ကြီးမြတ်သမိုင်း ရစ်ကာသိုင်း၍ မွေးဖွားခဲ့ပြီ သမားဇာနည်အောင်စစ်သည်

ကြီးမြတ်သမိုင်း ရစ်ကာသိုင်း၍ မွေးဖွားခဲ့ပြီ သမားဇာနည်အောင်စစ်သည်

သည်တစ်နှစ်တော့ သူတို့အကြောင်းကို ဂုဏ်ပြု ရေးသားခွင့်ရခဲ့သည်။ ဂုဏ်ယူထိုက်သူများအတွက် မိမိတတ်စွမ်းသည့် ကလောင်အင်အားဖြင့် ခြယ်သခွင့်ရခဲ့သည့်အတွက် စာရေးသူ အနေဖြင့် ကိုယ့်ကိုယ်ကိုယ်လည်း ဂုဏ်ယူမိပါသည်။ ဘဝအဆုံးအဖြတ်၏ တစ်စိတ်တစ်ဒေသဖြစ်သော တက္ကသိုလ်ဝင်စာမေးပွဲတွင် စံချိန်မမီခဲ့၍ စစ်ဆရာဝန် တစ်ဦးဖြစ်ခွင့်မရခဲ့။ ထို့အတွက် သူတို့ကျောင်းထဲသို့ ခြေတစ်လှမ်းပင် မလှည့်နိုင်ခဲ့ပါ။ သို့သော် မဆုတ်မနစ်သော ဇွဲ၊ လုံ့လဖြင့် ကြိုးစားခဲ့၍ တပ်မတော်အရာရှိ တစ်ဦးအဖြစ် မြန်မာ့တပ်မတော်တွင်  တာဝန်ထမ်းဆောင်ခွင့် ရခဲ့သည်။  မြို့ရွာ၊တောတောင် တစ်နံတစ်လျားပေးအပ်ရာ တာဝန်များကို ထမ်းဆောင်ခဲ့ရင်း ယနေ့တော့ သူတို့ကျောင်းတော်ကြီးထဲကို ဝင်ခွင့်ရခဲ့ပါပြီ။ သူတို့ဘဝ သူတို့သရုပ်ကို တင်ဆက်ခွင့်ရသခိုက် ကလောင်အတတ် လက်စွမ်းထက်သမျှ စီခြယ်မည်ဟု သန္နိဋ္ဌာန်ပြုခဲ့သော်လည်း အစဉ်အလာကြီးမား၍ ထည်ဝါသော သူတို့သမိုင်းကြောင်းများသည် ကလောင်လက်ပင် လိုက်လို့မမီမှန်း သိလိုက်ရပါသည်။ ထို့ကြောင့် သူတို့အတွက် ဂုဏ်ပြုရေးသားခွင့် ရခဲ့သော ဆောင်းပါးအမည်လေးကို ကြီးမြတ်သမိုင်း ရစ်ကာသိုင်း၍ မွေးဖွားခဲ့ပြီ သမားဇာနည်  အောင်စစ်သည်ဟု အမည်ပေးလိုက်ရခြင်း ဖြစ်ပါကြောင်း စာဖတ်သူတို့ကို ဦးစွာမိတ်ဆက်ပေးလိုက်ပါရစေ။

