လှမ်းလာခဲ့ဖို့ဖိတ်ခေါ်ချင် လှပဆန်းကြယ်လှသည့် ပွဲကောက်ရေတံခွန် (B.E FALLS) သို့ အလည်တစ်ခေါက် လာရောက်စေချင်

လှမ်းလာခဲ့ဖို့ဖိတ်ခေါ်ချင် လှပဆန်းကြယ်လှသည့် ပွဲကောက်ရေတံခွန် (B.E FALLS) သို့ အလည်တစ်ခေါက် လာရောက်စေချင်

ပြင်ဦးလွင်မြို့သို့ အလည်တစ်ခေါက် လာရောက်မယ်ဆိုရင်ဖြင့် မဖြစ်မနေ သွားရောက်လည်ပတ် အနားယူအပန်းဖြေသင့်သည့် နေရာများစွာရှိပါတယ်။ ပြင်ဦးလွင်မြို့သို့ ရောက်သူတိုင်း  ထိုသို့များပြားလှသည့် နေရာများထဲတွင်   မဟာအံ့ထူးကံသာ ဘုရားကြီး အရှေ့ဘက်မျက်နှာချင်းဆိုင် လမ်းကနေ ဝင်သွားလို့ရတဲ့ ပွဲကောက်ရေတံခွန်ဆီကိုလည်း သွားရောက်လည်ပတ် သင့်ပါတယ်။ ပွဲကောက်ရေတံခွန်သည် အလွယ်တကူ သွားလည်လို့ရတာရော၊ အပန်းဖြေဖို့ လွတ်လပ်မှုရှိတာရော လာရောက်သူများပါတယ်။ ခရီးသွားရာသီချိန်ဆို ပိုများပါတယ်။ ရေကူးသူလည်းများပြီး စားသောက်ဆိုင်နဲ့ အမှတ်တရ ပစ္စည်းဆိုင်တွေလည်း များပါတယ်။

ပွဲကောက်ရေတံခွန်မှာတော့ ဒေသထွက် စားသောက်ဖွယ်ရာနှင့်ပစ္စည်းမျိုးစုံကို  ရောင်းချတာ ပိုများပါတယ်။

ပွဲကောက်ရေတံခွန် (B.E FALLS) ပေါ်ပေါက်လာရခြင်းမှာ ၁၉၄၉ ခုနှစ်တွင် မေမြို့(ပြင်ဦးလွင်)အား ကရင်သောင်းကျန်းသူများ သိမ်းပိုက်ထားသောအချိန် ၎င်းတို့အား ပြန်လည်တိုက်ခိုက် သိမ်းပိုက်နိုင်ရန်အတွက် မေမြို့ရှိ လေ့ကျင့်ရေး အင်ဂျင်နီယာတပ်ရင်း (ဗဟိုအင်ဂျင်နီယာတပ်၊ ယခုတပ်မတော် အင်ဂျင်နီယာကျောင်း) မှ ဒုတိယတပ်မှူး ဗိုလ်မှူးဘဖြူ ဦးစီးတပ်ဖွဲ့သည် (B.E FALLS ) ယခု ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း တည်ရှိရာနေရာတွင် အခြေပြုတပ်စွဲ၍ သောင်းကျန်းမှု နှိမ်နင်းရေး ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၅၁ ခုနှစ်တွင် ကရင်သောင်းကျန်းသူတို့အား တိုက်ထုတ်အောင်မြင်ခဲ့ပြီး အထက်မြန်မာပြည် တစ်ခုလုံးပြန်လည် သိမ်းယူနိုင်ခဲ့ပါတယ်။ ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေးတွင် ဗိုလ်မှူးဘဖြူနှင့် တပ်ဖွဲ့ဝင်များ တပ်စွဲလှုပ်ရှားခဲ့သည့်  (ယခု-ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း) တည်ရှိရာနေရာအား နောင်လာနောက်သားများ အမှတ်တရရှိစေရန်နှင့် အများပြည်သူများ အတွက် နားနေအပန်းဖြေနိုင်သည့် စခန်းတစ်ခုအဖြစ် တည်ဆောက်ရန် ရည်ရွယ်ဆောင်ရွက်ရာမှ ပေါ်ပေါက်လာခြင်းဖြစ်တယ်လို့ သမိုင်း အထောက်အထားများက ဆိုပါတယ်။ ဘီအီးတပ်မှ စတင်ခဲ့သော ဖွံ့ဖြိုးရေး လုပ်ငန်းများဖြင့်   ပေါ်ပေါက်လာသော ရေတံခွန် ဖြစ်သည့်အတွက် (B.E FALLS ) ဟူ၍ လူသိများခဲ့ပြီး ပွဲကောက်ရွာအနီးတွင် တည်ရှိသည့်အတွက် ပွဲကောက် ရေတံခွန်ဟူ၍လည်း ခေါ်ဆိုကြပါတယ်။

