ထိန်းချုပ်အစားအသောက် ထုတ်ပြန်ခြင်းအကြောင်း ဆွေးနွေးစရာများ
အမှတ်တံဆိပ်ပါ ဘူးသွင်းသောက်ရေသန့်နှင့် အမှတ်တံဆိပ်ပါ စားသုံးဆီကို ထိန်းချုပ်အစားအသောက်အဖြစ် သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့က ၂ဝ၂၁ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့တဲ့အပေါ်မှာ အမိန့်စာ မထုတ်ခင်ကထက် ဘာတွေထူးခြား သက်ရောက်လာနိုင်လဲလို့ ဆွေးနွေးမေးမြန်းကြသလို ထိန်းချုပ်အစားအသောက် အမိန့်စာကို စားသုံးသူရေးရာ ဦးစီးဌာနက ထုတ်တယ်ထင်လို့ မေးလာသူလည်းရှိပါတယ်။ မိမိတို့စားသုံးသူရေးရာ ဦးစီးဌာနကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနလို့ ထင်နေတာမျိုးလည်း မကြာခဏ ကြုံရတတ်ပါတယ်။ ဒါကြောင့်ထိန်းချုပ် အစားအသောက်ကို မဆွေးနွေးခင် ဌာနနှစ်ခုကို ကွဲပြားအောင် အောက်ပါဇယားနဲ့ အကြမ်းဖျင်း တင်ပြချင်ပါတယ်-
ဒီဌာနနှစ်ခုဟာ သူ့ဌာနကော်မတီထဲ ကိုယ်ပါ၊ ကိုယ့်ဌာနကော်မတီထဲ သူပါနဲ့ မိတ်ဖက်ဌာနအဖြစ် အတူတွဲ ဆောင်ရွက်ဖြစ်ကြပါတယ်။ ဈေးဆိုင်များကို အတူကွင်းဆင်းစစ်ဆေးကြသလို လူထုအသိပညာပေး ဟောပြောပွဲနှင့် ဆွေးနွေးပွဲများမှာလည်း တိုက်ဆိုင်ရင် အတူတွဲ၍ တစ်လှည့်စီရှင်းလင်း ဆွေးနွေး ခဲ့ကြပါတယ်။ ဒီလို ဌာနနှစ်ခုတွဲပြီး တွေ့ကြရင်တော့ မတူမှန်း သတိထားမိကြပြန်ပါတယ်။ ဌာနနှစ်ခုကို တူတယ်လို့ဘာကြောင့် ထင်ကြတာလဲဆိုတဲ့ အချက်လေးတွေကို လေ့လာကြည့်တဲ့အခါ-စားသုံးသူရေးရာဆိုတာကို စားသုံးသူဆိုတဲ့ စကားလုံးတွေ့တာနဲ့ စားအသောက်ပဲလို့ ထင်ပြီး ဌာနကို တူတယ်ထင်မှတ်ကြပါတယ်။အမှန်က စားသုံးသူဆိုတာ ကုန်စည်နှင့် ဝန်ဆောင်မှုအမျိုးမျိုးကို သုံးစွဲသူများကို ဆိုလိုတာပါ။
-စားသုံးသူရေးရာဌာန ဝန်ထမ်းတွေက စားသုံးသူ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲတွေကို ရပ်ကွက်၊ ကျေးရွာ၊ ကျောင်း၊ ဈေး၊ လုပ်ငန်းရှင် စသည်ဖြင့် နယ်ပယ်စုံတွင် အသိပညာပေး ဟောပြောပွဲ၊ ကွင်းဆင်းစစ်ဆေးခြင်း၊ တွေ့ဆုံညှိနှိုင်းအကြံပြုခြင်းတို့ ဆောင်ရွက်ခဲ့ကြပါတယ်။စားသုံးသူအခွင့်အရေးတွေ တိုင်ကြားနိုင်တာတွေ၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုတွေဟောပြောနေပေမယ့် အချို့မူလတန်းကျောင်း အဆင့်လေးတွေမှာ နားလည်လက်ခံ နိုင်စွမ်းအရ မှတ်သား နိုင်တာလေးတွေပဲ ရွေးပြောပေးကြပါတယ်။ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်း မပြုမီ သတိပြုရမည့် အချက်များကို နားလည်အောင် ပြောပေးရာမှာ မြင်သာတဲ့ အရောင်ဆိုးဆေးတွေနဲ့ ဥပမာပေးဖြစ်ကြတော့ FDA ဌာနက အသိပညာပေးမှုနဲ့ ရောထွေးသွားတတ် ကြတာကိုလည်း မိမိတို့ဌာနက ဝန်ထမ်းများကပဲ ကွဲပြားအောင် ရှင်းရှင်းလင်းလင်း ဟောပြော အသိပညာပေးကြရပါမယ်။
