ဆောင်းရာသီမှာစားကြစို့ ကိုယ်ခံအားတွေကောင်းစေဖို့

ဆောင်းရာသီမှာစားကြစို့ ကိုယ်ခံအားတွေကောင်းစေဖို့

ဥတုရာသီစက်ဝန်း၏ အလိုတော်အရ တစ်ဆောင်းသစ်ခဲ့ပြန်ပါပြီ။ ရာသီကူးပြောင်းချိန် အထူးသဖြင့် ညနေစောင်းနှင့် နံနက်လင်းအားကြီးချိန်များတွင် အအေးဒဏ်ပို၍ ခံစားကြရပြီး    အအေးဒဏ်ကြောင့် သွေးလည်ပတ် စီးဆင်းမှု ပုံစံမမှန်တော့ဘဲ နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်းနှင့် အဆစ်အမျက် ကိုက်ခဲခြင်း စသည့်ရောဂါတွေ ပိုမိုဖြစ်ပွားလာနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ခံအားနည်းသော  ကလေးများနှင့် သက်ကြီးရွယ်အိုများက နွေးနွေးထွေးထွေး နေသင့်ပြီး ရေနွေးနှင့်စပ်၍ ရေချိုးသင့်ပါတယ်။ အသက်ကြီးရင့်သူများက ဝေလီဝေလင်း နံနက်စောစော လမ်းလျှောက်ခြင်းကို ရှောင်သင့်ပြီး နေထွက်လာပြီးနောက် နံနက် ၇ နာရီနဲ့ ၈ နာရီကြားမှာသာ လမ်းထွက်လျှောက်သင့်ပါတယ်။

ဒါ့ပြင် ချမ်းအေးတဲ့ ရာသီဥတုမှာ နေထိုင်စားသောက်သည့် ပုံစံမှန်ကန်ဖို့  အထူးအရေးကြီးပါတယ်။ ရေချိုးပြီးတဲ့အခါမှာလည်း မဖြစ်မနေ အပြင်ထွက်သွားလာရပါက မော်တော်ကား ပြတင်းပေါက်တံခါးကို ပိတ်၍စီးပေးပါ။ အစားအစာကို ပူပူနွေးနွေး စားသင့်ပြီး  ဆေးလိပ်နဲ့  အရက်တို့ကို တတ်နိုင်သမျှ  ရှောင်ကြဉ်သင့်ပါတယ်။ ဆောင်းရာသီမှာ ကျား၊ မ အရွယ်သုံးပါးမရွေး အအေးမိ၊ နှာစေး၊ ချောင်းဆိုးခြင်း ဝေဒနာတွေကိုကြုံရတတ်ပါတယ်။ သို့သော် ကိုယ်ခံအား ကောင်းနေမယ်ဆိုရင် အဲဒီလို ဝေဒနာတွေကို  မခံစားရတော့ပါဘူး။ ဒါကြောင့်  ကိုယ်ခံအား တောင့်တင်းကြံ့ခိုင်စေဖို့အတွက် အောက်ဖော်ပြပါ အစားအစာများကို ဆောင်းရာသီမှာ စားပေးသင့်ပါကြောင်း အကြံပြုလိုပါတယ်။

လက်ဖက်ခြောက်ရေနွေးကြမ်းသောက်ပါ

 ဆောင်းရာသီရောက်တဲ့အခါ သဘာဝအလျောက် ခန္ဓာကိုယ်တွင်းထဲမှာ အပူခဲနေပြီး ခန္ဓာကိုယ်ပြင်ပ၏ အသားအရေမှာ အေးစက်နေတတ်ကြပါတယ်။ အပူ၊ အအေးမျှတစွာ နေထိုင်ဖို့အတွက်  လက်ဖက်ခြောက် ရေနွေးကြမ်း  သောက်ပေးသင့်ပါတယ်။ ရေနွေးကြမ်းက ကိုယ်ခံအား ကောင်းမွန်စေပြီး နှလုံး ကျန်းမာရေးသာမက အစာမကြေခြင်းနှင့် အစာအိမ်ကို ကောင်းကျိုးပြုပါတယ်။ ဆောင်းဥတုတွင် အသားအရေ ခြောက်သွေ့တတ်တာကြောင့်လည်း ခန္ဓာကိုယ်တွင်း ရေဓာတ် မခန်းခြောက်စေဖို့အတွက် တစ်နေ့လျှင် သောက်ရေရှစ်ဖန်ခွက်ထက် မနည်း သောက်ပေးသင့်ပါတယ်။   မှတ်ချက်။ (ရေခဲရေ လုံးဝမသောက်ပါနှင့်)