ပွဲကောက်ရေတံခွန် (B.E FALLS)သည် မန္တလေး တိုင်းဒေသကြီး  ပြင်ဦးလွင်မြို့နယ် ပွဲကောက်ကျေးရွာအနီး  မန္တလေး-လားရှိုး မီးရထားလမ်းနှင့် ကားလမ်းတို့အကြားတွင် တည်ရှိပါတယ်။ ပင်လယ်ရေမျက်နှာပြင် အထက် ၃၃ဝ၆ ပေ၊ ပင်မအပန်းဖြေစခန်းဧရိယာ ၂၅ ဒသမ ၉၇ ဧကနှင့် မန္တလေး-လားရှိုးလမ်းမှ ရေတံခွန်အပန်းဖြေ စခန်းသို့အဝင် လမ်းဧရိယာ ၁၁ ဒသမ ၃၁ ဧက စုစုပေါင်း  ၃၇ ဒသမ ၂၈  ဧက ကျယ်ဝန်းပါတယ်။ ပြင်ဦးလွင်မြို့ ကန်တော်လေး ရေပိုလွှဲမှ စတင်၍ စီးဆင်းလာသော ဂဲလောင်ချောင်းသည် ပြင်ဦးလွင်မြို့အား ဖြတ်သန်းစီးဆင်း၍ ပွဲကောက်ရေတံခွန် နေရာ (B.E FALLS) အဖြစ် စတင်ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။

ပွဲကောက်ရေတံခွန် အပန်းဖြေစခန်းတွင် ရေတံခွန် သုံးခုရှိပြီး ပထမရေတံခွန်သည် ချောင်းအကျယ်ပေ ၈ဝ၊ ရေတံခွန်အမြင့် ၈ ပေခန့်ရှိပြီး အောက်ခြေရေအနက် ၄ ပေခန့်ရှိပါတယ်။ ပထမ ရေတံခွန်အောက်ဘက် ကိုက် ၅ဝဝ ခန့်အကွာရှိ ဒုတိယရေတံခွန်သည် အဆင့်သုံးဆင့်ဖြစ်ပေါ်နေပြီး အဆင့်-၁ ရေတံခွန်အမြင့် ၄ ပေ၊ အဆင့်-၂ ရေတံခွန်အမြင့် ၁ဝ ပေရှိကာ အဆင့်-၃ ရေတံခွန်အမြင့် ၄ ပေနှင့် ချောင်းအကျယ်ပေ ၁၅ဝ၊ ရေအနက် ၁၄ ပေခန့် ရှိပါတယ်။ ဒုတိယ ရေတံခွန်မှ ကိုက် ၆၅ဝ အကွာတွင် တတိယရေတံခွန်ရှိပြီး ရေတံခွန်အမြင့် ၁၅ ပေခန့်၊ ချောင်းအကျယ် ပေ ၇ဝ ခန့်ရှိကာ အောက်ခြေရေအနက် ၇ ပေခန့် ရှိပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအရ ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများနှင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို သဘာဝအလျောက် တည်ရှိနေသည့် သစ်ပင်ကြီးများ၊ ကျောက်တုံးများနှင့်  စီးဆင်းနေသော ချောင်းရေအား  အရည်အသွေးမြှင့်တင်၍ စနစ်တကျ ထိန်းသိမ်းထားနိုင်စေရန်၊ သစ်တောဂေဟစနစ် (Forest Ecosystem) များကို လေ့လာနိုင်သော နေရာတစ်ခုအဖြစ်  ဖန်တီးတည်ဆောက်ရန်၊ ဇုန်များခွဲခြားကာ ခေတ်မီ အဆောက်အအုံများ တည်ဆောက်၍ အဆင့်မီဝန်ဆောင်မှုများ ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတကာအဆင့်မီ သဘာဝအခြေခံ အပန်းဖြေစခန်း တစ်ခုအဖြစ် ပီပြင်စွာဖြစ်ပေါ်လာရန်၊ ကျန်းမာရေးအတွက် တောတွင်းခရီးတို လမ်းလျှောက်ရန် နေရာနှင့် စိတ်ပိုင်းဆိုင်ရာ တိတ်ဆိတ်ငြိမ်သက်စွာအနားယူနိုင်သည့်  ဘေးအန္တရာယ် ကင်းရှင်းသော အပန်းဖြေနေရာအဖြစ်  ဆောင်ရွက်ရန်၊ ကျယ်ဝန်းသော ယာဉ်ရပ်နားရန်နေရာ၊ စားသောက်အနားယူရန်နေရာ၊ ရေကူးရန်နေရာ၊ အပန်းဖြေရန်နေရာ၊ ကလေးများအတွက် လွတ်လပ်ပျော်ရွှင်စွာ ဆော့ကစားနိုင်သည့် ကစားကွင်းများနှင့် လက်ဆောင်ပစ္စည်း ဝယ်ယူရန်နေရာများ ပါဝင်သော  Recreation Center (ဘက်စုံအပန်းဖြေစခန်း) တစ်ခုအဖြစ် ဝန်ဆောင်မှု ပေးနိုင်ရန် ရည်ရွယ်၍ဆောင်ရွက်ခဲ့သလို လာရောက် အပန်းဖြေသူများ ကျန်းမာရေးနှင့် ညီညွတ်၍ စိတ်ကြည်လင်စွာ အပန်းဖြေနိုင်ရေး အတွက်လည်း ပွဲကောက်ရေတံခွန်အတွင်း စီးဝင်လာသော ဂဲလောင်ချောင်းအတွင်းမှ အမှိုက်သရိုက်များ၊   စွန့်ပစ်ပစ္စည်းများ၊  ပလတ်စတစ်များ ပါရှိမှုမရှိစေရေး    အဆင့်သုံးဆင့်ပါ ခေတ်မီသဘာဝ ရေစစ်ကန်အား ဆောင်ရွက်ထားရှိသည်ကိုလည်း တွေ့ရပါတယ်။ ရေစစ်ကန်အတွင်း ချောင်းရေဖြတ်သန်း ဝင်ရောက်ရန်အတွက် ရေစစ်ကန် အထက် ပေ ၆၉ဝ အကွာတွင် Inlet Chambe တည်ဆောက်၍ အဖွင့်/အပိတ်ဘား တပ်ဆင်ပြီး ၁၈ လက်မ  HDPE Pipe Line ဖြင့် ရေဝင်ရောက်နိုင်ရန် Gravity အသုံးပြု ဆောင်ရွက်ထားကြောင်း သိရပါတယ်။

