputnik

ဇေယျဘုန်း