ကြက်သွန်ဖြူစားပါ။

ကြက်သွန်ဖြူစားပြီး တဲ့အခါ ပါးစပ်မှာအနံ့စွဲ ကျန်ရစ်ခဲ့တာကြောင့် လူတော်တော်များများက ကြက်သွန်ဖြူ ရှောင်ကြပါတယ်။ ကျန်းမာရေး ရှုထောင့်ကကြည့်ရင် ကြက်သွန်ဖြူထဲမှာ antiviral ခေါ်  အအေးမိခြင်းကို ဖြစ်စေတဲ့ ဗိုင်းရပ်ပိုးများကို  တားဆီးကာကွယ်နိုင်သော ဂုဏ်သတ္တိနှင့် antibacterial ခေါ် ဗက်တီးရီးယားပိုးမွှားများ အန္တရာယ်မှ ကာကွယ်နိုင်သော သဘာဝစွမ်းအင်တွေ ပါရှိနေကြပါတယ်။ ဒါကြောင့် ထမင်းစားတဲ့အခါတိုင်း ကြက်သွန်ဖြူ အနည်းဆုံးတစ်တက်(တစ်မြွှာ)လောက် ထည့်စားပေးသင့်ပါတယ်။

ဒိန်ချဉ်သောက်ပါ။ 

တစ်နေ့တာလုံး ကိုယ်ခံအား ကောင်းချင်တယ်ဆိုရင်ဖြင့် နံနက်စာစားပြီးတဲ့အခါ  ဒိန်ချဉ်တစ်ခွက်လောက် သောက်ပေးလိုက်ပါ။ ဒိန်ချဉ်ထဲမှာပါရှိတဲ့ probiotics ခေါ် ခန္ဓာကိုယ်အတွက် အကျိုးပြု ဗက်တီးရီးယားများက ကိုယ်ခံစွမ်းအားကို   တိုးတက်မြင့်မား လာစေပါတယ်။

စွပ်ပြုတ်ရည်သောက်ပါ။ ရှေးခေတ်က ကြက်စွပ်ပြုတ်ရည်ကို ကိုယ်ခံအားကောင်းစေတဲ့    ဓာတ်စာအဖြစ် သောက်သုံးလာခဲ့ကြပါတယ်။ သိပ္ပံနည်းကျ ဓာတ်ခွဲစမ်းသပ် ကြည့်ရာ ကြက်သားနှင့် ကြက်ရိုးစွပ်ပြုတ်ရည်ဟာ  ကိုယ်ခံအား ကောင်းစေရုံသာမက အအေးမိခြင်း၊ နှာစေးချောင်းဆိုးခြင်းနှင့် ဖျားနာခြင်း အမျိုးမျိုးတို့အတွက် အကောင်းဆုံးအိမ်တွင်းသမားတော်ဖြစ်တယ်လို့   နိုင်ငံတကာ ဆေးသုတေသီများက  သိအမှတ်ပြု ထောက်ခံထားကြပါတယ်။