-နောက်တစ်ချက်က ကုန်စည်၊ ဝန်ဆောင်မှု ဘေးအန္တရာယ်ကင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးရာမှာ ဈေးတွေ၊ ကုန်စုံဆိုင်တွေကို အဓိက သွားရောက်စစ်ဆေးမှုများရာ အများအားဖြင့် စားအသောက်တွေနဲ့ပဲ ထိတွေ့နေရတော့ ဌာနချင်းရောထွေးမှု မဖြစ်အောင် ယခုဆိုရင် အခြားကုန်စည်အုပ်စုတွေဖြစ်တဲ့ ကလေးကစားစရာ ပစ္စည်းများ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ စသည်ဖြင့် အခြားအုပ်စုများကိုလည်း အလေးပေး ဆောင်ရွက်ကြရန် တိုက်တွန်းထားပါတယ်။ ဒါပေမဲ့ စားသုံးသူ ကာကွယ်ရေး ဆိုတာကလည်း စားသုံးသူ အသုံးပြုမှုများပြီး ထိခိုက်နိုင်ခြေ မြင့်မားတဲ့ကုန်စည်၊ ဝန်ဆောင်မှုများကို ဦးစားပေးကဏ္ဍများ သတ်မှတ် ဆောင်ရွက်ကြရတာဖြစ်တော့ အစားအသောက်က ပါဝင်နေတာပဲဖြစ်ပါတယ်။
- ''ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း'' ကိုဆောင်ရွက်ရာမှာလည်း FDA ဌာနက FDAထောက်ခံချက် လာလျှောက်ထားတဲ့ သို့မဟုတ် ပြည်ပက တင်သွင်းလာတဲ့ အစားအသောက်၊ ဆေးဝါး၊ အလှကုန်များကို ထောက်ခံချက်ထုတ်ပေးရာမှာ ''အမှတ်တံဆိပ်ကပ်ခြင်း''ဆိုတဲ့ကဏ္ဍပါဝင်တဲ့အတွက် လာရောက်လျှောက်ထားတဲ့ ကုန်ပစ္စည်းကို ညွှန်ကြားချက်နှင့်အညီ စိစစ်ခြင်းဖြစ်ပြီး စားသုံးသူရေးရာဌာနကတော့ ဈေးကွက်မှာ ရှိနေတဲ့ ကုန်စည်အားလုံးကို စိစစ်ခြင်းဖြစ်ပါတယ်။
ထိန်းချုပ်အစားအသောက် အကြောင်းကို လေ့လာကြည့်ရင် အမျိုးသားအစားအသောက် ဥပဒေတွင် ထိန်းချုပ် အစားအသောက်ဆိုသည်မှာ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့က အခါအားလျော်စွာ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ထိန်းချုပ်အစားအသောက်ဟု သတ်မှတ်ထားသော အစားအသောက်ကို ဆိုသည်ဟု ပြဋ္ဌာန်းထားသည်။ မည်သူမျှလိုင်စင်မရှိဘဲ ထိန်းချုပ် အစားအသောက်ကို ထုတ်လုပ်ခြင်းမပြုရ၊ မည်သူမျှလိုင်စင် မရှိဘဲ ထုတ်လုပ်ထားသော ထိန်းချုပ် အစားအသောက်ကို ပြည်ပသို့ တင်ပို့ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရဟု တားမြစ်ထားပြီး ဖောက်ဖျက်သော ထုတ်လုပ်သူကို ထောင်ဒဏ်၅ နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံးကျပ် ငါးသိန်းအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ပြီး ပြစ်မှုနှင့်သက်ဆိုင်သည့် ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။
