မြန်မာပီပီ နောက်မဆုတ်တမ်း

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ  ၂၀  ရက်)

မြန်မာနိုင်ငံသမိုင်းတွင် ဟံသာဝတီရောက် မင်းတရားကြီးမရှိသည့်နောက် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားခဲ့သည်။ သူတစ်လူ ငါတစ်မင်းနှင့် ကျီးလန့်စာစား အခြေအနေသို့ရောက်ရှိသွားသည်။ ခေါင်းဆောင်ကင်းမဲ့နေသော အခြေအနေတွင် မုဆိုးဖိုရွာမှ ဦးအောင်ဇေယျသည် ပတ်ဝန်းကျင်ရွာများကိုစုစည်းကာ ခိုင်ခိုင်မာမာ ထန်းလုံးတပ်ကာရံထားပြီး လူအင်အား၊ လက်နက်အင်အား၊ စားနပ်ရိက္ခာများ စုစည်းထားသည်။ ထို့ပြင်စိတ်ဓာတ်ကောင်းသော သူရဲကောင်းများကို စုစည်းထားသည်။ နိုင်ငံအတွက် ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား တိုက်ပွဲဝင်မည့် သွေးသောက်ရဲဘော်များကိုလည်း စုဖွဲ့ထားသည်။ ထို့ကြောင့် ဦးအောင်ဇေယျ၏ ပုံရိပ်သည် ထင်ထင် ရှားရှားမြင်သာလာသည်။ တစ်ဖက်ရန်သူများဖြစ်သော ပဲခူးသားတို့နှင့် ကွေ့မင်းပုဏ္ဏအိမ်အုပ်စုနှစ်ခုက ဦးအောင်ဇေယျကို တိုက်ခိုက်လာသည်။

သက္ကရာဇ် ၁၁၁၄ ခုနှစ် ကဆုန်လဆန်း ၈ ရက်နေ့၌ မုဆိုးဖိုမြို့သို့ ပဲခူးဥပရာဇာစေလွှတ်သောလူ ၃၀ ရောက်လာသည်။ ထိုနေ့မှာပင် ကွေ့မင်းပုဏ္ဏအိမ်က စေလွှတ်သော လူ ၂၀ လည်းရောက်လာကြသည်။ အကြောင်းကား ထိုမင်းနှစ်ဦးတွင် တစ်ဦးဦးကို ဦးအောင်ဇေယျက လက်အောက်ခံအဖြစ် သစ္စာခံစေလိုခြင်းဖြစ်သည်။ ဦးအောင်ဇေယျသည် ပရိယာယ်၌ လိမ္မာတော်မူသည့်အတိုင်း ပျူငှာချေငံစွာကြိုဆို၍ သင့်တင့်လျောက်ပတ်သော နေရာတွင် ထိုနှစ်ဖွဲ့အားထားလိုက်သည်။ ယခုရောက်လာသောမင်းမှူးမတ်တို့မှာ ကျွန်ုပ်တို့အား သစ္စာရေတိုက်ရန် တစ်နေ့တည်းဆုံစည်း ရောက်လာသောကြောင့် အရေးအခွင့်မသင့်ဖြစ်နေသည်။ သစ္စာတော် ခံယူခြင်းကိစ္စများသည် ပေါ့ဆသောအရာမဟုတ်ဘဲ လေးနက်စွာနှလုံးသွင်းရမည်ဖြစ်သည်။ ယခုမင်းနှစ်ပါးဆိုင်လျက်ရှိရာ နှစ်ပါး စလုံးကိုပင်ပြိုင်တူသစ္စာမခံကောင်းပါ။ ညီသားဆွေမျိုးတို့နှင့် ယခုညတိုင်ပင်ပါရစေဦး။ နံနက်မိုးသောက်လျှင် သင်တို့အလိုနှင့် သစ္စာခံ ရမည့်အရာကို အပြီးအစီးရွက်ဆောင်ပါမည်ဟူ၍ နှစ်ဖက်စလုံးသို့ ပြန်ကြားထားသည်။