ဟင်းနုနယ်ရွက်စားပါ။

ဆေးဖက်ဝင် ဟင်းနုနယ်ရွက်လေးများဟာ ကျန်းမာရေး အတွက် စူပါအစားအစာလို့ နိုင်ငံတကာက အသိအမှတ် ပြုထားကြပါတယ်။ အကြောင်းရင်းမှာ ၎င်းထဲမှာ  ကြွယ်ဝစွာပါရှိတဲ့ ဖောလစ်အက်စစ်က   ခန္ဓာကိုယ်ထဲရှိ အကျိုးပြုဆဲလ်တွေကို  အလိုအလျောက် ပြန်လည်ပြုပြင်ပေးနေလို့ပါပဲ။  ဒါ့ပြင် ဗီတာမင်စီ မြင့်မားစွာပါရှိနေတာကြောင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။

ဘရိုကိုလီ ခေါ် ပန်းဂေါ်ဖီစိမ်းစားပါ။

ဂေါ်ဖီမျိုးနွယ်ဝင် ပန်းဂေါ်ဖီစိမ်းဟာ ၎င်းနဲ့မျိုးနွယ်တူ အခြားသောဂေါ်ဖီများထက် နှစ်ဆလောက်ပို၍  ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မား ပေးနိုင်ပါတယ်။ သူ့ရဲ့ထူးခြားတဲ့အာနိသင်မှာ   ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်များကို သဘာဝအလျောက် သန့်စင်ပေးနိုင်တဲ့အပြင် အအေးမိ၍ ဖျားနာခြင်းမှလည်း   ကာကွယ်ပေးထားနိုင်ပါတယ်။

ဂရိတ်ဖရုသီးစားပါ။

 အအေးမိတဲ့အခါ လိမ္မော်ရည် တစ်ဖန်ခွက်သောက်၍ နာမကျန်းမဖြစ်အောင် ကြိုတင်ကာကွယ် ဖြေရှင်းနိုင်ပါတယ်။ ထိုနည်းတူစွာပင် အအေးမိခြင်းကို ဂရိတ်ဖရုသီး တစ်ခြမ်းလောက် ဖျော်သောက်ရုံမျှဖြင့် ကာကွယ်ထားနိုင်ပါတယ်။ ဂရိတ်ဖရုသီးထဲမှာပါတဲ့ သဘာဝစွမ်းအင်ဓာတ်များက အအေးမိ၍ နာကျင်ကိုက်ခဲခြင်းဝေဒနာများကို အချိန်တိုအတွင်းမှာ ဖြေလျှော့ပေးနိုင်သလို ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ဖရီးရယ်ဒီကယ်လ်တွေ ပျက်စီးခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

သစ်ကြံပိုးခေါက်မှီဝဲပါ။ 

သစ်ကြံပိုးခေါက်ထဲမှာပါရှိတဲ့ သဘာဝအဆီတစ်မျိုးက အစာကြေညက် လွယ်စေပါတယ်။ အထူးသဖြင့် အေးချမ်းတဲ့ ဆောင်းဥတုမှာ ခြေ၊လက်တွေ အေးစက်ခြင်းမဖြစ်အောင် သစ်ကြံပိုးခေါက်က သွေးလည်ပတ်စီးဆင်းမှုကို အားကောင်းစေပါတယ်။ ဒါ့ပြင် အအေးမိ၍ဖျားနာခြင်းကိုဖြစ်စေတဲ့  ဗိုင်းရပ်ပိုးများ နှင့် ဗက်တီးရီးယား ပိုးမွှားများအန္တရာယ်မှ ကာကွယ်ပေးနိုင်ပါသေးတယ်။ ဒါကြောင့် ဆောင်းရာသီရောက်ရင် သစ်ကြံပိုးခေါက်မှုန့် အိမ်မှာဆောင်ထားပြီး ရေနွေး သို့မဟုတ် လက်ဖက်ရည် သို့မဟုတ် ကော်ဖီထဲထည့်ဖျော်သောက်ပေးသင့်ပါတယ်။