တပ်မတော်ဆေးတက္ကသိုလ်ဟူသော ကျောင်းတော်ကြီးထဲသို့ စာရေးသူမှာ  ပထမဦးဆုံး ရောက်ရှိခဲ့ခြင်းပင်။ သာမန် စာရေးသူကျွန်တော့်အတွက် ကျောင်းတော်ကြီးက ကြီးကျယ်ခမ်းနား မြင့်မြတ်လွန်းလှပါသည်။ ရောက်သခိုက်မို့ သွားခွင့်ရှိသည့် ကျောင်းတော်ဝင်းကြီးထဲရှိ နေရာများသို့ တစ်ယောက်တည်း လည်ပတ်လေ့လာဖြစ်ခဲ့သည်။ ပညာသင်ယူနေဆဲ ဆေးကျောင်းသား ဗိုလ်လောင်းများကို   မြင်တွေ့ခွင့်ရခဲ့သလို တပ်မတော်သား ဆရာဝန်များအဖြစ်နှင့် ပြည်ထောင်စု နယ်မြေအနှံ့ တာဝန်ထမ်းဆောင်ခွင့်ရတော့မည့် ကျောင်းဆင်းဗိုလ်လောင်းများကိုလည်း မြင်တွေ့ရပါသည်။ အစဉ်အလာကြီးမားခဲ့သော သမိုင်းကြောင်းထဲမှ မွေးဖွားလာသည့် သမားဇာနည်များကို ပဋိသန္ဓေသား ဘဝနှင့်   အနီးကပ်မြင်တွေ့ခွင့် ရခဲ့ခြင်းသည် စာရေးသူအတွက်လည်း ဂုဏ်ယူလို့မဆုံးပင်ဖြစ်ခဲ့လေ၏။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင်က တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၂) သင်တန်းဆင်းပွဲတွင် မိန့်ခွန်းပြောကြားရာ၌ ''ရဲဘော်တို့ဟာ တပ်မတော်သားဆရာဝန် ခေါင်းဆောင်ငယ်များအဖြစ်  တပ်ဖွဲ့တာဝန်ကို  ထမ်းဆောင်ကြရတော့မှာဖြစ်တယ်။ မိမိတို့ လက်အောက်ငယ်သားများကို ကွပ်ကဲအုပ်ချုပ်ရာမှာ မိမိကိုယ်တိုင် ကိုယ်ကျင့်တရား ကောင်းမွန်ပြီး  မှန်ကန်တဲ့ပြောဆိုနေထိုင်မှု၊ တရားမျှတတဲ့  အမိန့်ပေးမှု၊  စိတ်ရင်း စေတနာကောင်းမွန်မှု၊ မိမိကိုယ်တိုင် အမိန့်နာခံမှုနဲ့ စည်းကမ်းကောင်းမွန်မှု၊ တာဝန်သိမှုနဲ့ တာဝန်ယူမှု၊ ရဲရင့်ပြတ်သားတဲ့  ဆုံးဖြတ်ချက်ချမှတ်နိုင်မှု   စတဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ရဲ့အရည်အချင်းကို အသုံးပြုပြီး ကွပ်ကဲအုပ်ချုပ်ကြရမှာဖြစ်တယ်'' ဟူ၍ ထည့်သွင်းပြောကြားခဲ့သည်။ ဤသည်မှာ သမားဇာနည် အောင်စစ်သည်တို့ရှိရမည့် ဂုဏ်ရည်ကို လမ်းညွှန်ခြင်းဖြစ်သည်။

ဘင်ခရာ စည်းချက်ကို စီးမျော၊ အလံတော်များကို တလူလူလွှင့်လို့ သူတို့၏ သမိုင်းကောင်းများကို စတင်ကမ္ပည်းတင်ခွင့် ရတော့မည်ဖြစ်သော ကျောင်းဆင်း ဗိုလ်လောင်းများ၏ ခြေလှမ်းများသည်  အားသစ်မာန်သစ်ဖြင့် တက်ကြွလန်းဆန်းနေပါသည်။ စစ်သည်တော်ပီပီ သေနတ်ကိုထမ်း ခြေများလှမ်းလို့ နှုတ်မှလည်းသည်လို သီခဲ့သေးသည်။ နိုင်ငံတော်အတွက် ပြည်သူက မွေးဖွားခဲ့သနော် ပြည်သူချစ်သော တို့တပ်မတော်... တပ်မတော်ရန်စွယ်မှန်သမျှ တိုက်ဖျက်ပစ်ရန်နော်...

သမားဇာနည်တို့ တာဝန်ယူဖို့ အသင့်ရှိသနော် ...