ထိုည၌ ဦးအောင်ဇေယျသည် ဖခင်မင်းညိုစံနှင့် မိခင်စောငြိမ်းဦးတို့နှင့် တွေ့ဆုံသည်။ ဖခင်ဖြစ်သူက အထက်အောက် နိုင်ငံအားလုံး ပဲခူးမင်းသစ္စာကိုခံကြရကုန်ပြီ။ သူတို့မှာလည်း မရေမတွက်နိုင်သော လက်နက်ကိရိယာ၊ ဆင်မြင်းသူရဲသူခက်အင်အားများလှသည်။  ငါတို့မိသားစုမှာရှိသော ဥစ္စာရွှေငွေကို တစ်ဝက်ခွဲပေးပြီး ပဲခူးမင်း၏ သစ္စာတော်ကိုခံယူလျှင် သင့်မည်ထင်သည်ဟူ၍ပြောသည်။ ဦးအောင်ဇေယျက မည်သို့မျှစိုးရိမ်တော်မမူပါနှင့်၊ ယောကျ်ားကောင်းတို့မည်သည်မှာ လုံ့လဝီရိယအကြံအစည်ကို လျှော့မြဲမဟုတ်ပါ။ တစ်တိုင်းပြည်လုံးခံသော်လည်း ကျွန်တော်တို့ ကြောက်ရွံ့ဖွယ်မရှိပါ။ လူနည်းသည်၊ များသည်မှာ ပဓာနမဟုတ်၊ လုပ်ရည် ကြံရည်သာ ပဓာနဖြစ်သည်။ ပြည်သူပြည်သားများအကျိုး၊ သာသနာတော်၏ အကျိုး၊ ဆွေတော်မျိုးတော်တို့၏ အကျိုးကိုရွက်ဆောင်ပြီး မင်းဧကရာဇ်အဖြစ်နှင့် ခမည်းတော်တို့ကို ကျေးဇူးဆပ်ပါမည်ဟူ၍ ပြန်လည်ပြောကြားခဲ့သည်။

ဖခင်ဖြစ်သူမင်းညိုစံသည် သား၏ပြောစကားကို လွန်စွာသဘောကျသွားသည်။ ငါ့သားပြောပုံမှာ ယောကျ်ားပီသလှသည်။ လက်ရုံး တော်လည်း မီးတောက်ဖူးသည်။ ဇာတာစန်းလဂ် အိပ်မက်တော်များတွင်လည်း မင်းဖြစ်အံ့သောနိမိတ်ထင်ရှားလှသည်။ ငါလည်း ငါ့သားခြင်္သေ့စီး၍ ကောင်းကင်ယံသို့တက်သည်ကို ပြည်သူအပေါင်းတို့ကြည့်ကြစဉ် ကောင်းကင်မှတက်၍ ရွှေတန်ဆာ ဘုရား ရင်ပြင်တော်တွင် ဘုရားသခင်အား ရှိခိုးပူဇော်သည်ကို မြင်မက်တော်မူဖူးသည်။ မချွတ်ဧကန်မင်းအဖြစ်ဖြင့် သာသနာတော်ကို ချီးမြှင့် ရမည့်သူဖြစ်ပေသည်။ မြန်မာပီပီ နောက်မဆုတ်တမ်း ကြံပါလေဟူ၍ ပြောခဲ့သည်။