ထို့ပြင်  မြန်မာနိုင်ငံတွင်  ပထမဆုံး  LED  မှန်တံတားကိုလည်း ကမ္ဘာ့အဆင့်မီစွာဖြင့် ထည့်သွင်းဆောက်လုပ်ထားကာ မှန်တံတားအောက်ခြေ ရှုခင်းများကို ရင်ခုန်စိတ်လှုပ်ရှားစွာ ခံစားနိုင်မှာဖြစ်ပါတယ်။

ပြင်ဦးလွင်မြို့သည် ပန်းမြို့တော်၊ ခရီးသွားမြို့တော် ဖြစ်သည်နှင့်အညီ ပန်းမျိုးစုံကို စိုက်ပျိုးထားရှိပြီး နှစ်စဉ်ပန်းပွဲတော်များကိုလည်း ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရပါတယ်။ လာရောက်လည်ပတ်သူများ စိတ်အပန်းပြေစေရန် ရည်ရွယ်၍ အဆင့်မြှင့်တင် ဆောင်ရွက်ထားပြီး မှန်တံတား၊ ကြိုးတံတားများအပြင် Log house? Coffee shop၊ တောတွင်းလျှောက်လမ်းများ၊ အပန်းဖြေနေရာများ၊ ကလေးကစားကွင်းများ စသည်တို့ကို ပြည့်စုံအောင် ထည့်သွင်းအဆင့်မြှင့်တင် ထားရှိသည့်အပြင် လုံခြုံရေးနှင့် ကူညီကယ်ဆယ်ရေး အတွက်လည်း အသေးစိတ်ပြင်ဆင် ဆောင်ရွက်ထားရှိ တာကိုတွေ့ရပါတယ်။

ပြင်ဦးလွင်မြို့ သာယာလှပရေး၊ ကုန်ထုတ်လုပ်မှုများ စိုက်ပျိုးမွေးမြူရေးနှင့် ခရီးသွားလုပ်ငန်းများ တိုးတက်စေရေးအတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိရာတွင် ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (B.E FALLS) ကိုလည်း အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းက ပြင်ဦးလွင်မြို့ ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း  (B.E FALLS) အဆင့်မြှင့်တင် ဖွင့်လှစ်ခြင်း အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပြီး ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (B.E FALLS) မုခ်ဦးဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ပြည်တွင်း/ပြည်ပ ခရီးသွားများ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြီးလည်း ကူးစက်မှု လျော့နည်းလာတာကြောင့် အချိန်နည်းနည်း ပိုပေးပြီး မြန်မာနိုင်ငံ၏ အထင်ကရမြို့တစ်မြို့ဖြစ်သည့် ပြင်ဦးလွင်မြို့သို့  လှမ်းလာခဲ့ဖို့ဖိတ်ခေါ်ချင်ပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလတွင် အများပြည်သူရုံးပိတ်ရက်များလည်း ရှိသဖြင့် ပြင်ဦးလွင်မြို့သို့   လာရောက်လည်ပတ်ရင်း အဆင့်မြှင့်တင်ပြီး ဖွင့်လှစ်ထားသည့် လှပဆန်းကြယ်  ပွဲကောက်ရေတံခွန် သို့မဟုတ B.E FALLS သို့ အလည်တစ်ခေါက် လာရောက်လည်ပတ် အပန်းဖြေနိုင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။   ။