တည်ကြည်ခံ့ညား  ကြွားဝင့်မော်  လွင့်ပျံ့လာသော စစ်သီချင်းသံကြောင့် ကြားနေရသူ စာရေးသူ၏      မျက်ဝန်းအိမ်တွင် ပီတိမျက်ရည်စများပင် ဝဲလာခဲ့သည်ဟု  ဝန်ခံရပါမည်။  ထိုမှဖြစ်တည်လာသော  အတွေးစများသည် ကျွန်တော့်နှလုံးသားကို ရစ်ပတ်နှောင်ဖွဲ့ကာ သူတို့၏ အတိတ်သမိုင်းကြောင်းများ  ဆီသို့ ဆွဲငင်ခေါ်ဆောင်သွားပြန်ပါသည်။

ဆေးပညာရပ်၏  သမိုင်းအစ  ကမ္ဘာဦးအစက ဟုပြောရမည်။  လူသားမျိုးနွယ်အစ မြန်မာကဟု    ခိုင်မာသောသမိုင်းတစ်ခုရှိသလို   ဆေးပညာ၏သမိုင်းသည်လည်း ထိုသမိုင်းနှင့် ယှဉ်တွဲလာခြင်းပင်။ 

ဆေးပညာရပ်များအား ထိုခေတ်များကပင် သစ်ဥ၊သစ်ဖု၊ သစ်ညွန့်များကစ၍ ကုသပေးသည့် အတတ် ပညာများကို တစ်ဆင့်တစ်ဆင့် လက်ဆင့်ကမ်းလာခဲ့ကြသည်။ ထိုမှသည် ဆေးပညာရပ်များကား တစ်စတစ်စ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ ရှေးမြန်မာမင်းများ လက်ထက်ကပင် ဆေးတပ်ဖွဲ့၏ သမိုင်းများရှိခဲ့  သည်။ မုံရွေးဇေတဝန်မဟာထေရ်၏ ဥတိန္နပျို့တွင် ''စစ်အောင်ရာနှိုက်၊ လိမ္မာသင့်တင့်၊ မင်းနှင့်အမတ်  ညီညွတ်တင်းကျမ်း၊ ပေးကမ်းများဖြင့်၊ စီရင်တိုင်းတာ၊ အာဏာဝပ်တည်၊ စစ်သည်များလည်း၊ မန္တရားယတရာ၊ ကောင်းဇာတာနှင့် အစောပေါ်ခြင်း၊ ကင်းသည်ရောဂါ''ဟု သမိုင်းပေစာများအရ ရှေးဘုရင်များက တပ်မတော်၌ ဆေးကုသမှုနှင့် ကျန်းမာရေး အလေးဂရုထားခဲ့သည်မှာ အထင်အရှားဟု ရဲဝံ့စွာပြောနိုင်ပါသည်။ ဆင်ဖြူရှင်မင်းလက်ထက် သက္ကရာဇ် ၁၁၂၈ ခုနှစ်တွင် လက်ဝဲသုန္ဒရစပ်ဆိုသော  နန္ဒိသေနပျို့တွင်လည်း ''စခန်းထောက်ထောက်၊ ရောက်ရောက်သမျှ၊ ပြပြပြောပြော၊ သဘောသာချမ်း၊ ကြည်သောဝမ်းဖြင့်၊ဝေခြမ်းရိက္ခာ၊ မမာမကျန်း၊ မေးမြန်းကုသ၊ မစပိုက်ဖြား၊ ချီလေသွားသော်၊ နှစ်ပါးမင်းကို၊ နှစ်ဗိုလ်နှစ်ရပ်၊ နှစ်တပ်ယှဉ်ဆိုင်၊ အံ့မနိုင်သည်၊ တပ်ပြိုင်မကွာ မလှမ်းတည်း''  ဟု ရှေးခေတ်ဘုရင့် သမားတော်များ၏ အရေးပါပုံကိုလည်း တွေ့မြင်နိုင်ပါသည်။ ထို့အတွက် ယနေ့ခေတ်သမား ဇာနည်အောင်စစ်သည်တော်တို့ သည်လည်း နန်းထိုက်တော်ဝင် မျိုးနွယ်မှဆင်းသက်လာသည့် စစ်သည်တော်များဖြစ်သည်ကို သတိချပ်အလေးထား တတ်စေရန် ထည့်သွင်းနှိုးဆော်ပါရစေ။