သိုလှောင်ရောင်းချသူဖြစ်ပါက အထက်ပါပြစ်ဒဏ်အတိုင်းမှာပင် ထောင်ဒဏ် ၃ နှစ်နှင့် ငွေဒဏ် အများဆုံး သုံးသိန်းဖြစ်ကြောင်း ဥပဒေမှာပြဋ္ဌာန်းထားသည်။
ဒီလိုစီမံဆောင်ရွက်ခြင်းရဲ့ ရည်ရွယ်ချက်များမှာ အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ် ကင်းရှင်းသော အစားအသောက်ကို အများပြည်သူတို့ စားသုံးနိုင်ရန်၊ ဘေးဥပဒ်အန္တရာယ်ဖြစ်စေနိုင်သော၊ ကျန်းမာရေးကို ထိခိုက်စေနိုင်သော အစားအသောက်ကို အများပြည်သူတို့ စားသုံးမိခြင်းမှ ကာကွယ်ရန်၊ အစားအသောက်များ ထုတ်လုပ်ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းများကို စနစ်တကျ ကွပ်ကဲထိန်းသိမ်းရန် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာန၏ အမျိုးသား အစားအသောက်ဥပဒေတွင် ဖော်ပြပါရှိသည်။
ထိန်းချုပ်အစားအသောက် ထုတ်လုပ်လိုသူတွေ အနေနဲ့ လိုင်စင်ထုတ်ပေးခွင့်ရှိတဲ့ အစိုးရဌာန သို့မဟုတ် အဖွဲ့အစည်းကို လိုင်စင်လျှောက်ထားရမှာဖြစ်တဲ့ အတွက် ကျန်းမာရေးဝန်ကြီး ဌာနအောက်က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ကို လျှောက်ထားရမှာဖြစ်ပါတယ်။ FDA ဌာနကနေ ဆေးဝါးပိုင်းမှာတော့ သာမန်ထိန်းချုပ် ဆေးဝါးများနှင့် အထူးထိန်းချုပ်ဆေးဝါးများ ဆိုပြီး သတ်မှတ်ကွပ်ကဲဆောင်ရွက်လျက်ရှိပြီးဖြစ်ပါတယ်။ အစားအသောက် အနေနဲ့တော့ ယခုမှ ထုတ်ပြန်ခြင်းဖြစ်လို့ ရင်းနှီးမှု မရှိသေးတာဖြစ်ပါတယ်။ ထိန်းချုပ် အစားအသောက် နှစ်မျိုးအနက် သောက်ရေသန့်စက်ရုံများဟာ ယခင်ကတည်းက ထုတ်လုပ်ဖြန့်ဖြူးခွင့် ရရှိဖို့ FDA ထောက်ခံချက်မဖြစ်မနေ လျှောက်ထားရတဲ့အတွက် အမှတ်တံဆိပ်ပါဘူးသွင်းသောက်ရေသန့်ပိုင်းကတော့ ထူးခြားမှု သိပ်မရှိဘဲ ပိုမိုလေးနက်သွားတာပဲ ရှိပါတယ်။ သောက်ရေသန့် ထုတ်လုပ်မှုလိုင်စင်မရှိဘဲ ပိုက်လိုင်းမှဖြစ်စေ၊ အခြားနည်းဖြစ်စေ ရေဖြန့်ဖြူးရောင်းချသူကတော့ သောက်ရေသန့်ဟု ဖော်ပြရောင်းချခြင်း ပြုလုပ်လို့မရပါဘူး။