ထိုကိစ္စကို ရဲဘော်ရဲဘက်တို့နှင့်လျှို့ဝှက်စွာ ဆွေးနွေးပြန်သည်။ အလောင်းမင်းတရားကြီး၏ သားတော်ကြီးက “ပဲခူးသားတို့ အင်းဝ ကိုရသည်မှာ လူရည်ကောင်း၍မဟုတ်ပါ။ အင်းဝရွှေနန်းရှင်ကလည်း ကံမကောင်း၊ မြန်မာအပေါင်းတို့ကလည်း ပေါ့လျော့နေခိုက်မို့ ရန်သူ့လက်သို့ရောက်ရခြင်းဖြစ်ပါသည်။ သူတို့အများချီလာသော်လည်း ကျွန်တော်ခံနိုင်အောင်ခံမည်။ မည်သူ့သစ္စာကိုမျှမခံလိုပါ။ ရန်သူကိုအညံ့ခံမည့်အစား အသက်အသေခံမည်...” ဟူ၍ ရဲဝံ့ပြတ်သားစွာ လျှောက်တင်ခဲ့သည်။ ညီတော်ဖြစ်သူက တစ်ဖက် ဖက်နှင့်ပေါင်း၍ အခြားတစ်ဖက်အား တိုက်ထုတ်ရန်အကြံပြုသည်။ ထိုအခါ ဦးအောင်ဇေယျက သစ္စာခံပြီးမှ ဖီဆန်လျှင် ကမ္ဘာ တစ်လျှောက်လုံးသစ္စာမဲ့ဟု ပြောထုံးဖြစ်တော့မည်။ ဘယ်သူ့သစ္စာကိုမျှ ခံယူဖွယ်မရှိ။ ယခုမုဆိုးဖိုရွာလည်း အသင့်အတင့် ကျုံး၊ မြောင်း၊ ကတုတ်စသောမြို့၏ အင်္ဂါရပ်များနှင့်အညီ တည်ပြီးဖြစ်သည်။ တစ်ဦးဦး၏ သစ္စာကိုခံချေသော် နောင်အရေးကို မမြင်ရာ ရောက်ခြိမ့်မည်။ သို့ဖြစ်၍ နှစ်ဦးစလုံး၏ သစ္စာကိုမခံရအောင် ဥပါယ်တံမျဉ်ဖြင့် ငါပြောဆိုမည်ဟု ဦးအောင်ဇေယျက ပြောခဲ့သည်။ ပြောသည့်အတိုင်းပင် လုပ်ဆောင်ခဲ့သည်။

နောက်တစ်နေ့နံနက်တွင် သံတမန်နှစ်ဦးကို အစုံအညီခေါ်တော်မူ၍ “ပဲခူးမင်းနှင့်ကွေ့မင်းနှစ်ပါးစလုံးမှာ ဘုန်းလက်ရုံးကြီးသော အရှင်ချည်းဖြစ်၍ မုဆိုးဖိုကသစ္စာမခံ၊ တင်းမာခုခံ၊ ခြားနားနေနိုင်မည်မဟုတ်ပါ။ တစ်ဦးဦး၏ သစ္စာကိုခံမှသာ မုဆိုးဖိုရွာမှာ ရေလည်း မနောက် ကြာမပျောက် ဆိုသကဲ့သို့ အေးငြိမ်းချမ်းသာစွာ နေနိုင်မည်ဖြစ်သည်။ ယင်းသို့ဖြစ်သောကြောင့် ဘုန်းလက်ရုံးကြီးမားသော မင်းနှစ်ပါးတို့ ယှဉ်ပြိုင်ရာတွင် တစ်ဦးကိုတစ်ဦးနှိမ်နင်းနိုင်သည့် အခါရောက်မှသာလျှင် သစ္စာကိုခံပါရစေ...” ဟူ၍ လိမ္မာပါးနပ်စွာ သံခင်းတမန်ခင်း ပြန်ကြားခဲ့သည်။ အလောင်းမင်းတရားကြီး၏ မြန်မာပီပီ နောက်မဆုတ်တမ်း ကြံစည်လုပ်ဆောင်ပုံမှာ ယနေ့ လူငယ်လူရွယ်များအတွက် အတုယူဖွယ်ဖြစ်ပါကြောင်း ဂုဏ်ပြုရေးသားလိုက်ရပေသည်။  ။