နယ်ချဲ့ဗြိတိသျှ လက်ထက်တွင်လည်း သူရဲကောင်းသမားတော် တစ်ဦးရှိခဲ့သည်။  ထိုပုဂ္ဂိုလ်ကြီးကား သုပဏ္ဏကဂဠုနရာဇာဘွဲ့ရရှိခဲ့သူ ဆရာစံပင်ဖြစ်သည်။ ဆရာစံသည် ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် သရက်ကန်အရှေ့ရွာ၌ မွေးဖွားကြီးပြင်းခဲ့ပြီး မော်လမြိုင်ခရိုင် ဘီလူးကျွန်းမြို့နယ် ကမာမို့တွင် မြန်မာဆေးဆရာအဖြစ် အသက်မွေးခဲ့သူလည်း ဖြစ်သည်။ မြန်မာဆေးဆရာကြီး ဆရာစံမှာ ငြိတွယ်ဖျက်၍  မရနိုင်သည့် မျိုးချစ်စိတ်ဓာတ် ကိန်းအောင်းနေသော သူ့နှလုံးသားကြောင့် ရရာလက်နက်စွဲကိုင် တော်လှန်ခဲ့ရာမှ တောင်သူလယ်သမား အရေးတော်ပုံကြီးတွင် သူရဲကောင်း သမားတော်ဟူသော သူ၏ဂုဏ်ဒြပ်တစ်ခုသည် မော်ကွန်းတင်ကျန်ခဲ့ပါသေးသည်။

မြန်မာ့သမိုင်းဟူသော ခရီးရှည်ကြီးထဲ၌ သမားဇာနည်စစ်သည်တော်တို့၏ သမိုင်းများသည်လည်း စိမ့်ဝင်စီးမျော၍ သန္ဓေတည်ရ မွေးဖွားလာရသည်ဟု ဆိုရပေဦးမည်။ မြန်မာတွေ ကိုယ့်ထီးကိုယ့်နန်းနှင့် နေရသည့် အတိတ်မှသည် သူ့ကျွန်ဘဝကျရောက်ခဲ့သည့် အတွက် နိုးထကြိုးစားခဲ့ရသော လွတ်လပ်ရေး ကြိုးပမ်းမှုကာလများထိ သူတို့၏ စွမ်းဆောင်ချက်များကား သမိုင်းပေစာထက်တွင် ရေးဖွဲ့ရန်ပင်မဆံ့။ ထိုမှတစ်ဖန် ပြည်တွင်း သောင်းကျန်းမှုကာလ သမိုင်းဝင် တိုက်ပွဲကြီးများတွင်လည်း သူတို့၏ ပေးဆပ်စတေးမှုများက ထုထုထည်ထည်နှင့်ပင် ရှိနေခဲ့ပါသေးသည်။ ဗမာ့လွတ်လပ်ရေး တပ်မတော်  ဘီအိုင်အေ ပေါ်ပေါက်သည့်အချိန်၌ တပ်မတော်ဆေးတပ်ဖွဲ့ဟူ၍ သီးခြားမဖွဲ့နိုင်သေးပေ။ စစ်မှန်သော  မျိုးချစ်စိတ်ဓာတ်များကြောင့် ဘီအိုင်အေသို့ လိုက်လာသည့် ဆရာဝန်များ၊ ဆေးကျောင်းသားများ၊ သူနာပြုတပ်ဖွဲ့များက ဆေးအကာအကွယ်ပေးခြင်းကို ဆောင်ရွက်ပေးရသည်။ ထိုမှ ဘီဒီအေတွင် လည်းကောင်း၊ ထိုမှသည် ခေတ်အဆက်ဆက် မြန်မာ့တပ်မတော်၏ အစဉ်အလာ ကြီးမားသည့် ဖြစ်စဉ်ဖြစ်ရပ်များတွင် ယှဉ်တွဲကြီးပြင်းလာခဲ့ပေသည်။ တပ်မတော်ဆရာဝန်များ၊  ဆေးတပ်ဖွဲ့ဝင်များ၏ ဆေးပညာဖြင့် နိုင်ငံ့ဂုဏ်သိက္ခာကိုကယ်ဆယ်နိုင်ခဲ့သော ဖြစ်စဉ်ဖြစ်ရပ်ကြီး တစ်ခုရှိခဲ့သည်။ ထိုသည်ကား ရန်ကုန်မြို့ရှိ အာဇာနည်ကုန်း ဗုံးဖောက်ခွဲမှုကြီးပင်ဖြစ်သည်။  အကျဉ်းအားဖြင့် တောင်ကိုရီးယား သမ္မတ မစ္စတာချန်ဒူးဝမ်နှင့်အဖွဲ့သည် အာဇာနည်ဗိမာန်၌ လွမ်းသူ့ပန်းခွေချရန် စီစဉ်