စားသုံးဆီပိုင်းမှာတော့ ယခင်တုန်းက ထုတ်လုပ်ဖြန့်ဖြူးရန်အတွက် FDA မဖြစ်မနေ လျှောက်ထားရန် မလိုတဲ့အတွက် နာမည်ကျော်ကြားသော အမှတ်တံဆိပ်အချို့သာ ထောက်ခံချက်ရယူထားကြပါတယ်။ ယခုအမိန့်ထုတ်ပြန်ပြီးနောက် အမှတ်တံဆိပ်ပါ စားသုံးဆီဆိုရင်တော့ FDA လျှောက်ထားရတော့မှာဖြစ်ပါတယ်။ ယခင်ကတည်းက ဘူးသွင်းတံဆိပ်ကပ် စားသုံးဆီများအနက် ပဲဆီသန့်ဟု တံဆိပ်ကပ်ထားပြီး စားအုန်းဆီကို ပဲဆီအနံ့ထည့်ပြီး လိမ်ညာရောင်းချတော့ စားသုံးသူက မတန်တဲ့ဈေးနှုန်းကို ပေးဝယ်ရတဲ့ပြဿနာ၊ ပဲဆီ၊နှမ်းဆီ၊ နေကြာဆီစစ်စစ်ဟု အာမခံတံဆိပ်ကပ်ရောင်းချလို့ ယုံကြည်စားသုံးကြရာမှာ စစ်စစ်ဖြစ်ရုံကသာအဓိကမဟုတ်သေးဘဲ မှိုကဲ့သို့ မပါဝင်ရမည့်ဓာတ်များ မပါအောင် သန့်စင်မှုက အဓိကဖြစ်တဲ့ပြဿနာတွေကို ထိန်းချုပ်နိုင်သွားမယ်လို့ ယူဆရပါတယ်။ တံဆိပ်တပ်မရောင်းတဲ့ စားသုံးဆီတွေက ထုတ်ပြန်ချက်မှာ အကျုံးမဝင်ဘူး၊ မထိန်းချုပ်တော့ဘူးလား ဆိုရင်တော့ FDA ဌာနက Mobile Lab တွေနဲ့ မုန့်တီ၊ သရက်ချဉ်၊ ပဲပြားတွေလို ထုပ်ပိုးထားတာမဟုတ်တဲ့ အစားအသောက်တွေတောင် နမူနာကောက်ယူ စစ်ဆေးပြီး စားသုံးရန်မသင့် တွေ့ရှိပါက သိမ်းဆည်း အရေးယူမှုတွေဆောင်ရွက်ခဲ့သလိုပဲ ဈေးကွက်ထဲမှာ ခွက်ခြင်ရောင်းချတဲ့ စားသုံးဆီများကိုလည်း စစ်ဆေးမှုတွေရှိလာမှာ ဖြစ်တဲ့အတွက် ဘေးကင်းမှု အပိုင်းကိုတော့ ထိန်းသိမ်းကွပ်ကဲမှုရှိနေမှာပါ။ ထိန်းချုပ်အစားအသောက်လို့ ထုတ်ပြန်ပြီးနောက်ပိုင်းမှာ ပိုမိုစနစ်ကျစေဖို့ အသေးစိတ် အစီအမံများကို သက်ဆိုင်ရာဌာနနှင့် ဆက်စပ်ဌာနများက ထုတ်ပြန်သွားမှာပါ။
ထိန်းချုပ်အစားအသောက် အကြောင်းအချက်များကို တင်ပြပြီးနောက်မှာတော့ အမှတ်တံဆိပ်ပါတာတွေကိုပဲ ထိန်းချုပ်မှာဆိုတော့ အမှတ်တံဆိပ်မပါရင် မထိန်းချုပ်တော့ဘူးလား၊ ဒါဆိုအမှတ် တံဆိပ်မပါဘဲ ရောင်းတော့မှာပေါ့ ဆိုလာသူတွေအတွက် ဆက်လက်ဆွေးနွေးလိုပါတယ်။ စားသုံးသူရေးရာ ဦးစီးဌာနအနေနဲ့ ယခင်ကတည်းက သောက်ရေသန့်၊ စားသုံးဆီများနှင့်ပတ်သက်ပြီး စားသုံးသူနစ်နာမှု တိုင်ကြားချက်များကို လက်ခံညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ရပါတယ်။ သောက်ရေသန့်နှင့် စားသုံးဆီမှာ သန့်ရမယ်ဆိုတဲ့ အခြေခံ လိုအပ်ချက်အပေါ် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း ဆိုတဲ့ စားသုံးသူအခွင့်အရေးများ ရရှိအောင် ဆောင်ရွက်ခဲ့ပါတယ်။ စားသုံးသူကာကွယ်ရေး ဥပဒေမှာ စားသုံးသူနစ်နာ ဆုံးရှုံးမှုဖြစ်ပေါ်ပါက လုပ်ငန်းရှင်ဘက်က ကုန်စည်အပေါ် တာဝန်ရှိမှုဆိုတာ ဥပဒေမှာပြဋ္ဌာန်းထားလို့ စားသုံးဆီများကို ဘူးသွင်းတံဆိပ်ကပ် မရောင်းချနိုင်ရင်တောင် ဆီစက်၊ ဆီဆိုင်အမည်၊ နေရပ်လိပ်စာဖြင့် ရောင်းချပြီး လက်ကားကနေ ရယူရောင်းချရင်လည်း ဘယ်ကဝယ်ရောင်းတယ်ဆိုတဲ့ ပြေစာအထောက်အထား သိမ်းဆည်းသတ်မှတ်ထား၍ ရောင်းချရန်အသိပေး