ဖရဲသီးစားပါ။ ဖရဲသီးကို နွေရာသီအတွက် စားသုံးရန်သာဟု မထင်မှတ်လိုက်ပါနှင့်။ ဖရဲသီးက ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်တာကြောင့် တစ်နှစ်ပတ်လုံး ဥတုရာသီမရွေး စားသုံးပေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဖရဲသီးထဲမှာပါရှိနေတဲ့ သဘာဝ ဗီတာမင်စီနှင့် ဗီတာမင်အေဓာတ်များက ခန္ဓာကိုယ်အတွက် အရေးပါတဲ့ Lycopene ဓာတ်ကို တစ်ဖက်တစ်လမ်းက ကူညီအားဖြည့်ပေးနေလို့ပါပဲ။

ကမာကောင်(မုတ်ကောင်)စားပေးပါ။

အရွယ်ရောက်ပြီးသူ     လူသားတစ်ဦးအတွက် တစ်နေ့တာ လိုအပ်ချက် ဇင့်ဓာတ်ပမာဏကို ကမာကောင်မှ လုံလောက်စွာ ရရှိနိုင်ခြင်းကြောင့်ဖြစ်ပါတယ်။   ကမာကောင်က တက်စထရိုထရုန်း ဟော်မုန်း တစ်ခုတည်းကိုသာ   တိုးမြှင့်ပေးနိုင်ရုံ မကပါဘူး။ ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးနိုင်တဲ့အတွက်ကြောင့် အအေးမိ၊ နှာစေး၊ ချောင်းဆိုးစတဲ့  ကူးစက်ရောဂါများကို တံတိုင်းကြီးသဖွယ် ကာကွယ်စောင့်ရှောက် ပေးနိုင်ပါတယ်။

မှိုစားပါ။

 နေရောင်ခြည်ကို မနှစ်သက်တဲ့ မှိုပွင့်လေးတွေကို ဆောင်းရာသီမှာ တွေ့ရခဲပါတယ်။ ဒါကြောင့်လည်း ဆောင်းရာသီရောက်ရင် ရှားပါးပစ္စည်း မှိုက ဈေးကြီးပါတယ်။ သို့သော် ဟင်းသီးဟင်းရွက်တွေမှာ တွေ့ရခဲတဲ့ ရှားပါးဗီတာမင်ဒီဓာတ်နှင့် ဇင့်သတ္တုဓာတ်တို့ကို မှိုထဲမှ အလုံအလောက် ရရှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့  တန်ဖိုးကြီးမှိုကို ဆောင်းရာသီဒဏ်ခံနိုင်တဲ့ ဓာတ်စာအဖြစ် စားပေးနိုင်ရင် ပိုကောင်းပါမယ်။

အချုပ်အားဖြင့်ဆိုသော် အရွယ်သုံးပါး အားလုံး နွေးနွေးထွေးထွေး နေထိုင်ကြရင်း ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်တွေ မှီဝဲသင့်ပါတယ်။ ယခုအခါ ကူးစက်နှုန်း မြန်ဆန်သည့် ကိုဗစ်-၁၉  မျိုးဗီဇပြောင်း  အိုမီခရွန်(Omicron) ဗိုင်းရပ်တစ်မျိုးဟာ မိမိတို့အိမ်နီးချင်း  ထိုင်းနိုင်ငံမှာ ကူးစက်ပျံ့နှံ့လာပြီဖြစ်ရာ  မပေါ့ဆသင့်ဘဲ ကိုဗစ်-၁၉ စည်းကမ်းချက်များအတိုင်း လိုက်နာနေထိုင်ကြဖို့ လိုအပ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ မိမိခန္ဓာကိုယ်မှာ ကိုယ်ခံအားတွေ ပြည့်ဝကောင်းမွန်နေရင် ရောဂါဘယများကို အတော်အတန် ခုခံကာကွယ်နိုင်ပါလိမ့်မယ်။ ဒါကြောင့် ဆောင်းရာသီမှာ ကိုယ်ခံအားတွေကောင်းမွန် စေဖို့  ဖော်ပြပါ အစားအသောက်များ ဦးစားပေး     ရွေးချယ်စားသောက် သင့်ပါကြောင်း အကြံပြု လိုက်ရပါတယ်။  ။