ထားရှိသည်။ ကာလကား ၁၉၈၃  ခုနှစ် အောက်တိုဘာလ ၉ ရက်ဖြစ်သည်။ မြောက်ကိုရီးယားမှ သူလျှိုလွှတ်၍ ဗုံးခွဲလုပ်ကြံခိုင်းခဲ့ရာ သမ္မတ မစ္စတာချန်ဒူးဝမ်ကိုမထိသော်လည်း တောင်ကိုရီးယားလူမျိုး ၁၇ ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့သည်။ တောင်ကိုရီးယားမှ မြန်မာနိုင်ငံအား အထင်လွဲလေပြီ။ ထို့အတွက် ဒဏ်ရာရရှိသူ တောင်ကိုရီးယားများက ဆေးကုသပေးမှုကို လက်မခံဘဲ  တင်းတင်းမာမာ ဆက်ဆံကြသည်။ သို့သော် တပ်မတော်ဆေးရုံမှ ဆရာဝန်၊ သူနာပြုများက စိတ်ရှည်စွာ ဆေးကုသပေးသည်။ မကြာမီ မြောက်ကိုရီးယားသူလျှို နှစ်ဦးကို အရှင်ဖမ်းမိသည်။ တစ်ဦးကိုတော့ အသေဖမ်းမိခဲ့သည်။ တပ်မတော်ဆရာဝန်၊ သူနာပြုများ၏  ဆေးကုသမှုများကို မြောက်ကိုရီးယား သူလျှိုနှစ်ဦးက လက်မခံခဲ့။ သူတို့၏ ရည်မှန်းချက်တာဝန်ကို ထုတ်မပြောကြပေ။ ဆေးတပ်ဖွဲ့ဝင်များက စိတ်ရှည်သည်းခံပြီး ဆေးကုသပေးခဲ့ရာမှ နောက်ပိုင်းတွင် ဗုံးဖောက်ခွဲမှုကြီးကို  ဝန်ခံခဲ့သည်။  ထိုမှသာလျှင် စာရေးသူတို့ မြန်မာနိုင်ငံမှာ ကမ္ဘာ့အလယ်တွင် မြန်မာဟူသည့် သိက္ခာကို ဆယ်နိုင်ခဲ့သည်။ ထိုဖြစ်စဉ်တွင် တပ်မတော်ဆေးတပ်ဖွဲ့ဝင်  ဆရာဝန်၊  သူနာပြုများ  ဖြစ်သည့် အရာရှိ၊ စစ်သည်များ၏ စွမ်းပကားကို မြင်ရပါမည်။ ထို့ကြောင့် ဆေးတပ်ဖွဲ့ဝင်များဖြစ်သော  သမားဇာနည်အောင်စစ်သည်များ၏ နူးညံ့သိမ်မွေ့ပြီး ကျန်းမာသော စိတ်စွမ်းအားသည် နိုင်ငံ့အတွက်  အားတစ်ရပ်ဖြစ်သည်ကိုလည်း  ယနေ့သမားဇာနည် အောင်စစ်သည်တို့ကို မီးမောင်းထိုးပြလိုပါသည်။