တိုက်တွန်းခဲ့ပါတယ်။ စားအုန်းဆီ တင်သွင်းလာကတည်းက စားသုံးရန်သတ်မှတ်အဆင့်ဖြင့် တင်သွင်းခွင့်ပြုပြီး အရည်အသွေးစစ်ဆေးရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးမှ ဖြန့်ဖြူးစေခြင်းဖြစ်ရာ လုပ်ငန်းရှင်များအနေနဲ့ သယ်ယူသိုလှောင်ဖြန့်ဖြူးရေး၊ ကွင်းဆက်တစ်လျှောက် သန့်စင်မှုရှိစေရေး အလေးထား ဆောင်ရွက်ရပါတယ်။
စားသုံးသူကာကွယ်ရေး ဥပဒေအရ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် ကိုက်ညီမှုမရှိသော ကုန်စည်များကို ထုတ်လုပ်ရောင်းချခြင်း မပြုရဟု ပြဋ္ဌာန်းထားပါသည်။ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အချက်များ ထုတ်ပြန်ထားရာ သောက်ရေသန့်နှင့် စားသုံးဆီတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းကို မြန်မာဘာသာဖြင့် ဖော်ပြရမှာဖြစ်ပါတယ်။ အမှတ်တံဆိပ်မပါဘဲ ရောင်းရင် ဈေးကွက်ထိုးဖောက်နိုင်စွမ်း ကျယ်ပြန့်မှု မရှိတော့ဘဲ ကုန်အညွှန်းအမှတ်အသား အပြည့်အစုံပါတဲ့ အမှတ်တံဆိပ်ဆိုရင် စားသုံးသူတွေ စိတ်ချယုံကြည်မှုမြင့်မား စေပါတယ်။ Super Market တွေမှာ ဥပဒေနဲ့ ညီညွတ်တဲ့ အမှတ်တံဆိပ်ပါကုန်စည်တွေပဲ လက်ခံရောင်းချခြင်းဖြစ်ပါတယ်။ အချို့အမှတ်တံဆိပ်များသည် မိမိကုန်အမှတ်တံဆိပ်ကို တန်ဖိုးထားပြီး တံဆိပ်တူ ကုန်စည်များ တုပမှုများမှရှောင်ရှားပြီး ဥပဒေရဲ့အကာအကွယ်ပေးမှုကို ရရှိနိုင်ရန်အတွက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေနှင့်အညီ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်က မူပိုင်ခွင့်ဦးစီးဌာနကို လျှောက်ထား ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်တွင်းသာမက ပြည်ပဈေးကွက်ကို ထိုးဖောက်လျက်ရှိသည့် ကုန်စည်များ၊ အမှတ်တံဆိပ်များဟာ နိုင်ငံစီးပွားဖွံ့ဖြိုးရေး အတွက် တစ်တပ်တစ်အားမို့ အားပေးရမှာဖြစ်ပါတယ်။
နိုင်ငံတကာမှာ သောက်ရေသန့်နှင့်စားသုံးဆီကို ထိန်းချုပ် အစားအသောက်အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့တာကြာပါပြီ။ တိုက်ရိုက်သောက်သုံးကြတဲ့ ရေနဲ့ နေ့စဉ်သုံးစွဲမှုများပြားတဲ့ စားသုံးဆီတို့ဟာ သန့်ရှင်းဘေးကင်းမှု မရှိရင် စားသုံးသူတွေအတွက် ထိခိုက်နိုင်ခြေ မြင့်မားပါတယ်။ ဒါကြောင့် နိုင်ငံနှင့်လူမျိုးအတွက် ကျန်းမာရေး၊ စီးပွားရေး အထောက်အပံ့ကောင်း များစွာရရှိမယ့် ဒီလုပ်ငန်းစဉ်ကို ကြိုဆိုပူးပေါင်း ဆောင်ရွက် သင့်ပါကြောင်း တင်ပြလိုက်ပါတယ်။ ။