မန္တလေးတိုင်းဒေသကြီးမှ ပဲစင်းငုံသစ် စတင်ထွက်ရှိပြီး ဈေးကောင်းရရှိ
မန္တလေးတိုင်းဒေသကြီးမှ ပဲစင်းငုံသစ် စတင်ထွက်ရှိနေပြီး ဈေးကောင်းရရှိကြောင်း မန္တလေးမြို့ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးဆွေ၏ ပြောဆိုချက်အရ သိရသည်။
ပဲစင်းငုံကို မိုးသီးနှံအဖြစ် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့၌ အများဆုံးစိုက်ပျိုးလေ့ ရှိပြီး ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့၌လည်း စိုက်ပျိုးလေ့ရှိကြောင်း၊ လက်ရှိတွင် မန္တလေးတိုင်း ဒေသကြီးရှိ မြို့နယ်တချို့မှ ပဲစင်းငုံ အနည်းငယ် စတင်ထွက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
''ပဲစင်းငုံသစ်နည်းနည်း ဈေးကွက်ထဲ စတင်ဝင်ရောက်နေပါပြီ။ မြို့သာဘက်ကနေ ဝင်တာပါ။ နယ်စုံမှာတော့ လာမယ့် ဇန်နဝါရီလလယ်လောက်မှ ပဲစင်းငုံစပေါ်မယ်''ဟု ဦးမျိုးဆွေ ကပြောသည်။
တချို့နေရာများ၌ ဈေးချ၍ကြိုတင်ဝယ်ယူမှုများ ရှိနေသော်လည်း မန္တလေးဈေးကွက်၌ ကြိုတင်ဝယ်ယူမှု မရှိသေးကြောင်း သိရသည်။
ဒီဇင်ဘာ ၁၉ ရက်က မန္တလေးပဲနှမ်း ဈေးကွက်၌ ပဲစင်းငုံနီ ပိဿာ ၆ဝ ဝင် တစ်အိတ်လျှင် ငွေကျပ် တစ်သိန်းအထိ ဈေးနှုန်းရရှိပြီး ပဲစင်းငုံဖြူ အဟောင်း တစ်အိတ်လျှင် ငွေကျပ် ၉၅ဝဝဝ မှ ၉၈ဝဝဝ အထိ ဈေးနှုန်းရှိကြောင်း သိရသည်။
ပြည်တွင်း၌ စိုက်ပျိုးသော ပဲစင်းငုံမျိုးများမှာ သက်ကြီးမျိုးများ ဖြစ်ပြီး သီးညှပ်စိုက်ပျိုးလေ့ ရှိကာ သက်လျင် ရက် ၁၆ဝ အောက်၊ သက်လတ် ရက် ၁၆ဝ မှ၂ဝဝ၊ သက်ကြီး ရက် ၂ဝဝ အထက် သက်ကြီးမျိုးများ ဖြစ်ပြီး စနစ်တကျ စိုက်ပျိုးပါက တစ်ဧကလျှင် ၂၅ တင်းခန့် ထွက်ရှိနိုင်ကြောင်း သိရသည်။