 ရေးဖွဲ့၍ မဆုံးနိုင်သော သူတို့သမိုင်းတွေက အများသားပင်။ များပြားသည့် အထင်ကရသမိုင်းများ အနက် စာရေးသူရင်ထဲ ရောက်ရှိလာသည့် တပ်မတော်သား ဆရာဝန်တစ်ဦး၏ ဖြစ်ရပ်လေးလည်း ရှိသေးသည်။ ထိုပုဂ္ဂိုလ်မှာ ဗိုလ်ကြီးသူရမွန်ထော်သက်ညွန့်ပင်ဖြစ်သည်။ 

၁၉၂၂ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ပဲခူးမြို့၌ သူ့ကိုမွေးဖွားခဲ့သည်။

ငယ်စဉ်ကပင် ပညာတော်သည့်အတွက် စကောလားရှစ်ဆုနှင့် အခြားပညာရေးဆုများကို  တက်သမျှကျောင်း အဆင့်ဆင့်တွင် ရရှိခဲ့သူဖြစ်သည်။ သူရခဲ့သော ဆုများမှာ အလယ်တန်း စကောလားရှစ်ဆု၊ ရနောင့်ဆု (Renoung prize)၊တက္ကသိုလ်ဝင် စကောလားရှစ် ပညာရည်ချွန်ဆု စသည့်ဆုများပင်ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီးကြောင့် ဆေးသိပ္ပံ တက်နေစဉ် ပညာရေး ခေတ္တရပ်ဆိုင်းခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာမှဂျပန်သို့ ပထမဆုံးစေလွှတ်သည့် ပညာတော်သင် ၁၅ ဦးတွင် သူပါဝင်ခဲ့သည်။ ပြည်ပတွင် ပညာသင်ရသည့် အခါတွင်လည်း  ပထမဆုနှင့် ဂုဏ်ထူးများရရှိခဲ့သည်။

ကေအင်ဒီအိုများနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် ကာလဖြစ်သော  လွတ်လပ်ရေး ရပြီးခါစတွင် ပြည်ပပြန် ပညာတတ်ကြီး ဆေးကျောင်းသား မွန်ထော်သက်ညွန့်အပါအဝင် ဆေးကျောင်းသား ၃ဝ ဦးသည် ယူအမ်ပီ(၁၆)တပ်ရင်းတွင် သာမန်တပ်သားအဆင့်ဖြင့်  ဝင်ရောက်ခဲ့သည်။

ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်နေဝင်းသည် သူတို့အား ဆေးကျောင်းသားများဟု သိသွားချိန်တွင် ဆေးမှူးများအဖြစ် တာဝန်ပေးအပ်ခဲ့သည်။

မင်္ဂလာဒုံစစ်ဆေးရုံမှတစ်ဆင့်   ဗမာ့သေနတ်ကိုင်တပ်ရင်း(၃)တွင် တပ်ရင်းဆေးမှူး ဖြစ်လာသည်။ သူတို့တပ်ရင်းသည်    မင်းဓမ္မကုန်းကို သောင်းကျန်းသူများ လက်မှ   ပြန်လည် တိုက်ခိုက်နေချိန်ဖြစ်သည်။

တိုက်ပွဲကလည်း အလွန်ပြင်းထန်နေသည်။ သူကလည်း ဒဏ်ရာရစစ်သည် များကို ဆေးကုသမှု လုပ်ပေးသည်။ သူ့ရဲဘော်တစ်ယောက်က သူညအိပ်ဖို့ ထမ်းစင်တစ်ခုကို လာချပေးသည်။ သူစကားတစ်ခွန်း ပြောခဲ့သည်။

ထိုမှအင်းစိန်တိုက်ပွဲပြီး၍  ပဲခူးစစ်မျက်နှာဘက်သို့ သူတို့တပ်ရင်း ရွှေ့သည်။ ရန်ကုန်တွင် အေးချမ်းချိန်ဖြစ်၍ ဆေးကျောင်းများ ပြန်ဖွင့်တော့မည်။   ဗိုလ်ချုပ်နေဝင်းက ငါ့ကောင်တွေ စစ်မြေပြင် ဟိုရောက်ဒီရောက်နဲ့ စာတွေမေ့ကုန်ရော့မယ်၊ အားလုံးတစ်နေရာတည်း စုထားလိုက်၊ ခွင့်တစ်လပေးလိုက်၊ စာကျက်ပလေ့စေဟု အမိန့်ပေးခဲ့သည်။စာမေးပွဲဖြေဆိုမည့် ဆေးကျောင်းသား အရာရှိများကို ယခု အမှတ်(၂) တပ်မတော်ဆေးရုံ ခုတင်-၅ဝဝတွင် စုထားသည်။  ဗိုလ်ကြီး မွန်ထော်သက်ညွန့် ရောက်မလာခဲ့ပါ။ သူ့သူငယ်ချင်းများကို သူစကား တစ်ခွန်းမှာလိုက်သည်။

ဒိုက်ဦးဖောင်တော်သီ တိုက်ပွဲမှာ လွန်စွာပြင်းထန်လှသည်။ ရန်သူများက တပ်မတော်၏ ထိုးစစ်ကိုအံကြိတ်ခံနေသည်။ ရန်သူ့တန်ပြန် တိုက်စစ်တွင် သူတို့တပ်ရင်း အလူးအလဲပင်။ ဆရာဝန်ဟူ၍ စာကျက်သွားခဲ့ပါလျှင် ရလျက်နှင့် ခြေလျင်ခြေမြန် ရဲဘော်များနှင့် စစ်တိုက်နေရသည်ကို သူပျော်ပိုက်နေသည်။ ထိုဒိုက်ဦးဖောင်တော်သီ တိုက်ပွဲ၏ နေ့စွဲတစ်ခုဖြစ်သော ၁၉၄၉ ခုနှစ်  ဧပြီ ၂၉ ရက်  အရုဏ်တက်ခါနီးလေးတွင် ဆေးမှူးဗိုလ်ကြီးမွန်ထော်သက်ညွန့် တစ်ယောက် ကျဆုံးခဲ့ရသည်။ အင်းစိန်တိုက်ပွဲကာလ၌ ညအိပ်ဖို့ ထမ်းစင်လာချပေးစဉ်က ပြောခဲ့သောစကားမှာ ''ငါ့ရဲဘော်တွေကို ဒီထမ်းစင်နဲ့ပဲ သယ်ရတာ ငါမအိပ်ရက်ပါဘူးကွာ'' တဲ့လေ။   ဗိုလ်ချုပ်နေဝင်း စာမေးပွဲဖြေဖို့ ရန်ကုန်ပြန် စာကျက်ခိုင်းတော့ သူ့သူငယ်ချင်း ဆေးကျောင်းသားတွေကို မှာလိုက်တဲ့စကားမှာ     ''သူငယ်ချင်းတို့ မပူပါနဲ့၊ မနက်ဖြန်စာမေးပွဲဆို    ဒီနေ့အရောက် ပြန်လာခဲ့ပါ့မယ် မျှော်နေကြပါ'' တဲ့ ဆရာဝန်တစ်ဖြစ်၊ စစ်သားစစ်စစ်သည်မို့ ခွန်းစခဲ့သော  အမှတ်တမဲ့ စကားလုံးများသည် ယနေ့တပ်မတော် ဆရာဝန်များ၊ သူနာပြုများနှင့် ဆေးတပ်ဖွဲ့ဝင်များကြားတွင်   ငိုရပြုံးရဂုဏ်ယူရဟူ၍ ရသအစုံကို ပေးစွမ်းနိုင်ခဲ့သော အမှတ်တရ စကားလုံးများအဖြစ် လမ်းပြနိုင်ခဲ့ပါပြီ။

ယနေ့တပ်မတော်သား အပေါင်းတို့စံထား အတုယူရမည့်  စိတ်ဓာတ်မျိုးပင်။ ထိုစိတ်ဓာတ်မျိုးနှင့် စစ်မြေပြင်တွင် ခြေလျင်စစ်ဗိုလ်တစ်ဦးပမာ တိုက်ပွဲကိုကွပ်ကဲ၍ ကိုယ်တိုင်တိုက်ပွဲဝင်ခဲ့သော  သမားဇာနည်အောင် စစ်သည်များလည်း ယနေ့သမိုင်းတွင်   ပေါ်ထွန်းလျက်ရှိဆဲပင်ဖြစ်သည်။

''တပ်မတော်ဆေးတက္ကသိုလ်''

ဗိုလ်လောင်းစစ်ရေးပြမှူး၏  စစ်မိန့်သံက သူတို့အတိတ်သမိုင်းတွင် လွင့်မျောနေသော စာရေးသူ၏ အတွေးစများကို ပြန်သယ်ဆောင်ခဲ့သည်။  ခမ်းနားလှသော စစ်ရေးပြကွင်းကြီးတွင် အခမ်းနားဆုံးသည် သူတို့၏  စိတ်ဓာတ်ခွန်အားများပင်ဖြစ်သည်။ လူငယ်ခေါင်းဆောင်ငယ်များဖြစ်၍ ငယ်ဂုဏ်ယှဉ်သော သူတို့၏ လက်ရုံးခွန်အားများသည်လည်း နုပျိုလန်းဆန်းနေမည်ကို စာရေးသူခံစားမိပါသည်။ တပ်မတော်(ကြည်း၊ ရေ၊ လေ) အတွက် ထိုသို့သော လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် ဆေးသိပ္ပံရှင် အရာရှိကောင်းများအား  မွေးထုတ်ပေးနေသည့် တပ်မတော်ဆေးတက္ကသိုလ် ဟူသော ကျောင်းတော်ကြီးသည် နိုင်ငံတော်၏ ထောက်တိုင်ကြီးတစ်ခုဟု တင်စားရပေဦးမည်။ ထိုကျောင်းတော်ကြီးမှ ဆေးဝန်ထမ်းအရာရှိများအား တပ်မတော်အတွက်   မွေးထုတ်ပေးနေခြင်းသည် ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူတို့၏ လူမှုစီးပွားဘဝ ရှင်သန်အောင်မြင်ရေးအတွက် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်ပေးသူများကို မွေးထုတ်ပေးရာလည်း ရောက်ပေသည်။

ထိုကျောင်းတော်ကြီး၏ သမားဇာနည်များ မွေးထုတ်ပေးရာ နေ့ရက်တိုင်းသည် စာရေးသူတို့၏ တပ်မတော်၊ နိုင်ငံတော်နှင့် အမျိုးသားရေးတစ်ရပ်လုံးအတွက် ခွန်အားဖြစ်စေသော နေ့စွဲများပင်ဖြစ်ပါသည်။ စစ်ရေးပြဗိုလ်လောင်းတပ်ခွဲများသည် တရွေ့ရွေ့နှင့် ကွင်းအတွင်းမှ ထွက်ခွာသွားကြလေပြီ။

အချုပ်အားဖြင့် သမိုင်းအစဉ်အလာကြီးမားသည့် သမားဇာနည်အောင်စစ်သည်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ မှာကြားချက်နှင့် အညီ တပ်မတော် ဆေးတက္ကသိုလ်၏ ဆောင်ပုဒ်ဖြစ်သော သမားဇာနည်အောင်စစ်သည် ဆိုသည့်အတိုင်း    နိုင်ငံတော်နှင့်တပ်မတော်က   ဂုဏ်ယူရသောလက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် တပ်မတော်သားကောင်း ဆရာဝန်ကောင်းများဖြစ်အောင် ကြိုးစားကျင့်ကြံ နေထိုင်သွားကြရန်ဖြစ်ကြောင်း တိုက်တွန်းရေးသား လိုက်ရပါသည်။   ။